Steven-Johnson syndrome ဆိုတာ ရုတ်တရက် အရေပြားမှာ အပူလောင်သလို အရည်ကြည်ဖုတွေထွက်လာပြီး တစ်ကိုယ်လုံးကို ပျံ့သွားတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီး အချိန်မီမကုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အရေပြားနဲ့ အချွဲအမြှေးပါး mucosaရှိတဲ့နေရာ (ဥပမာ မျက်လုံး၊ နှုတ်ခမ်း၊ ပါးစပ်၊ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်)မှာ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ Steven-Johnson syndrome ရောဂါက ဘာလို့ဖြစ်ရတာလဲ။ ဖြစ်လာရင်ရော ကုလို့ရပါ့မလားဆိုတာ ဆက်ကြည့်ရအောင်။
ဘာလို့ဖြစ်ရတာလဲ။
အလွယ်ပြောရရင်တော့ ဆေးဓာတ်မတည့်လို့ shockရတာနဲ့တူပါတယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေးသောက်၊ ဆေးထိုးမိတာဖြစ်ဖြစ်၊ ရောဂါပိုးတစ်ခုခုဝင်တာဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ဘာအကြောင်းရင်းမှမရှိဘဲ ထဖြစ်တတ်ပါသေးတယ်။
ဆေးဝါးတွေထဲမှာဆိုရင်
- ဆာလ်ဖာပါတဲ့ဆေးတွေ
- ဂေါက်ရောဂါကုဆေးတွေ (ဥပမာ Allopurinol)
- နှာစေးချောင်းဆိုးပျောက်ဆေးတွေ
- အတက်ကျဆေးတွေ (HLA-B*1502မျိုးဗီဇရှိရင်ပိုဖြစ်ပါတယ်)
- အကိုက်အခဲပျောက်ဆေးတွေ
- ကင်ဆာဆေးတွေ
- ပိုးသတ်ဆေးတွေ စတာတွေပဲဖြစ်ပါတယ်။
အဲ့တော့ ဆေးတွေလို့သာပြောတာ တကယ်တော့ ဆေးတိုင်းလိုလိုဖြစ်တတ်ပါတယ်။
ရောဂါတွေထဲမှာဆိုရင်တော့
- ရေယုန်ဗိုင်းရပ်စ်
- နမိုးနီးယား
- HIV
- အသည်းရောင်အသားဝါအေပိုးစတာတွေပဲဖြစ်ပါတယ်။
ဘယ်သူတွေပိုဖြစ်နိုင်လဲ။
- HIVပိုးရှိတဲ့သူတွေ
- အရေပြားလေးဖက်နာ (SLE)ရှိတဲ့သူတွေ
- ကိုယ်ခံအားနည်းတဲ့သူတွေ (ရိုးတွင်းခြင်ဆီအစားထိုးတဲ့သူ၊ ကင်ဆာရောဂါရှိတဲ့သူ)
- အရင်ကဖြစ်ဖူးတဲ့သူတွေ
- မိသားစုထဲမှာ ရောဂါရာဇဝင်ရှိတဲ့သူတွေ
- HLA-B*1502မျိုးဗီဇရှိတဲ့သူတွေ (ဒီဗီဇက အရှေ့တောင်အာရှသားတွေမှာတွေ့ရတာ များပါတယ်။)
ဘာလက္ခဏာတွေပြမှာလဲ။
စစချင်းမှာတော့
- ဖျားတာ
- လည်ပင်းနာတာ
- နုန်းတာ
- ချောင်းဆိုးတာ
- မျက်စိနာတာတွေဖြစ်တတ်ပါတယ်။ ရက်နည်းနည်းကြာရင်တော့
- တစ်ကိုယ်လုံးက အသားတွေနာလာမယ်
- အနီကွက်တွေထွက်လာမယ်
- အရေပြားနဲ့ ပါးစပ်တစ်ဝိုက်၊ နှာခေါင်း၊ မျက်လုံးနဲ့ လိင်အင်္ဂါမှာ အရည်ကြည်ဖုတွေထွက်လာမယ်
- ပြီးရင် အရေပြားတွေကွာကြတဲ့အထိဖြစ်တတ်ပါတယ်။
ဒါဟာ အရေးပေါ်အခြေအနေပါ။ ဆေးရုံကိုအမြန်သွားပြီးကုသမှုခံယူရပါမယ်။
နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။
နောက်ဆက်တွဲတွေကတော့
- အရေပြားပိုးဝင်တာ
- မျက်စိထိခိုက်တာ (အခြေအနေဆိုးရင် အမြင်ကွယ်တာအထိဖြစ်တတ်ပါတယ်။)
- အသက်ရှူရပ်တာ
- အရေပြားတွေကွာကျပြီး အမာရွတ်တွေကျန်ခဲ့တာ၊ အသားအရောင်မညီတာ
- ပါးစပ်စိမရလို့ တံတွေးတွေတောက်လျှောက်ထွက်တာ
- ဆီးသွားရင်နာတာ၊ ဆီးထဲမှာ သွေးပါတာ
- ဝမ်းမည်းသွားတာ
- သွေးဆိပ်သင့်တာ
- ဒီထက်ပိုဆိုးရင် အသက်ဆုံးရှူံးတာတွေအထိဖြစ်တတ်ပါတယ်။
မျက်စိထဲမြင်အောင်ပြောရင် မီးလောင်ခံထားရတဲ့ လူနာနဲ့တူပါတယ်။
ကုသနည်းများ
တိကျတဲ့ ကုသနည်းတော့မရှိပါဘူး။ လူနာကို အထူးကြပ်မတ်စောင့်ကြည့်ပြီး လိုအပ်တာတွေလုပ်ပေးရပါတယ်။
- ရောဂါဖြစ်စေတဲ့ဆေးကို ချက်ချင်းရပ်ရပါမယ်။
- မီးလောင်ဒဏ်ရာလိုဖြစ်နေတဲ့အနာတွေကို ဆေးထည့်ရပါမယ်။
- အနာသက်သာအောင်လုပ်ပေးရပါမယ်။
- အာဟာရနဲ့ ရေဓာတ်ဖြည့်ပေးရပါမယ်။
- မျက်စိ၊ လိင်အင်္ဂါတွေထိခိုက်မှုရှိရင် ကုသပေးရပါမယ်။
- အခန်းအပူချိန်ကို 86’Fနဲ့ 89.6’Fကြားထားရပါမယ်။
- အရေပြားပိုးဝင်တာရှိမရှိစောင့်ကြည်ရပါမယ်။
ချက်ချင်းပျောက်အောင် ကုတဲ့နည်းမရှိပါဘူး။ ဖြစ်စေတဲ့အကြောင်းအရာကို ဖယ်ရှားပြီး လိုအပ်တဲ့ ကုသမှုတွေပေးပြီး စောင့်ကြည့်ရမှာပါ။
ကာကွယ်နည်းများ
- အကောင်းဆုံးကာကွယ်နည်းကတော့ မတည့်တဲ့ဆေးကို ရှောင်တာပါပဲ။ ဆေးရုံဆေးခန်းသွားတဲ့အခါမှာလည်းကိုယ်နဲ့မတည့်တဲ့ဆေးရှိရင်ကြိုပြောရပါမယ်။
- ဆေးမတည့်တာကို ရှိမရှိစစ်ဖို့ အကောင်းဆုံးနည်းလမ်း မရှိသေးပါဘူး။ ဆေးတိုင်းကို လိုက်စစ်ဖို့လည်း မလွယ်ပါဘူး။
- အရှေ့တောင်အာရှသားဖြစ်မယ်၊ တရုတ် ဒါမှမဟုတ် အိန္ဒိယလူမျိုးဖြစ်မယ်ဆိုရင် အတက်ကျဆေးတွေမသောက်မီ HLA-B*1502မျိုးဗီဇစစ်ဆေးသင့်တယ်လို့ ဆိုထားပါတယ်။
အချုပ်ပြောရရင်တော့ ဒီရောဂါကဖြစ်တာရှားပါတယ်။ ဘယ်သူဘယ်အချိန်မှာ ဘာကြောင့်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဖြစ်လာရင်တောင် တိကျကုသမှုမရှိတဲ့အတွက် စောင့်ကြည့်ကုသတာပဲ လုပ်လို့ရပါမယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmr]