backup og meta

ဝက်ခြံအကြောင်းသိသင့်တဲ့အချက်ငါးချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအကြောင်းသိသင့်တဲ့အချက်ငါးချက်

    ဝက်ခြံဆိုတာဘာလဲ

    ဝက်ခြံပေါက်တယ်ဆိုတာကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာပုံမှန်ဇီဝကမ္မဗေဒကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေကြီးကောင်ဝင်လာပြီ၊လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင်ဝက်ခြံတွေစထွက်လာပါပြီ။ သားတို့သမီးတို့ငယ်ငယ်တုန်းကပထမဆုံးဝက်ခြံပေါက်တုန်းကဆိုရင်အဖေအမေဆီ၊အကိုတွေအမတွေဆီဒါမှမဟုတ်သူငယ်ချင်းတွေဆီပြေးပြီးဘာလုပ်ရမလဲလို့အလန့်တကြားမေးကောင်းမေးခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့်အဲ့သလိုမျိုးတခြားသူတွေကိုမမေးခင်၊ဒါမှမဟုတ်ဝက်ခြံကိုအားပါးတရညှစ်မထုတ်ခင်ဝက်ခြံနဲ့ပတ်သက်ပြီးသားတို့သမီးတို့သိထားတယ်လို့ထင်ပေမယ့်မှားယွင်းနေတဲ့အချက်ကလေးတွေကိုဖတ်ကြည့်လိုက်ပါဦး။

    အမှား။။ ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာအကောင်းဆုံးပဲ။

    အမှန်။။ မှန်ရှေ့ကနေအခုခွာလိုက်ပါ။ တချို့လူတွေကမင်းကိုပြောပါလိမ့်မယ်၊ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာပိုကောင်းတယ်၊ဒါမှမသိသာတော့မှာ၊မြန်မြန်သက်သာသွားမှာစသဖြင့်ပေါ့။ ဒါတွေအကုန်လုံးကအမှားတွေချည်းပါပဲ။ ဝက်ခြံကိုညှစ်တာ၊ကလိနေတာ၊ဆိတ်ဆွနေတာဟာရောဂါပိုးမွှားတွေကိုမင်းရဲ့အရေပြားဟိုးအောက်ထဲကိုအားပါးတရထိုးထည့်နေသလိုဖြစ်စေတာကြောင့်မသက်သာစေတဲ့အပြင်ပိုပြီးနီလာ၊နာလာစေမှာဖြစ်ပြီးအခန့်မသင့်ရင်အနာဆိုးဆိုးရွားရွားတောင်ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ဝက်ခြံညှစ်ခြင်းဟာဘယ်တော့မှမပျောက်တော့မယ့်အမာရွတ်တွေကိုလည်း ဖြစ်စေမှာပါ။

    တကယ်လို့ဝက်ခြံပေါက်တာဟာသားတို့သမီးတို့အလှပြရမယ့်အခမ်းအနားတခုနဲ့တိုက်တိုက်ဆိုင်ဆိုင်ကြီးဖြစ်နေတယ်ဆိုရင်ဖေဖေမေမေတို့နဲ့တိုင်ပင်ပြီး ပြနေကျမိသားစုဆရာဝန်ဒါမှမဟုတ်အရေပြားနဲ့အလှအပရေးရာဆရာဝန်နဲ့ ပြနိုင်ပါတယ်။ ဆရာဝန်ကကူညီပေးမှာပါ။

    အမှား။။ စိတ်ဖိစီးမှုများရင်ဝက်ခြံပေါက်တယ်။

    အမှန်။။ မနက်ဖြန်ဖြေရမယ့်စာမေးပွဲဒါမှဟုတ်နောက်အပတ်မှာကစားရမယ့်အားကစားပွဲကြီးဟာသားတို့သမီးတို့အသားအရေကိုဒုက္ခပေးမယ်လို့စိုးရိမ်ပူပန်နေပါသလား။ မပူပါနဲ့။ ကလေးဘဝရဲ့စိတ်ဖိစီးမှုလောက်နဲ့တော့ဝက်ခြံမပေါက်ပါဘူး။ အကယ်၍သားတို့သမီးတို့အနေနဲ့တကယ့်အကြီးစားစိတ်ဖိစီးမှုတွေကြုံရတဲ့အခါကျရင် (ဥပမာ။။ အိမ်ပြောင်းရတာ၊မိဘတွေအိမ်ထောင်ရေးအဆင်မပြေတာ) သားတို့သမီးတို့ခန္ဓါကိုယ်ကနေဆီဘမ်(sebum)လို့ခေါ်တဲ့အဆီတမျိုးကိုပိုပြီးထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာတောင်ဝက်ခြံကျိန်းသေပေါက်ထွက်ပြီလို့ပြောလို့မရသေးဖူးနော်။

    အမှား။။ နေပူဆာလှုံရင်ဝက်ခြံပျောက်တယ်။

    အမှန်။။ နေပူဆာလှုံတာနဲ့ဝက်ခြံနဲ့ဘာမှမဆိုင်ပါဘူး။ နေလောင်ပြီးခဏလောက်အသားညိုသွားရင်ဝက်ခြံကသိပ်မသိသာတော့တာမျိုးတော့ရှိတာပေါ့။ ဒါပေမယ့်နေလောင်တာပျောက်သွားပြီးအသားပြန်ဖြူလာရင်သားတို့သမီးတို့ရဲ့ဝက်ခြံကရှိနေဦးမှာပဲ။ ဒါ့အပြင်လုံလောက်တဲ့အကာအကွယ်မပါဘဲနေရောင်ထဲမှာအကြာကြီးနေမယ်ဆိုရင်အသားအရေကိုခြောက်သွေ့ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့အသက်ကြီးလာတဲ့အခါအရေးအကြောင်းတွေပေါ်လာတာ၊အရေပြားကင်ဆာစတာတွေကိုပါ ဖြစ်ဖို့အခွင့်အလမ်းကပိုများလာမှာအသေအချာပါပဲ။

    သားတို့သမီးတို့အပြင်မထွက်ခင်တိုင်း SPF(Sun protection factor) အနည်းဆုံး၃၀ပါတဲ့နေလောင်ခံခရင်မ်ကိုလည်းလိမ်းဖို့မမေ့ကြပါနဲ့။ နေလောင်ခံခရင်မ်လိမ်းတဲ့အခါ ဝက်ခြံမဖြစ်စေပါ (nonacnegenic)လို့ ဗူးမှာအမှတ်အသားပါတဲ့ခရင်မ်ကို ရွေးလိမ်းကြပါ။ အဓိပ္ပါယ်ကချွေးပေါက်တွေကိုမပိတ်စေတဲ့အတွက်ဝက်ခြံကိုပိုမဆိုးစေဖူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

    ဒါ့အပြင်လှပပြီးမြင်သူတိုင်းငေးရမယ့်အသားအရေမျိုးကိုပိုင်ဆိုင်စေဖို့အတွက်အပြင်ထွက်တိုင်းထွက်တိုင်းမှာဦးထုပ်ဆောင်းဖို့ဒါမှမဟုတ်နေကာမျက်မှန်တပ်ဖို့မမေ့ကြပါနဲ့။ ပြီးတော့ကမ်းခြေမှာဒါမှမဟုတ်ရေကူးကန်ဘေးမှာခုံလေးချပြီးရုပ်ရှင်ထဲကလိုနေပူဆာလှုံချင်တယ်ဆိုရင်သားတို့သမီးတို့သိထားရမှာကအဲ့ဒီလိုလုပ်တာကပိုက်ဆံကုန်တယ်၊ပျင်းဖို့လည်းကောင်းတယ်၊ ပြီးတော့အဓိကအချက်ကဒီလိုနေဆာလှုံတာဟာအရေပြားကင်ဆာဖြစ်ဖို့အခွင့်အလမ်းလည်းပိုများတယ်ဆိုတာပါပဲ။

    အမှား။။ မျက်နှာခဏခဏသစ်ရင်ဝက်ခြံမဖြစ်ဘူး။

    အမှန်။။ မျက်နှာကိုပုံမှန်သစ်ပေးခြင်းဟာမျက်နှာမှာရှိတဲ့အညစ်အကြေးတွေ၊ပိုလျှံနေတဲ့အဆီတွေနဲ့အရေပြားဆဲလ်အဟောင်းတွေကိုဖယ်ရှားပေးတဲ့အတွက်ယေဘုယျအားဖြင့်ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့လိုတာထက်ပိုပြီးမျက်နှာခဏခဏသစ်တာ၊မျက်နှာအရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာတွေဟာမျက်နှာအရေပြားကိုခြောက်သွေ့စေပြီးပျက်စီးစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေဖို့ပဲရှိပါတယ်။

    ဒါဆိုရင်အသားအရေထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းကဘာတွေလဲ။ ယေဘုယျအားဖြင့်မျက်နှာကိုတစ်နေ့နှစ်ခါထက်ပိုမများစေဘဲဆပ်ပြာအပျော့စားဒါမှာမဟုတ်မျက်နှာသစ်ဆေးနဲ့ညင်သာစွာသစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာမျက်နှာကိုနူးညံ့တဲ့မျက်နှာသုတ်ပုဝါလေးနဲ့မျက်နှာကိုအသာအယာတို့ပေးရပါမယ်။ ဂျီးချွတ်ပွတ်တိုက်တာသားတို့သမီးတို့ရဲ့ဝက်ခြံကိုပိုဆိုးစေတဲ့အတွက်ရှောင်ကြဉ်ရပါမယ်။ အရက်ပြန်ပါဝင်တဲ့အလှကုန်ပစ္စည်းတွေဟာလည်းအသားအရေကိုခြောက်သွေ့ထိခိုက်စေတဲ့အတွက်အသုံးမပြုသင့်ပါဘူး။

    အမှား။။ ဝက်ခြံမထွက်ချင်ရင်မိတ်ကပ်မလိမ်းနဲ့။

    အမှန်။။ ငယ်ရွယ်နုပျိုသူတွေအဖို့မိတ်ကပ်မလိမ်းဘဲနဲ့လည်းကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့မိတ်ကပ်တွေ၊အလှကုန်တွေသုံးရတာကြိုက်တယ်ဆိုရင် “အဆီဓါတ်မပါဝင်ပါ”၊ “ချွေးပေါက်မပိတ်စေပါ”၊”ဝက်ခြံကိုပိုမဆိုးစေပါ” စတဲ့အာမခံချက်ပါတဲ့ပစ္စည်းတွေကိုသာရွေးချယ်ပါ။ တချို့အလှကုန်ပစ္စည်းတွေမှာဆိုရင်ဝက်ခြံတွေကိုပျောက်ကင်းသက်သာစေတဲ့ salicylic acid နဲ့ benzoyl peroxideတို့တောင်ပါဝင်ပါသေးတယ်။ ဘယ်လိုအလှကုန်မျိုးရွေးချယ်ရမလဲမသေချာရင်ဆရာဝန်နဲ့တိုင်ပင်ပါ။

    အမှား။။ ဝက်ခြံတွေပိုပိုထွက်လာရင်သက်သာသွားဖို့သုံးနေတဲ့ဝက်ခြံပျောက်ဆေးတွေကိုများများပိုသုံးမယ်။

    အမှန်။။”တန်ဆေးလွန်ဘေး”ဆိုတဲ့စကားပုံကိုကြားဖူးပါသလား။ ဒီစကားပုံနဲ့ဝက်ခြံပျောက်ဆေးနဲ့ကကွက်တိပါပဲ။ ဝက်ခြံတွေပျောက်ချင်ဇောနဲ့ဆေးတွေကိုပမာဏအများကြီးပိုသုံးရင်အသားအရေဟာခြောက်သွေ့ထိခိုက်လာပါလိမ့်မယ်။ ဝက်ခြံပျောက်ဆေးကိုဆေးဆိုင်ကဝယ်သုံးတာပဲဖြစ်ဖြစ်ဆရာဝန်ညွှန်ကြားတာပဲဖြစ်ဖြစ်ဆေးညွှန်းကိုတသွေမတိမ်းလိုက်နာပါ။ ဆေးဆိုင်မှာပုံမှန်ဝယ်သုံးလို့ရတဲ့ဆေးတွေနဲ့မသက်သာဖူးဆိုရင်ဖေဖေမေမေတို့နဲ့တိုင်ပင်ပြီးမိသားစုဆရာဝန်ဒါမှမဟုတ်အရေပြားနဲ့အလှအပရေးရာဆရာဝန်နဲ့ပြပါ။ သူကလိုအပ်တာတွေကိုဆက်ပြီးညွှန်ကြားပါလိမ့်မယ်။ ဝက်ခြံပျောက်ဆေးသုံးတဲ့အခါသိသာထင်ရှားတဲ့ပျောက်ကင်းမှုရလဒ်ရဖို့နှစ်လလောက်ထိကြာတတ်ပါတယ်။ လိုအပ်တာထက်ပိုပြီးအသုံးပြုရင်ကောင်းကျိုးမဖြစ်တဲ့အပြင်ဆိုးကျိုးတွေတောင်မှ ဖြစ်စေနိုင်တဲ့အတွက်ဆရာဝန်နဲ့မတိုင်ပင်ပဲဆေးပမာဏတိုးတာကိုယ့်သဘောနဲ့ကိုယ်မလုပ်ရပါဘူး။

    လူငယ်တွေဆယ်ကျော်သက်တွေအားလုံးဟာဝက်ခြံပြဿနာနဲ့တစ်နေ့မဟုတ်တစ်နေ့ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့စိတ်မပူပါနဲ့။ မှန်ကန်ကောင်းမွန်တဲ့ကုသမှုကိုစနစ်တကျခံယူလိုက်ရင်ဝက်ခြံတွေပျောက်ကင်းသွားပြီးသင့်ရဲ့အလှပဆုံးမျက်နှာလေးကိုလူတွေရှေ့မှာဝင့်ကြွားဂုဏ်ယူစွာ ပြသနိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement