backup og meta

ကယ်လိုရီ လောင်ကျွမ်းအောင် Gym သွားဖို့တောင် မလိုပါဘူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကယ်လိုရီ လောင်ကျွမ်းအောင် Gym သွားဖို့တောင် မလိုပါဘူး

    Gym သွားရမှာ ပျင်းနေလား ဒါမှမဟုတ် ပိုက်ဆံကုန်မှာ နှမျောနေလား။ လေ့ကျင့်ခန်း မဟုတ်တဲ့ လှုပ်ရှားမှုတွေ နဲ့ လည်း ကယ်လိုရီ လောင်ကျွမ်းအောင် လုပ်လို့ ရပါတယ်နော်။ အိမ်မှာနေရင်း ပိစိပွစ အလုပ်လေးတွေနဲ့ အဆီကျအောင် လုပ်လို့ရတယ် ဆိုတာ သိရင် ဘတ်ဂျက်လည်းမထိ အပြင်သွားဖို့လည်း မလိုတော့ဘူးပေါ့။

    ဒါ့ကြောင့်ပဲ ဇိမ်ခံပစ္စည်းတွေ မရှိသေးတဲ့ ဟိုခေတ်က အိမ်ရှင်မတွေ အားကစားလုပ်ထားသလို ဗိုက်ချပ်၊ ကျစ်လျစ်၊ လှပနေတာပေါ့။ သနပ်ခါး သွေးနေရင်းကို လက်မောင်းလေ့ကျင့်ခန်း ဖြစ်နေသလိုမျိုး။

    ကယ်လိုရီ လောင်ကျွမ်းစေမယ့် အိမ်အလုပ်တွေ အကြောင်း သိထားပြီးသား ဖြစ်ရင်ဖြစ်နေနိုင်ပေမယ့် ပိုပြီး မိုတီဗေးရှင်း ရအောင် ဖတ်ကြည့်လိုက်ပါဦး …

    (၁) တံမြက်စည်း လှည်း မယ်၊ ဖုန်စုပ်မယ်

    ဖုန်စုပ်စက်နဲ့ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်တာ ဒါမှမဟုတ် တံမြက်စည်း လှည်းတာက ကယ်လိုရီ အများကြီး လောင်ကျွမ်းစေနိုင်တဲ့ လှုပ်ရှားမှု ပါပဲ။

    နာရီဝက်လောက် တံမြက်စည်းလှည်းလိုက်တဲ့အခါ ကိုယ်က ပေါင် ၁၂၀ ရှိနေရင် ၉၉ ကယ်လိုရီ ဒါမှမဟုတ် ကိုယ်က ပေါင် ၁၅၀ ဆိုရင် ၁၂၄ ကယ်လိုရီ၊ ကိုယ်က ပေါင် ၂၀၀ ဆို ၁၆၆ ကယ်လိုရီနှုန်း လောင်ကျွမ်းစေနိုင်ပါတယ်။

    ဒီအလုပ်လုပ်ရင်း ကတာ၊ ခန္ဓာကိုယ် ပိုလှုပ်ရှားတာ ရှိရင် ပိုပြီးတောင် ထိရောက်ပါသေးတယ်။ သီချင်းလေး တအေးအေးနဲ့ စည်းချက်လိုက်လို့လည်း ရပါတယ်နော်။

     (၂) ကားဆေးမယ်

    ကားဆေးတဲ့ ဆားဗစ်တွေ သွားအပ်ရင် သက်သာပေမယ့် ကိုယ်တိုင်လုပ်တော့ ငွေလည်း မကုန်တော့ဘူး၊ Gym ဖိုး သက်သာတော့ တစ်ချက်ခုတ် နှစ်ချက်မပြတ်ဘူးလား။

    ကိုယ်တိုင် ကားဆေးတဲ့ အမျိုးသားတွေဟာ နာရီဝက်ကြာ ကားဆေးလိုက်တိုင်း ဥပမာအနေနဲ့ ၁၃၅ ကယ်လိုရီ(၁၂၅ ပေါင် ရှိရင်) ဒါမှမဟုတ်  ကယ်လိုရီ၂၀၀ (၁၈၅ ပေါင်ရှိရင်) လောင်ကျွမ်းစေနိုင်တဲ့နှုန်းရှိပါတယ်။

    (၃) ကလေးတွေနဲ့ ကစားမယ်

    သူငယ်ပြန်ပြီး တခြားကလေးတွေ နဲ့ ထွက်ကစားဖို့တော့ မဟုတ်ဘူးနော်။ ကိုယ့်ရဲ့ သားသမီးလေးတွေ ဒါမှမဟုတ် ကလေးမရှိရင် တူ၊ တူမလေးတွေနဲ့ဖြစ်ဖြစ် အတူကစားပေးလို့ရတာပဲလေ။ ပြောရရင် ကလေးထိန်းတာလည်း ဒီအချက်မှာ ဘောင်ဝင်တာပေါ့။

    ကလေးတွေနဲ့အတူ လှုပ်ရှားဖြစ်တဲ့အခါ နာရီဝက်ကြာတိုင်း ကယ်လိုရီ၁၂၀ ကနေ ၂၀၀ လောက်အထိ အေးဆေး လောင်ကျွမ်းစေနိုင်ပါတယ်။

    (၄) အိမ်ရှေ့ အမှိုက်ရှင်းမယ်

    အိမ်ရှေ့ ဒါမှမဟုတ် ခြံဝင်းထဲမှာ သစ်ရွက်နဲ့ အမှိုက်တွေ လှည်းကျင်းတာ၊ သန့်ရှင်းရေးလုပ်တာ ကလည်း သင့်ရဲ့ ကယ်လိုရီတွေကို နှစ်ဆ ပိုလောင်ကျွမ်းစေနိုင်ပါတယ်။

    (၅) ပန်းကန် အိုးခွက် တွေ ဆေးမယ်

    စားပြီး ဘေစင်မှာ ထိုးထားလိုက်တာမျိုးထက် ကိုယ်တိုင်ဆေးကြောတာ၊ ချက်ပြုတ်ပြီးတဲ့ အခါလည်း မီးဖိုချောင်မှာ ဆေးကြောသန့်စင်တာ၊ နေရာပြန်ချ ရှင်းလင်းတာတွေက အိမ်ရှင်မတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ပါပဲ။ အရမ်းအကြာကြီး မလိုပါဘူး။ မိနစ် ၃၀ လောက် လှုပ်ရှားနေရင်းနဲ့ ကယ်လိုရီ၂၀၀၊ ၃၀၀ လောက်အထိ လောင်ကျွမ်းနိုင်တယ် ဆိုတာ မမိုက်လွန်းဘူးလား။

    (၆) အိမ်ရှင်းမယ်

    စတိုခန်းထဲ ဒါမှမဟုတ် အခန်းထောင့်တွေမှာ မထိဘဲ ပစ်ထားတဲ့ အထုပ်တွေ၊ ဘူးပလုံးတွေ ပြန်ဖြည်ကြမယ်။ အချိန်အားတာနဲ့ ဒါတွေကို ကြည့်ပြီး အသုံးမလိုတာတွေ လွှင့်ပစ်၊ လိုတာ ပြန်သုံး၊ နေရာပြန်ချရင်း အဆီချလိုက်ပါ။ ဟိုပစ္စည်း ဒီရွှေ့၊ ဒီပစ္စည်း ဟိုရွှေ့နဲ့ တင် ကယ်လိုရီအတော် လောင်ကျွမ်းမှာ သေချာပါတယ်။

    (၇) အပင်စိုက်မယ်

    အပင်လေးတွေ စိုက်မယ်၊ မြက်နဲ့ပေါင်းပင် နုတ်တာနဲ့တင် ကယ်လိုရီ၁၃၀ ကနေ ၂၀၀ ကျော် ထိ လောင်ကျွမ်းစေနိုင်တယ်။

    စိတ်ဖိစီးမှုတွေလည်း သက်သာစေတယ်၊ အဆီလည်းကျမယ်၊ ပန်းပင်လေးတွေနဲ့ အလှဆင်နိုင်မယ်၊ သီးပင်စားပင်လေးတွေ ဆိုလည်း အချက်အပြုတ်မှာ အသုံးဝင်တယ်။ ဘယ်လောက် ကောင်းလိုက်သလဲ။

    (၈) ကြမ်းတိုက်မယ်

    ကြမ်းသုတ်ဝတ်သုံးပြီး တိုက်တိုက်၊ ကြမ်းသုတ်တံ အရှည် နဲ့ပဲ တိုက်တိုက် တစ်ကိုယ်လုံး အဆီကျဖို့ လှုပ်ရှားမိတာတော့ အမှန်ပါပဲ။ ကြမ်းသုတ်ဝတ်နဲ့ တိုက်တာကတော့ ပိုထိရောက်တာပေါ့။ လက်၊ ခြေထောက်၊ ခါး လှုပ်ရှားမှု အနေအထား ကိုပဲ တွေးကြည့်လေ။ ယောဂ ပို့စ်တွေ နဲ့တောင် ဆင်နေသေး။

    ဒီနည်းတွေကို ယောကျာ်းလေးရော၊ မိန်းကလေးပါ လုပ်လို့ရတာမို့ အိမ်အလုပ်တွေ အတူတူလုပ်ကြပြီး အချင်းချင်းကူညီလေ့ရှိတဲ့ ဇနီးမောင်နှံတွေအတွက် ကွက်တိပဲ မဟုတ်လား။ လူလွတ်တွေ ဆိုလည်း မိဘကို ကူညီ၊ ကိုယ့်အိမ်ကိုယ် သန့်ရှင်းသပ်ရပ်အောင် ထားလိုက်ရင် ပြီးရောပဲလေ နော်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement