backup og meta

ရင်သွေးငယ်လေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သွေးငယ်လေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း

    လိပ်ခေါင်း (Hemorrhoids) ဆိုတာ ဘာလဲ။

    စအိုအတွင်းမှာ ရှိတဲ့ အညစ်အကြေး စွန့်ရာ လမ်းကြောင်း ရောင်ရမ်းခြင်းလို့ ဆိုနိုင်ပါတယ်။ လိပ်ခေါင်းမှာ အတွင်းလိပ် (Internal Hemorrhoids) နဲ့ အပြင်လိပ် (External Hemorrhoids) ဆိုပြီး ၂ မျိုး ရှိပါတယ်။ အတွင်းလိပ်ကတော့ စအိုအတွင်းမှာ ရောင်ရမ်းတာဖြစ်ပြီး အပြင်လိပ်ကတော့ စအိုထိပ် ပတ်လည်မှာ ရောင်ရမ်းနေတာပါ။ မကုသဘဲ ပစ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်ဆိုပေမယ့် ကုသပျောက်ကင်းဖို့လည်း လွယ်ကူတဲ့ ကျန်းမာရေး ပြဿနာထဲမှာ ပါပါတယ်။

    ပုံမှန် ကျွန်တော်တို့ ဝမ်းသွားတဲ့အခါမှာ စအိုလမ်းကြောင်းတွင်းမှာ ရှိတဲ့ တစ်ရှူးတွေသည် သွေးများဖြင့် ပြည့်နှက်ကာ ဖောင်းကြွလာပါတယ်။ ဒီတစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ လမ်းကြောင်းဟာ ဝမ်းသွားရ ချောမွေ့စေဖို့ ကူညီထိန်းချုပ်ပေးပါတယ်။ လိပ်ခေါင်းဖြစ်နေတဲ့ သူတစ်ယောက်အတွက် စအိုတွင်း တစ်ရှူးများမှာ သွေးစီးဆင်းမှုရော ဖိအားပါ ပြင်းထန်တဲ့အတွက် ပုံမှန်ထက် ပိုရောင်ကိုင်းလာပြီး ရှည်ထွက်လာနိုင်ပါတယ်။

    ဘယ်လိုလူတွေမှာ လိပ်ခေါင်း ပိုအဖြစ်များလဲ။

    တကယ်တော့ လိပ်ခေါင်းဆိုတာ သွေးပြန်ကြောတွေပါပဲ။ ဒီသွေးပြန်ကြောတွေ တင်းပြီး ဖောင်းလာမှသာ လိပ်ခေါင်းလို့ ခေါ်လိုက်တာပါ။ ကျန်းမာရေး ပြဿနာလို့ သတ်မှတ်ရအောင် ပြင်းထန်တဲ့ အခြေအနေမျိုးမှာမှ ဆရာဝန်နဲ့ ပြဖို့ လိုအပ်တာပါ။ ဒီ လိပ်ခေါင်း ပြဿနာကို ပိုဆိုးစေနိုင်တဲ့ ပြဿနာတွေကတော့

    ဝမ်းချုပ်ခြင်း

    ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

    • ဝမ်းသွားတဲ့အခါ အားအလွန် စိုက်ထုတ်ရခြင်း၊ ဝမ်းသွားရခက်ခြင်း

    အိမ်သာထဲ အကြာကြီး ထိုင်နေတတ်ခြင်း

    ကိုယ်ဝန်ဆောင်နေစဉ်

    • ကိုယ်အလေးချိန် တက်ခြင်း

    • စအိုဖြင့် လိင်ဆက်ဆံခြင်း တို့ကြောင့် ဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။

    လိပ်ခေါင်းသည် အသက်အရွယ် မရွေးဖြစ်ပွားနိုင်ပြီး အသက်ကြီးပိုင်းတွေမှာ နေထိုင် စားသောက်မှု ပုံစံ မှားယွင်းခြင်း၊ ကျန်းမာရေး ပြဿနာတွေကြောင့် ပိုအဖြစ်များပါတယ်။

    ကလေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း

    လူကြီးများနဲ့ ယှဉ်လိုက်ရင် လိပ်ခေါင်းဖြစ်တဲ့ ကလေးအရေအတွက်က အလွန်ကို နည်းပါတယ်။ ၅ နှစ်နဲ့ အထက် ကလေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း လက္ခဏာကတော့ လူကြီးတွေနဲ့ ပုံစံချင်း ဆင်တူပါတယ်။ ရင်သွေးငယ်လေးတွေအနေနဲ့ လိပ်ခေါင်း ရှိ၊ မရှိ စစ်မယ်ဆိုရင်

    • ဝမ်းမှာ အနီရောင်တောက်တောက် သွေးတွေ အမြဲလိုလို တွေ့နေတာ

    • ဘေဘီလေးရဲ့ စအိုဝကနေ အကျိအချွဲတွေ ထွက်နေတာ

    • ဝမ်းသွားနေတဲ့ အချိန်ဆို ကလေးက နာလွန်းလို့ အော်ငိုတာ

    • ဝမ်းက အပျော့ မဟုတ်ဘဲ မာပြီး ခြောက်နေတာ စတဲ့ လက္ခဏာတွေကို စစ်ကြည့်သင့်ပါတယ်။

    ရင်သွေးငယ်လေးတွေမှာ လိပ်ခေါင်းကို ဖြစ်နိုင်စေတဲ့ အဓိက အကြောင်းရင်းကတော့ ဝမ်းချုပ်တာပါပဲ။ ဒီတော့ ကိုယ့် ရင်သွေးလေး ဘာတွေ စားနေလဲ၊ မိခင်နို့ ကောင်းကောင်း စို့နိုင်ရဲ့လား၊ တခြား ဖြည့်စွက်စာ အနေနဲ့ အသီးအနှံ၊ အရွက်တွေ၊ နို့မှုန့်တိုက်ကျွေးတာရော ရှိလားဆိုတာကို ပြန်စစ်ကြည့်သင့်ပါတယ်။ မိခင်နို့ တိုက်တဲ့ ကလေးတွေမှာ လိပ်ခေါင်း ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါတယ်။ ကလေး ငယ်ငယ်လေးနဲ့ နို့မှုန့်တိုက်တာ၊ ဒါမှမဟုတ် နို့မှုန့်စပြီး ပြောင်းတိုက်တဲ့ အချိန်မှာဆိုရင်တော့ ဝမ်းချုပ်တတ်ပါတယ်။

    ဘယ်လို ကုသမလဲ။

    ကိုယ့်ရဲ့ ရင်သွေးငယ်လေး ဝမ်းခဏခဏ ချုပ်တတ်တယ်၊ လိပ်ခေါင်း ဖြစ်နေနိုင်တယ်လို့ သံသယရှိရင် ကလေး အထူးကု ဆရာဝန်နဲ့ တစ်ချက်ပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကလေးရဲ့ တစ်နေ့တာမှာ ဝမ်းကောင်းကောင်း သွားနိုင်ဖို့ အထောက်အကူပြုမယ့် အစာအာဟာရတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အဓိက ဝမ်းချုပ်တဲ့ ကလေးတွေကို အသက်အရွယ်ပေါ်လိုက်ပြီး မိခင်နို့၊ နို့ဘူး၊ အရည် များများတိုက်ပေးဖို့၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဖျော်ရည် တိုက်ကျွေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

    ကလေး ဝမ်းသွားပြီးတဲ့အချိန် အဝတ်သန့်သန့်လေးကို ရေစွတ်ပြီး ကလေးရဲ့ စအိုပတ်လည်ကို ဖြည်းဖြည်းချင်း ပွတ်ပြီး သုတ်ပေးပါ။ ဝမ်းသွားရတာ လွယ်ကူအောင် ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေကို ညင်သာစွာ ကိုင်လှုပ်ပေးပါ။ ပုံမှန်အားဖြင့် အရမ်းကြီး စိုးရိမ်စရာ မလိုဘဲ တစ်ပတ်၊ ၂ပတ်လောက်ဆိုရင် ပျောက်သွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ လိပ်ခေါင်းအထိ မဖြစ်ဘဲ ရိုးရိုး စအိုဝ ပွန်းပဲ့တာကြောင့်လည်း သွေးထွက်တာမျိုး ဖြစ်တတ်တဲ့အတွက် မေမေတို့လည်း သိပ်ပြီးမစိုးရိမ်ကြဖို့ ထပ်ပြီး မှာချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement