backup og meta

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း

    ကျွန်တော်တို့လူသားများရဲ့ ကျန်းမာရေးကိစ္စအ၀၀ကို ကြိုးကိုင်ထားတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ ကျန်းမာရေးကဏ္ဍကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိသလဲဆိုတာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ

    ရာသီဥတုပြောင်းလဲခြင်းဆိုတာကတော့ ရေရှည်ပုံစံနဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲလာခြင်း စတာတွေ ဖြစ်ပါတယ်။ အပူချိန်ြမင့်တက်လာခဲ့ရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေဒေသရဲ့ ဂေဟစနစ်တွေ ပျက်စီးလာပါလိမ့်မယ်။ အရေးကြီးတဲ့ တိရစ္ဆာန်မျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ပျက်စီးရင် အဲဒီအပေါ်မှီခိုနေတဲ့ လူသားတွေကိုပါ ထိခိုက်မှု ဖြစ်လာပါတယ်။

    ဖြစ်ပွားရသည့်အကြောင်းအရင်း

    လူသားတွေ စက်မှုလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ် စွန့်ပစ်ပစ္စည်းတွေ အများအပြား စွန့်ထုတ်လာပါတယ်။ လောင်စာများ ပိုမိုလောင်ကျွမ်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် မှန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေတဲ့ တခြားဓါတ်ငွေ့တွေ ပိုမိုထွက်ရှိလာပါတယ်။ အဲဒီအခါ ကမ္ဘာ့အောက်ခြေလေထုဟာ ယခင်ထက်ပူနွေးပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပါတယ်။

    လူသားတို့အပေါ် အကျိုးသက်ရောက်မှု

    လေထုညစ်ညမ်းခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊ ဘေးကင်းစိတ်ချရသော အစားအစာများ ချို့တဲ့လာခြင်း စတာတွေဟာ ကျန်းမာရေးပြဿနာများရဲ့ ရင်းမြစ်ဖြစ်ပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ လူသားတွေရဲ့ကျန်းမာရေးအပေါ် သိသိသာသာ ထိခိုက်နိုင်ပါတယ်။ ကူးစက်ရောဂါတွေ ပျံ့နှံ့စေခြင်း၊ စိတ်ကျန်းမာရေးပြသနာ ပိုမိုဆိုးရွားလာခြင်း စတာတွေအပါအဝင် ပြသနာပေါင်းစုံကို ဦးတည်လာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။

    အပူချိန်လွန်ကဲစွာ မြင့်မားလာခြင်းနဲ့ မကြာခဏရေကြီးရေလျှံခြင်းဟာ ရောဂါတွေ၊ ထိခိုက်ဒဏ်ရာရခြင်းတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဥရောပပညာရေးသိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့ (EASAC) က ဆိုပါတယ်။

    ဒါ့အပြင် EASAC အဖွဲ့ရဲ့ အစီရင်ခံစာအရ အောက်ပါအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

  • စိတ်ကျန်းမာရေးဆိုးရွားလာခြင်း။ ရာသီဥတုပူနွေးခြင်း၊ တောမီးလောင်ခြင်း၊ လေထုညစ်ညမ်းခြင်း စတာတွေဟာ ထိခိုက်မှုအပြီး စိတ်ဖိစီးမှုဝေဒနာ (PTSD)၊ စိတ်ပူပန်ခြင်း၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးခြင်း၊ စိတ်ကျခြင်း စတာတွေကို ဖြစ်လာစေနိုင်ပါတယ်။
  • ရုပ်ပိုင်းဆိုင်ရာ ရောဂါများ ထူပြောလာခြင်း။ ရာသီဥတုအပူချိန်ဟာ အနည်းငယ်မြင့်တက်ရုံနဲ့တင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားမှုကို ပိုမိုမြင့်မားစေတယ်လို့ သိရပါတယ်။
  • ခြင်မှတဆင့်ကူးစက်သော ရောဂါများ ပြန့်ပွားခြင်း။ ဥပမာ – ရာသီဥတု အပူချိန်ပြောင်းလဲလာခြင်းဟာ သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်တဲ့ခြင်ကို ပိုမိုများပြားလာစေခြင်း ဖြစ်ပါတယ်။
  • ရာသီဥတုအခြေအနေဟာ ငှက်ဖျားရောဂါအပေါ် သက်ရောက်မှုရှိပါတယ်။ ငှက်ဖျားရောဂါဖြစ်စေတဲ့ အနောဖလိခြင်ဟာ နှစ်စဉ် လူလေးသိန်းခန့်ကို သေဆုံးစေပြီး ပူနွေးတဲ့နေရာမှာ ပိုမိုပေါက်ပွားပါတယ်။

    နောင်အလားအလာ

    လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့နေရာအသီးသီးက အပူချိန်တွေဟာ လက်ရှိပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်စီးယပ်မြင့်မားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏကို ရောက်လာတဲ့အခါ ကမ္ဘာ့လူဦးရေ သန်း ၃၅၀ ခန့်ဟာ အပူဒဏ်ကို ထိခိုက်ခံစားရပြီး အလုပ်လုပ်ကိုင်နိုင်စွမ်းပါ ကျဆင်းလာစေမယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ် ဥရောပမှာ အပူလှိုင်းဖြတ်စဉ်ကလည်း လူပေါင်း ၇၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဝတ်ဆံဝတ်မှုန်များနဲ့ ညစ်ညမ်းလေထုထဲက ဓါတ်မတည့်ပစ္စည်းများဟာလည်း အပူချိန်မြင့်လာရင် ပိုမိုများပြားလာပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း သန်း ၃၀၀ ကျော်ကို ဒုက္ခပေးနေတဲ့ ရောဂါဖြစ်ပါတယ်။

    WHO အဖွဲ့ကြီးရဲ့အဆိုအရ သက္ကရာဇ် ၂၀၃၀ ကနေ ၂၀၅၀ အတွင်း ရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွယ်ပြီး တစ်နှစ်ကို လူပေါင်း ၂သိန်းခွဲခန့် ပိုမိုသေဆုံးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အာဟာရချို့တဲ့ခြင်း၊ ငှက်ဖျား၊ ဝမ်းပျက်ခြင်း၊ အပူဒဏ်ခံရခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

    ကာကွယ်ရန်နည်းလမ်းများ

    အားလုံးဝိုင်းဝန်းဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်၊ ဖန်လုံအိမ်အာနိသင်ကိုဖြစ်ပေါ်စေမယ့် ကိစ္စရပ်တွေကို ရှောင်ရှားရပါမယ်။ စွမ်းအင်ကို ချွေတာသုံးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို လျှော့ချခြင်း စတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနများမှ အခါအားလျော်စွာ ထုတ်ပြန်တဲ့ သတင်းနဲ့ညွှန်ကြားချက်တွေကိုလိုက်နာသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement