backup og meta

မိုးတွင်းမှာ ကိုယ့်ရဲ့ကလေးငယ်တွေကို ဘယ်လို ဂရုစိုက်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးတွင်းမှာ ကိုယ့်ရဲ့ကလေးငယ်တွေကို ဘယ်လို ဂရုစိုက်ကြမလဲ

    မိုးရာသီမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကနေ ကလေးတွေကို ဘယ်လိုကာကွယ်မလဲ

    လေတဖြူးဖြူးနဲ့အေးစိမ့်တဲ့မိုးရာသီဟာ ကလေးတွေအတွက်ရောဂါဝေဒနာတွေကိုပါ အတူသယ်ဆောင်လာတတ်တာကြောင့် ကလေးငယ်တွေကို ဂရုတစိုက် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အရေးကြီးပါတယ်။ မိုးရာသီရဲ့စိုစွတ်မှုက ကူးစက်နိုင်တဲ့ ရောဂါတွေရဲ့ အဓိကကျတဲ့ အချက်ဖြစ်သလို မုတ်သုံရာသီရဲ့အပူချိန်ဟာလည်း ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေပြန့်ပွားဖို့အတွက် အံကိုက်ဖြစ်လို့နေပါတယ်။

    ရာသီဥတုပြောင်းလဲတာနဲ့ ကလေးတွေမှာ ရောဂါပိုဖြစ်လွယ်ပါတယ်။ ရာသီအကူးအပြောင်းမှာ များစွာသောနောက်ဆက်တွဲပြဿနာတွေပိုအဖြစ်များစေတာကြောင့် မိုးရာသီရောက်ပြီဆိုတာနဲ့ ကလေးတွေကိုသေချာဂရုစိုက်ဖို့လိုပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဘယ်လိုစောင့်ရှောက်မလဲဆိုတာ သိသင့်တဲ့အချက်တွေကိုဖော်ပြလိုက်ပါတယ်။

    ကလေးကို သန့်သန့်ရှင်းရှင်း၊ ခြောက်ခြောက်သွေ့သွေ့ထားပါ

    မိုးတွင်းမှာဆိုရင်မွေးကင်းစတွေနဲ့ကလေးငယ်တွေရဲ့တကိုယ်ရည်သန့်ရှင်းရေးကိုသေချာဂရုစိုက်ရပါမယ်။ ကလေးတွေကို (ရေချိုးပေးတာဖြစ်ဖြစ်၊ရေပတ်တိုက်တာဖြစ်ဖြစ်)တစ်နေ့နှစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးရပါမယ်။ ချိုင်းအောက်၊ လည်ပင်း၊ပေါင်ကြားတဝိုက်ဧရိယာတွေနဲ့ ကလေးကိုယ်ပေါ်မှာရှိတဲ့အတွန့်အခေါက်လေးတွေမှာပိုပြီးဂရုစိုက်သန့်စင်ပေးပါ။ ကလေးကို ထိန်းပေးတဲ့သူ ကိုယ်တိုင်ကလည်း သန့်ရှင်းတဲ့အဝတ်အစားကိုဝတ်ဆင်ရမှာဖြစ်ပြီးရောဂါကင်းစင်ရပါမယ်။

    သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပေးပါ

    ပူနွေးစိုထိုင်းလိုက် အေးစိမ့်တဲ့ရာသီဥတုဖြစ်လိုက်နဲ့ မုတ်သုံရာသီအတွင်းမှာ ရာသီဥတုအခြေအနေက သိသိသာသာအပြောင်းအလဲမြန်တတ်ပါတယ်။ စိုထိုင်းတဲ့အခြေအနေမှာ ကလေးတွေကို သက်တောင့်သက်သာရှိစေမယ့် ချည်သားအဝတ်အထည်တွေဆင်ပေးပါ။ ဒါပေမယ့် ရုတ်တရက်အေးလာတာမျိုးအတွက် အနွေးထည်၊ လက်ရှည်လေးတစ်ထည်တော့ အမြဲဆောင်ထားပါ။ မိုးတွင်းမှာ စိုထိုင်းမှုတာရှည်တတ်လို့ မှိုပိုးကူးစက်ခံရနိုင်တာကြောင့် ကလေးရဲ့အဝတ်အထည်ကို အမြဲခြောက်သွေ့နေစေဖို့ သတိထားပါ။

    ခြင်အန္တရာယ် ဂရုစိုက်ပါ

    ငှက်ဖျားနဲ့သွေးလွန်တုပ်ကွေးတို့လိုရောဂါတွေက မုတ်သုံရာသီမှာ အရမ်းအဖြစ်များတာကြောင့် ကလေးငယ်တွေကိုခြင်အန္တရာယ် ကင်းဝေးအောင်ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တွေ ဝတ်ဆင်ပေးတာ၊ခြင်မလာ ကပ်ခွာလေးတွေ ကပ်ပေးတာ၊ အိမ်အနီးတစ်ဝိုက်ကရေဝပ်တဲ့နေရာတွေကိုရှင်းလင်းပစ်တာတွေနဲ့တင် အတော်အထောက်အကူဖြစ်နေပါပြီ။

    အိမ်ထဲမှာရှိတဲ့ရေလဲလှယ်ပေးရတဲ့လေအေးပေးစက်တွေနဲ့ ပန်းအိုးတွေကို ပုံမှန်သန့်ရှင်းပစ်ပါ။ ကလေးတွေခြင်ကိုက်မခံရအောင်ဆေးစိမ် ခြင်ထောင်တွေ၊ခြင်နိုင်ဆေးတွေလည်း သုံးရပါလိမ့်မယ်။ ခြင်တွေဝင်မခိုနိုင်အောင်လို့ တံခါးပေါက်တွေနဲ့ပြတင်းပေါက်တွေကိုညနေပိုင်းရောက်ရင် ပိတ်ထားပါ။

    နေမကောင်းဖြစ်နေသူတွေနဲ့ ဝေးဝေးနေစေပါ

    မိုးရာသီမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ရောဂါကူးစက်မှုတွေ အဖြစ်များလေ့ရှိပြီး ကူးစက်ပြန့်ပွားမှုလည်းအရမ်းကို မြန်ဆန်ပါတယ်။ ကလေးကို တုပ်ကွေး သို့မဟုတ် ကူးစက်နိုင်တဲ့ရောဂါတစ်ခုခုခံစားနေရသူတွေနဲ့ဝေးဝေးထားပါ။ လူကြီးမှာ ဘာလက္ခဏာမှ မပြပေမယ့် ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် သင့်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကိုလည်း ကလေးမချီခင် လက်ဆေးဖို့ ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့သန့်စင်ဖို့ပြောပါ။

    လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ

    ဈေးဝယ်စင်တာတွေလိုမျိုးနေရာတွေဟာရောဂါပိုးမွှားတွေရဲ့စုရပ်တွေဖြစ်ပြီး ကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေအတွက် ဘာရောဂါမဆို ကူးစက်ခံရဖို့ လွယ်စေပါတယ်။ မုတ်သုံရာသီအတွင်း လူထူထပ်တဲ့နေရာတွေကိုမသွားပါနဲ့။ မဖြစ်မနေသွားရမယ်ဆိုရင် လူပိုနည်းမယ့်နေရာကိုရွေးပါ။

    ကိုယ့်လက်ရော၊ ကလေးလက်ကိုပါ မကြာခဏဆေးကြောသန့်စင်ပါ

    လက်ဆေးဖို့ အသိပညာပေးတဲ့ အစီအစဉ်တွေလုပ်ဆောင်နေကြတာ အကြောင်းရင်းရှိပါတယ်။ လက်ဆေးခြင်းဟာရောဂါပိုးကူးစက်ခံရမယ့် အန္တရာယ်ကနေ ကင်းလွတ်စေမယ့်အကောင်းဆုံးနည်းလမ်းဖြစ်လို့ပါပဲ။ အထူးသဖြင့် ကလေးရဲ့အညစ်အကြေး အနှီးတွေ၊ အဝတ်အထည်တွေ ကို ကိုင်တွယ်ပြီးတဲ့အချိန်နဲ့ အပြင်ကပြန်လာပြီးတဲ့အချိန်တိုင်း သင့်ရဲ့လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။ ကလေးကို မထိတွေ့ခင်မှာ ဒီလိုပဲ လက်ဆေးကြဖို့ တခြားသူတွေကိုလည်း မှာထားပါ။

    ရေနွေးကိုပဲ သုံးပါ

    stomach flu နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ဟာ မိုးရာသီမှာအဖြစ်များတဲ့ ရေကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တာကြောင့် ကလေးနို့မှုန့်ဖျော်တဲ့အခါ ၊ ကလေးကိုရေတိုက်တဲ့အခါ၊ရေကျက်အေးကိုသုံးဖို့ ဂရုစိုက်ပါ။

    အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောပါ

    ကလေးငယ်ကို ပြင်ပက ဟင်းသီးဟင်းရွက်အစိမ်းတွေနဲ့ လှီးဖြတ်ပြီးသားအသီးအနှံတွေမကျွေးပါနဲ့။ အိမ်ရောက်မှသာ ဟင်းသီးဟင်းရွက်တွေကို ဆားတစ်ဇွန်းထည့်ပြီးရေနဲ့ဆေးကြောပါ။

    ပထမဆုံးရွာတဲ့ မိုးရေနဲ့ ရေမချိုးပေးပါနဲ့၊ မကစားခိုင်းပါနဲ့

    မိုးရာသီရဲ့ ပထမဆုံးမိုးရေနဲ့ သင့်ကလေးကို မထိတွေ့ပါစေနဲ့။ ပထမဆုံးရွာချတဲ့ မိုးရေမှာ အက်စစ်ဓာတ်တွေပါလာနိုင်ပြီး ကလေးရဲ့ အရေပြားနုနုလေးမှာ ထိခိုက်စေနိုင်တာကြောင့် သတိထားပါ။

    အစားအစာ

    မိုးရာသီမှာ ကလေးတွေရဲ့အစာချေစနစ်ကနှေးကွေးတတ်ပါတယ်။ တိုက်ဖွိုက်ရောဂါဟာရေနဲ့အစားအစာ မသန့်ရှင်းမှုကြောင့်ဖြစ်လာတဲ့ ကလေးတွေမှာအဖြစ်များဆုံးရောဂါဖြစ်တာကြောင့် ကလေးတွေကို အိမ်မှာပဲချက်ပြုတ်ထားတဲ့ အာဟာရညီမျှတဲ့ အစားအစာတွေကျွေးတာ အကောင်းဆုံးပါပဲ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတဲ့ ချင်း၊ နနွင်းနဲ့ တခြားဆေးဖက်ဝင်ပစ္စည်းတွေကို ကလေးရဲ့အစာအဟာရထဲ ပါဝင်ပါစေ။ ကလေးငယ်တွေကို အသုပ်တွေလိုမျိုး အစိမ်းတွေမကျွေးဖို့နဲ့ ကြက်ဥအစိမ်းမကျွေးဖို့ သတိရပါ။

    သင့်ကလေးကို ဗီတာမင် စီနဲ့ ကိုယ်ခံအားကောင်းစေမယ့်အစာတွေကျွေးပါ။ ကလေးစားမယ့် အစားအစာဟာ အမြဲတမ်း လတ်ဆတ်နေဖို့၊ ပူနွေးနေဖို့၊ လုံခြုံစွာဖုံးအုပ်ထားဖို့ အရေးကြီးပါတယ်။ ကလေးကို အပြင်စာတွေ မစားမိအောင် ဂရုစိုက်ပါ။

    ခြေထောက်သန့်ရှင်းရေး

    ဖိနပ်၊ခြေအိတ်နဲ့ခြေဖဝါးမှာ စိုထိုင်းနေခြင်းက ကလေးတွေမှာ မှိုပိုးပေါက်ဖွားစေပါတယ်။ ကလေးငယ်ရဲ့ခြေဖဝါး၊ ဖိနပ်နဲ့ခြေအိတ် တို့ကိုခြောက်သွေ့အောင်ထားပြီး အမြဲသန့်ရှင်းနေပါစေ။

    မိုးတွင်းကာလမှာ ကလေးငယ်ကျန်းမာရေးအတွက် မိခင်တွေ သိထားသင့်တဲ့ တခြားသတိထားစရာအချက်တွေကတော့ –

    • ကလေးကို မိခင်နို့ပဲတိုက်တယ်ဆိုရင် ရာသီဥတုပူလို့ပဲဖြစ်ဖြစ်၊ ကလေးရေဓာတ်ခန်းခြောက်မှာစိုးလို့ပဲဖြစ်ဖြစ်ရေထပ်မတိုက်ပါနဲ့။ ကလေးရေဆာတယ်ထင်ရင် မိခင်နို့ပဲတိုက်ပေးပါ။
    • ကလေးကို မိုးရေထဲ ထွက်မဆော့ပါစေနဲ့။
    • ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အအေးမိတုပ်ကွေးဆိုင်ရာ ဆေးဝါးတွေကို အိမ်မှာဆောင်ထားပါ။

    အထက်ပါအချက်တွေဟာ လွယ်ကူပေမယ့် ထိရောက်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ ကလေးငယ်တွေကိုစောင့်ရှောက်ဖို့ ဆိုရင် ရာသီတိုင်းမှာ အသေးအဖွဲကအစ ဂရုတစိုက်ပေးတာပိုကောင်းပါတယ်။ လူတိုင်းကျန်းမာပျော်ရွှင်နေနိုင်မယ်ဆိုရင် မိုးရာသီကာလတိုင်းမှာ ပိုသာယာစေမှာဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement