backup og meta

အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် အကျိုးရှိတဲ့ ကာယလေ့ကျင့်ခန်းများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် အကျိုးရှိတဲ့ ကာယလေ့ကျင့်ခန်းများ

    အသက်၅၀ကျော် လူကြီးတွေမှာ အဆစ်အမြစ်တွေကိုက်ခဲရောင်ရမ်းတာမျိုး တအားကို ဖြစ်လွယ်လာကြပါတယ်။ အကြောင်းအရင်း အရကတော့ အမျိုးမျိုးပေါ့လေ။ အဆစ်အမြစ်ရောင်ရမ်းခြင်း အမျိုးအစား ၁၀၀ကျော် ရှိတဲ့ထဲကမှ ဥပမာတချို့ ဖော်ပြရရင် သွေးလေးဖက်နာ (rheumatoid arthritis)၊ အရိုးအဆစ်ယိုယွင်းရောင်ရမ်းခြင်း (osteoarthritis)၊ ကလေးသူငယ် လေးဖက်နာ (juvenile arthritis) နဲ့ ရောဂါပိုးကြောင့် ဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း (infectious arthritis)၊ ဗိုက်တာမင် ဒီ နဲ့ ထုံးဓာတ် ( calcium ) ဓာတ် ချို့တဲ့ လို့ ဖြစ်တဲ့ အရိုးပါးအရိုးပွ ( osteroporosis) ၊ အရွတ်ကအဆီတွေ ခမ်းလို့ ဖြစ်တဲ့ အဆစ်အမြစ်နာကျင်မှုမျိုးတွေ ၊ ကိုယ်နေဟန်ထားမမှန်တာ ထုံးဓာတ်များတာ ကြောင့်ဖြစ်နိုင်တဲ့ ကျီးပေါင်း (spondylosis) နဲ့ uric acid များလိုဖြစ်တဲ့ အဆစ်မြစ်ရောင် ဂေါက်ရောဂါ ( Goutty arthritis ) စတာတွေကတော့ အားလုံး ရင်းရင်းနှီးနှီးကြားဖူးနေကြရောဂါတွေပေါ့။

    သည်ရောဂါတွေ အကြောင်း တစ်ခု စီ အသေးစိတ်ရှင်းပြဦးမှာပါ။ မရှင်းပြခင် ဒီလို

    အဆစ်အမြစ်ရောင်ရမ်းတဲ့ လူနာတွေမှာ ရှိနေတတ်တဲ့ အငြင်းပွါးစရာ အယူအဆ အမှား တစ်ခုအကြောင်း အရင် ပြောပြချင်ပါတယ်။ အဲဒါကတော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ပိုဆိုးလာမယ်ဆိုတဲ့ အယူအဆပါ။ သည်ရောဂါရှိရင်ကို လေ့ကျင့်ခန်း လုပ်မရတော့ဘူး ဆိုတာက တကယ်တော့ အစွန်းရောက်တဲ့ အတွေးအခေါ်ပါပဲ။ ရောဂါ အခြေအနေသိပ်ဆိုးနေရင်တော့ ဆရာဝန်က နားကောင်းနားခိုင်းမှာပေါ့လေ။ တကယ်တော့ လေ့ကျင့်ခန်း မလုပ်ခြင်းက အဆစ်ရောင်တာကို ပိုဆိုးစေပြီး အဆစ်အမြစ်ပုံပျက်ကာ ရောဂါအခြေအနေကို ပိုပြီး ဆိုးလာစေနိုင်ပါတယ်။ ဆိုတော့ သည်နေရာမှာ အရေးကြီးတာက ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ဖို့ သင့်တော်သလဲဆိုတာပါပဲ။

    ၁။ အကွေးအဆန့်လေ့ကျင့်ခန်းတွေ

    ဟန်ချက်ညီဖို့နဲ့ ကိုက်ခဲနာကျင်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။ ကုလားထိုင်မှာ ထိုင်နေရင်းနဲ့ကိုပဲ ဒူးကိုအကွေးအဆန့်လုပ်ပေးတာမျိုး၊ အိပ်နေရင်းနဲ့ ဒူးကို အကွေးအဆန့် ကစားပေးတာမျိုး ကနေစလို့  လက်ချောင်းတွေ၊ ခြေချောင်းတွေကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ပေးတာ၊ လက်ကောက်ဝတ်အဆစ်လှည့်ပေးတာမျိုး အထိ ပါဝင်မှာပါ။

    ၂။ သွေးပူလေ့ကျင့်ခန်းတွေ

    အကောင်းဆုံးလေ့ကျင့်ခန်းကတော့  လမ်းလျှောက်ပေးတာပါပဲ။နေ့တိုင်း ခပ် ဖြည်းဖြည်းလမ်းလျှောက်ပေးတာဟာ အဆစ်အမြစ်ရောင်ရမ်းမှုအတွက် အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံး တစ်ပတ်မှာ သုံးကြိမ်၊ မိနစ် ၃၀ခန့် ခပ်ဖြည်းဖြည်း လမ်းလျှောက်ပေးခြင်းက ခြေလက်များကို သန်မြန်အောင် ကူညီပေးနိုင်ပြီး ဒူးနဲ့ တင်ပါးအရိုးအဆစ်တွေမှာ ဖူးရောင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ တခြားသွေးပူလေ့ကျင့်ခန်းတွေ အနေနဲ့တော့ ရိုးရိုး ခြေထောက်မြှောက်ခြင်း၊  ပေါ့ပေါ့ပါးပါး ခါးကိုင်းပြီး လက်နဲ့ ခြေချောင်းကို ထိခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ သည်လေ့ကျင့်ခန်းတွေက ဟန်ချက်ပိုထိန်းနိုင်လာစေပြီး အဆစ်လွဲစေမယ့် ဖြစ်နိုင်ခြေတွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်မယ့် မြေနေရာက မြေပြင်ညီဖြစ်နေဖို့လိုပါတယ်။

    ၃။   ရေကန်ထဲမှာ ကစားပါ

    ရေကူးကန် ခပ်တိမ်တိမ်ထဲမှဆို ထိခိုက်ဒဏ်ဖြစ်နိုင်ချေ နည်းတာကြောင့် ရေထဲ လေ့ကျင့်ခန်းလုပ်ခြင်းက အဆစ်အမြစ်ရောင်လူနာများအတွက် ကောင်းပါတယ်။ နာတာရှည် အဆစ်အမြစ်ရောင်ရမ်းတဲ့ လူနာတွေအတွက် အလွယ်ကူဆုံးကတော့ ရေထဲလမ်းလျှောက်လိုက်ရုံ  ဒါမှမဟုတ် မိနစ် ၂၀ – ၃၀ ခန့် ရေထဲဆော့ကစားလိုက်ရုံပါပဲ။ ခြေလက်တွေအတွက် ခွန်အားနဲ့ ခံနိုင်ရည် တည်ဆောက်ဖို့ အရမ်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဟန်ချက်ညီညီလှုပ်ရှားထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ကိုယ်ခန္ဓာကို မျောနေစေပြီး သက်တောင့်သက်သာနေလိုက်ရုံပါပဲ။

    ၄။   ယောဂကျင့်စဉ်

    ယောဂ မှာ အဓိက က ဖြည်းဖြည်းမှန်မှန်လှုပ်ရှားရပြီး တစ်ကိုယ်လုံးကို ဆွဲဆန့်အကြောလျှော့တာမို့ နာကျင်မှုတွေ ဒဏ်တွေ သက်သာစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ မတ်တပ်ရပ်ရင်း ခြေထောက်မြောက်ခြင်း၊ ပုခုံးအပေါ်မြေှာက်ခြင်း တို့ဟာ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြပြီး ကိုယ်ခန္ဓာ ပျော့ပျောင်းအောင် ထိန်းရာမှာ ကူညီပေးနိုင်ပါတယ်။ ယောဂကျင့်စဉ်တွေဟာ ကိုယ်ခန္ဓာလှုပ်ရှားမှုကို ချော​မွေ့စေတဲ့အပြင်ကို ယ်တွင်းအင်္ဂါများ ပုံမှန် အလုပ်လုပ်နိုင်စေဖို့  အထောက်အကူပေးပါတယ်။

    လေ့ကျင့်ခန်းလုပ်တဲ့အခါ သတိပြုရမှာကတော့

    မခံနိုင်အောင်နာတဲ့ကြားက အတင်းဖိအားပေးပြီး ဇွတ်မလုပ်ပါနဲ့။ သိပ်နာရင် ကြားမှာ တစ်ရက်လောက် အနားယူလိုက်တာက ပိုအဆင်ပြေပါတယ်။

    လေ့ကျင့်ခန်းလုပ်တာကနေ ပြန်ကောင်းလာဖို့ အထိက အချိန်ယူရပါတယ်။ ချက်ချင်း သိသာလာမှာ မဟုတ်လို့ ဖြည်းဖြည်းချင်း ဇွဲရှိရှိ ဆက်တိုက်လုပ်ပေးသွားဖို့ အကြံပေးပါရစေ။

    ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – နှင်းနုအေး

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement