backup og meta

လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် ပြန်ဝ လာသလား

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


06/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် ပြန်ဝ လာသလား

    လေ့ကျင့်ခန်း မလုပ်ချင်ရတဲ့ အကြောင်းရင်းကို မေးကြည့်လိုက်ရင် ပြန်ဖြေတတ်ကြတာက “ လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် ပြန်ဝ လာမှာ စိုးလို့ပါ”တဲ့။ တချို့ဆို ဒီတိုင်းနေနေတုန်းက အကောင်းသား။ လေ့ကျင့်ခန်းလုပ်ပြီး နားလည်း နားလိုက်ရော အရင်ကထက်တောင် ပိုဝလာပါသတဲ့။ ဒါက အမှန်ပဲလား။ ဒီလိုဆို လေ့ကျင့်ခန်း မလုပ်တာကတောင် ပိုကောင်းနေမလားပဲ။

    လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် ပြန်ဝ လာတာ ဘာကြောင့်လဲ

    သဘောတရားက ရှင်းပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ ကယ်လိုရီလောင်ကျွမ်းပြီး ခန္ဓာကိုယ်က အဆီပိုတွေ ကျသလို ကိုယ်အလေးချိန်လည်း ကျပါတယ်။ ခန္ဓာကိုယ်က metabolismကိုလည်း မြှင့်ထားပါတယ်။

    လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်တဲ့ အခါကျတော့ ကယ်လိုရီ လောင်စရာမရှိတော့ စားသမျှက ဝိတ်တက်ပါတော့တယ်။ တချို့ဆို လေ့ကျင့်ခန်းလုပ်တဲ့အချိန်တုန်းက ကယ်လိုရီလောင်တာကို ကာမိအောင် ပိုစားတတ်တဲ့ အကျင့်က လေ့ကျင့်ခန်း ရပ်လိုက်တဲ့အချိန်ထိ ပါသွားတာကြောင့် အရင်ကထက်တောင် ပိုဝလာပါသေးတယ်။

    လူတိုင်း ဒီလိုဖြစ်မှာလား

    လေ့ကျင့်ခန်း ရပ်လိုက်တာနဲ့ နေ့ချင်းညချင်း ပြန်ဝလာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတိုင်း ဆက်သွားရင်တော့ ဝနိုင်ခြေ ရှိပါတယ်။

    လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်တာခြင်းအတူတူ တချို့က ဝလာပြီး တချို့က ဒီတိုင်းလေးဆိုသူတွေလည်း ရှိပါတယ်။ ဒါက သူတို့ရဲ့ စားသောက်နေထိုင်ပုံတွေကြောင့်ပါ။

    အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်ပေမယ့် ကိုယ်က အစားအသောက်ကို ဆင်ခြင်မယ်။ Gymမှာလို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ရင်တောင် အိမ်မှာ အပေါ့စား လေ့ကျင့်ခန်းတွေ ဆက်လုပ်မယ်။ အနည်းဆုံးတော့ အထိုင်မများစေဘဲ လှုပ်လှုပ်ရှားရှားနေမယ်ဆိုရင် ကိုယ်အလေးချိန် ပြန်တက်လာမှာ မဟုတ်ပါဘူး။

    ဒီလိုမဟုတ်ဘဲ Gym ဆော့တုန်းကအတိုင်းပဲ စားမယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းသွားမယ်ဆိုရင်တော့ ပြန်ဝလာဖို့ အသေအချာပါပဲ။

    လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်ပေမယ့် ပြန်မဝစေဖို့

    အကြောင်းအမျိုးမျိုးကြောင့် Gymဆော့တာကို နားလိုက်ရတယ်။ ဒါမှမဟုတ် ပုံမှန်မသွားဖြစ်တော့ဘူး။ ဒါပေမယ့် ပြန်လည်း ဝမလာချင်ဘူးဆိုရင် အောက်က နည်းလမ်းတွေကို လိုက်နာကြည့်ပါ။

    • အစားအသောက်ကို ဂရုစိုက်ပါ။

    Gym ဆော့တုန်းကလို စားလို့ မရတော့ပါဘူး။ Gym ဆော့တုန်းက စားတာကို ပြန်လောင်နိုင်ပေမယ့် လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် လောင်ကျွမ်းစရာ မရှိတော့တာကြောင့် လျှော့စားရမှာပါ။

    ဘယ်လောက်လျှော့စားရမလဲဆိုတာကိုတော့ တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်ကို တွက်ချက်ပြီး စားရမှာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ ကိုယ့်ရဲ့ အခြေခံကယ်လိုရီလိုအပ်ချက်ရယ်၊ ကိုယ်လှုပ်ရှားသလောက် သုံးရမယ့် ကယ်လိုရီရယ်ကို ‌တွက်ပြီး စားရမှာ ဖြစ်ပါတယ်။ ဒီထက်ပိုရင် ဝလာနိုင်ပါတယ်။

  • နိုင်သလောက် လေ့ကျင့်ခန်း ပြန်လုပ်ပါ။
  • Gymမသွားဖြစ်တော့ဘူး ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်ရတယ်ဆိုရင်တောင် လုံးဝနားလိုက်တာမျိုးတော့ ရှောင်ပါ။

    အနည်းဆုံးတော့ လမ်းများများလျှောက်ပါ။ အိမ်မှာ အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ပါ။ အလေးတုံးလေးတွေ၊ elastic bandတွေ ဝယ်ပြီး တစ်ရက်ကို ၁၀မိနစ်၊ ၁၅မိနစ်လောက် ကစားပါ။

    အထူးသဖြင့် ကိုယ်က အစားလျှော့ဖို့ ခက်တယ်ဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းကို အားပြုရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုဆိုရင် ၁၅၀ မိနစ်၊ ပြင်းထန်ကိုယ်လက်လှုပ်ရှားမှုဆိုရင် ၇၅မိနစ် လုပ်ပေးပါ။ အနည်းဆုံးတော့ တစ်ရက် နာရီဝက်လမ်းလျှောက်ပါ။

    • ရေများများသောက်ပါ။

    ရေငတ်တဲ့အခါ ဗိုက်ဆာတာနဲ့ အချက်ပြတတ်တော့ မလိုအပ်ဘဲ အစားတွေ ပိုစားမိတတ်ပါတယ်။ နေ့စဉ် ရေ ၂-၃လီတာလောက် သောက်ပါ။ အချိုရည်တွေကို ရှောင်ပါ။

  • အိပ်ရေးဝဝ အိပ်ပါ။
  • အိပ်ရေးပျက်ရင် metabolismတွေ ကမောက်ကမဖြစ်တာကြောင့် ဝဖို့ လွယ်ပါတယ်။ ညမအိပ်လေလေ ဗိုက်ဆာလေလေ စားမိလေလေပါ။ တစ်ညကို အနည်းဆုံး ၇နာရီလောက် ပြည့်အောင်အိပ်ပါ။ စောစောအိပ်ပါ။

    အကြံပြုချက်

    လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် ပြန်ဝသလားဆိုတော့ ဝနိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကို ဆင်ခြင်ပြီး ဒီပြဿနာကို ရှောင်လို့ ရပါတယ်။ ပြန်ဝမှာစိုးလို့ဆိုပြီး အစတည်းက လေ့ကျင့်ခန်း မလုပ်ဘူးဆိုတာကိုတော့ ရှောင်ပါ။
    လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာအပြင် ခန္ဓာကိုယ်ကိုပါ ကျန်းမာစေပါတယ်။ လေ့ကျင့်ခန်း ရပ်လိုက်ပြီးရင်  ပြန်မဝအောင် လုပ်ပေးနိုင်တဲ့ နည်းတွေ ရှိတာကြောင့် ရဲရဲကြီး လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    06/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement