backup og meta

နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

    အခုလို နွေရာသီ အချိန်ရောက်လာတဲ့အခါ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေဟာ အပူဒဏ်ကို အလွန့်အလူး ခံစားကြရပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာလည်း အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးမှုတွေ များလာတာကို တွေ့ရပါတယ်။

    နေပူအောက်မှာ အချိန်အကြာကြီး အလုပ်လုပ်တာ၊ နေရောင်ကို ကာကွယ်တဲ့ ပစ္စည်းတွေ အသုံးမပြုတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေကြောင့် အပူလျှပ်ခြင်း၊ သတိလစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလို ပူပြင်းတဲ့ ရာသီမှာ တတ်နိုင်သလောက် အပူဒဏ်ကို ရှောင်ပြီးနေကြဖို့၊ မိမိကိုယ်ကို ဂရုစိုက်ကြဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

     ဒါဆိုရင် ဒီလို နွေရာသီ မှာ လေ့ကျင့်ခန်းမလုပ်သင့်ဘူးလား။

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော ကိုယ်ကိုပါ ကောင်းကျိုးတွေ အများကြီးဖြစ်စေနိုင်ပေမယ့် ဒီလို ပူပြင်းလွန်းတဲ့ နွေရာသီမှာ လုပ်မယ်ဆိုရင်တော့ ဂရုမစိုက်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်အောင်၊ စိတ်ရော ကိုယ်ပါ ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်လို အချက်လေးတွေကို ဂရုစိုက်ပေးသင့်တယ်ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။

    ပူပြင်းတဲ့ နွေရာသီမှာ လေ့ကျင့်ခန်း လုပ်ဆောင်တဲ့အခါ

    ၁။ အပူဒဏ်သက်သာတဲ့ အချိန်မှာ လုပ်ပါ။

    မနက် ၁၀နာရီ လောက်ကနေ ညနေ ၃နာရီ၊ ၄ နာရီလောက်အထိဟာ တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန်တွေလို့ ပြောလို့ရပါတယ်။ ဒါ့ကြောင့် အဲဒီ အချိန်တွေကိုရှောင်ပြီး မနက်ခင်း စောစော ဖြစ်ဖြစ်၊ ညနေခင်းမှာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

    ၂။ အရိပ်ရပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ လုပ်ပါ။

    နေပူထိုးပြီး လှောင်ပိတ်နေတဲ့ အခန်းတွေ၊ အလုံပိတ်နေရာတွေမှာ လုပ်တာကို ရှောင်ကြဉ်ရပါမယ်။ အဲယားကွန်းတပ်ဆင်ထားတဲ့ အခန်းတွေ (သို့) အရိပ်လည်းကောင်းကောင်းရ၊ အေးမြပြီး  လေဝင်လေထွက်လည်း ကောင်းတဲ့ အခန်းတွေ၊ ပတ်ဝန်းကျင် တွေမှာ ရွေးချယ်ပြီး လုပ်သင့်ပါတယ်။

    ၃။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ။

    ဒီလို ပူပြင်းတဲ့ နွေရာသီ မှာ ခန္ဓာကိုယ်အပူချိန်ကို တက်လာစေနိုင်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ- ပြေးတာ၊ ကြိုးခုန်တာ) စတဲ့လေ့ကျင့်ခန်းတွေ လုပ်တာကို ရှောင်သင့်ပါတယ်။ ဒီလို အချိန်မှာ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကိုပဲ လုပ်ကြဖို့ အကြံပေးချင်ပါတယ်။

    ၄။ မကြာခဏ အနားယူပါ။

    လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမှာ ဆက်တိုက်အကြာကြီး အလွန်အကျွံ မလုပ်သင့်ပါဘူး။ ဆက်တိုက်လုပ်တဲ့ အခါမှာ ခန္ဓာကိုယ်အပူချိန်တွေ အများကြီးတက်လာပြီး မထိန်းညှိနိုင်တော့တဲ့အတွက် အန္တရာယ်ရှိပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်လုပ်နိုင်တဲ့ ပမာဏကို သိထားပြီး အဲဒီထက်ပို မလုပ်မိဖို့ လည်း အရေးကြီးပါတယ်။ အခုမှ လေ့ကျင့်ခန်းတွေကို စလုပ်တဲ့ သူတွေဆိုရင်တော့ ခန္ဓာကိုယ်က နေသားမကျသေးတဲ့အတွက် စစချင်းမှာ အများကြီးမလုပ်ဘဲ ဖြည်းဖြည်းချင်း စသင့်ပါတယ်။

    ၅။ အရည်များများသောက်ပါ။

    အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီ မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ချွေးတွေ အများကြီးထွက် လေ့ရှိပါတယ်။ အဲဒီအခါမှာ ရေနဲ့ ဆားဓာတ်တွေ ဆုံးရှုံးရပြီး ကြွက်တက်ခြင်း၊ မူးဝေခြင်းတွေ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ရေ နဲ့ ဓာတ်ဆားရည်တွေ များများ ပြန်လည်သောက်သုံးပေးဖို့က အရေးကြီးပါတယ်။

    ၆။ အဝတ်အစားကို သေသေချာချာရွေးချယ်ပါ။

    ဒီလို ရာသီမှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တော့ လုပ်တဲ့ အချိန်မှာ ဝတ်တဲ့အဝတ်အစားက အသားအေးပြီး ချောင်ချောင်လည်လည် အဝတ်အစားလေးတွေ ဖြစ်သင့်ပါတယ်။

    ဒီလို ပူပြင်းတဲ့ နွေရာသီ မှာ လူသားအားလုံး အန္တရာယ်ကင်းကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement