မင်္ဂလာပါ
Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ရာသီအကူးအပြောင်းနဲ့ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပါတယ် ။ ခုခံအားနည်းလေ့ရှိတဲ့ ကလေးငယ်များ ၊ အဘိုးအဘွား သက်ကြီးရွယ်အိုများ ၊ နာတာရှည် ဝေဒနာသည်များ(နှလုံးနှင့် အဆုတ်ရောဂါ ဝေဒနာရှင်များ) နဲ့ အကြောင်းအမျိူးမျိုးကြောင့် ခုခံအားနည်းနေသူတွေမှာ အဖြစ်များလေ့ရှိပါတယ် ။
ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာတော့ နှာခေါင်းဝကနေ အသံကြိုးအထိပါပြီး အောက်ဘက်ခြမ်းကိုတော့ အသံကြိုးကနေ အဆုတ်အထိဆိုပြီး နှစ်ပိုင်းခွဲထားပါတယ် ။
လက္ခဏာတွေက ဘာတွေလဲ
အသက်ရှုလမ်းကြောင်း ပိုးဝင်ရင်တော့ အသက်ရှုမဝခြင်း ၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း ၊ လည်ချောင်းနာခြင်း ၊ တကိုယ်လုံး ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ် ။ ဒီလက္ခဏာတွေကတော့ အဖြစ်များလေ့ရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဖျားကြီးခြင်း ၊ ချမ်းတုန်ခြင်း ၊ မူးဝေခြင်း ၊ သတိလစ်ခြင်းတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ် ။
ဘာကြောင့်ဖြစ်ရတာလဲ
အသက်ရှုလမ်းကြောင်းကို အပေါ်နဲ့အောက်ပိုင်းဆိုပြီး ၂ပိုင်း ခွဲခြားထားသလို ရောဂါပိုးဝင်ရခြင်းကိုလည်း ၂ပိုင်းခွဲထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ ဖြစ်တဲ့ရောဂါတွေကတော့ လည်ချောင်းရောင်ခြင်း ၊ နားပိုးဝင်ခြင်းနဲ့ တုပ်ကွေးမိခြင်းတို့ ဖြစ်ပါတယ် ။
အသက်ရှုလမ်းကြောင်း အောက်ပိုင်းမှာတော့ လေပြွန်ရောင်ခြင်း ၊ အဆုတ်ရောင်ခြင်း ၊ အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်များ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ် ။
ရောဂါရှာဖွေရှာမှာတော့ ရောဂါရှာဇဝင်မေးမြန်းခြင်း ၊ စမ်းသပ်ခြင်းတို့အပြင် လိုအပ်သလို ဓာတ်မှန်ရိုက်ခြင်း ၊ ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း ၊ အောက်ဆီဂျင်ဓါတ် တိုင်းတာခြင်းတွေအပြင် ရောဂါအခြေအနေအလိုက် ရှာဖွေတဲ့နည်းလမ်းတွေကို သင့်လျော်သလို ရွေးချယ်ပြီး သုံးရမှာပါ ။
ကုသခြင်းမှာလည်း ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေမှာတော့ ပိုးသတ်ဆေးသုံးစရာ မလိုဘဲ ရောဂါလက္ခဏာ သက်သာအောင် ကုသရပါတယ် ။ ဘက်တီးရီးယားပိုးလို့ ထင်ရင်တော့ သင့်လျော်တဲ့ ပိုးသတ်ဆေးအသုံးပြုရပါမယ် ။
ဒီရောဂါတွေကို သေသေချာချာ မကုသဘဲထားရင် နောက်ဆက်တွဲတွေက ဆိုးဝါးတတ်ပါတယ် ။ အသက်ရှုရပ်သွားခြင်း ၊ အသက်ရှုမရတော့ခြင်း ၊ နှလုံးပျက်စီးခြင်းတွေနဲ့ နောက်ဆုံးအသက်အန္တရာယ်ပါ ထိခိုက်တတ်ပါတယ်။
ဘယ်လိုကာကွယ်ရမလဲ
လက်ကို မကြာခဏ ဆေးကြောပါ။ အထူးသဖြင့် လူသူများတဲ့ နေရာက ပြန်လာပြီးရင် လက်ကို စနစ်တကျ ဆေးကြောပါ။
နှာချေတဲ့အခါ ၊ ချောင်းဆိုးတဲ့အခါမှာ သင့်နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ ။ ဒါမှသာ သင်ကနေ တခြားလူဆီကို ရောဂါ မပျံ့နှံ့မှာ ဖြစ်ပါတယ်။
လူထူထပ်တဲ့နေရာက ပြန်လာပြီးတိုင်း လက်မဆေးဘဲ မျက်နှာ ၊ ပါးစပ်များအား ကိုယ်တွယ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်
ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]