backup og meta

မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ

    ဒီတစ်ခေါက်တော့ ချစ်တင်းနှောချိန်မှာ ကြုံရတတ်တဲ့ အကြောင်းအရာလေး တစ်ခု ဖြစ်တဲ့ မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ ဆိုတာကို ပြောပြပေးသွားချင်ပါတယ်။

    မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ

    မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း နာကျင်ခြင်းနဲ့ နေရထိုင်ရခက်တာမျိုးတွေ ဖြစ်မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မွေးလမ်းကြောင်းဟာသေးလွန်းနေတယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက ဘယ်မွေးကြောင်းက လိင်ဆက်ဆံဖို့ အတွက် ကျပ်တယ်ဆိုတာ မရှိပါဘူး။ လိင်စိတ် မပြင်းထန်သေးတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ၃ လက်မကနေ ၄ လက်မ အထိ ရှည်ပါတယ်။ ဒီအတိုင်းအတာက လိင်တံတစ်ချို့နဲ့ Sex Toy တစ်ချို့ အတွက် ကျပ်ကောင်းကျပ်နေနိုင်ပေမဲ့ လိင်စိတ်တက်ကြွလာတဲ့ အခါမှာ မွေးလမ်းကြောင်းဟာ ပိုရှည်ပြီး ကျယ်လာပါတယ်။ဒါ့အပြင် လိင်စိတ်များပြားနေတဲ့ အချိန်မှာ မွေးလမ်းကြောင်းကနေ သဘာဝ ချောဆီတွေလည်း ထွက်လာတဲ့ အတွက် မွေးလမ်းကြောင်း ကျပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တကယ်တော့ မွေးလမ်းကြောင်း ကျပ်ပြီး လိင်ဆက်ဆံချိန်မှာ နာကျင်နေတယ်ဆိုတာ သင်ဟာ မြေစမ်းခရမ်းပျိုး အဆင့်လို့ခေါ်တဲ့ လိင်စိတ်ထကြွဖို့အတွက်လုပ်ဆောင်ရတဲ့အဆင့်ကို ကောင်းကောင်း မလုပ်ဆောင်ခဲ့ရသေးဘူးဆိုတာ ပြနေပါတယ်။ ဒါက မွေးလမ်းကြောင်းကျပ်တာ မဟုတ်ပါဘူး။ ဒါ့အပြင် လိင်ဆက်ဆံချိန် နာကျင်တယ်ဆိုတာ ကူးစက်ရောဂါ ခံစားနေရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ သန္ဓေသားဘဝမှာ ဖြစ်ပေါ်တဲ့ ပြဿနာများကြောင့် ဖြစ်ရတဲ့ မွေးရာပါ မူမမှန်မှုတွေကြောင့် ဖြစ်ရတာပါ။

    မွေးလမ်းကြောင်းက ဘယ်လိုပြောင်းလဲသလဲ။

    အသက်ကြီးလာတာနဲ့ အမျှ မွေးလမ်းကြောင်းကလည်း ပြောင်းလဲလာပါတယ်။ မွေးလမ်းကြောင်းဟာ လိင်ဆက်ဆံဖို့နဲ့ကလေးမွေးဖွားဖို့ အတွက် လုပ်ဆောင်ရတဲ့ အင်္ဂါတစ်ခု ဖြစ်တာကြောင့် ဒီဖြစ်ရပ် နှစ်ခုလုံးက မွေးလမ်းကြောင်းရဲ့ ပုံစံနဲ့ ကျပ်ခြင်း၊ ချောင်ခြင်းကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေ သိထားမယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင် အမြန်ဆုံး သိလာမှာဖြစ်ပါတယ်။

    • လိင်ဆက်ဆံချိန် ပြောင်းလဲလာခြင်း။

    မွေးလမ်းကြောင်းဆိုတာ လိင်စိတ်ထကြွချိန်မှာ ပြန့်ကားပြီး ရှည်လာတတ်တဲ့ အင်္ဂါ တစ်ခုပါ။ လိင်စိတ်နှိုးဆွခံရတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ပိုရှည်လာပြီး သားအိမ်နဲ့ သားအိမ်ခေါင်းကို ခန္ဓါကိုယ် အတွင်းသို့ ပိုပြီး တွန်းပို့လိုက်ပါတယ်။ ဒီလိုတွန်းပို့လိုက်တာကြောင့် လိင်တံ ပဲ ဖြစ်ဖြစ်၊ Sex Toy ပဲ ဖြစ်ဖြစ် ဒီအရာတွေဟာ လိင်ဆက်ဆံချိန်မှာသားအိမ်ခေါင်းကိုထိပြီး နာကျင်တာမျိုးတွေ မဖြစ်စေနိုင်တော့နိုင်ပါဘူး။ ဒါ့အပြင် မွေးလမ်းကြောင်းဟာ သဘာဝ ချောဆီ တစ်မျိုးကိုလည်း စစ်ထုတ်ပေးတဲ့ အတွက် လိင်ဆက်ဆံချိန်မှာ နာကျင်မှုနဲ့ကျပ်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    အကယ်၍ လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း ချောဆီက မထွက်လာဘူးဆိုရင် နာကျင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်းချောဆီထွက်ဖို့ဆိုရင် လုံလောက်တဲ့ မြေစမ်းခရမ်းပျိုး အဆင့် ( လိင်စိတ်ကို နှိုးဆော်တဲ့ အဆင့်)ရှိဖို့ လိုပြီး ဒီလို လိင်စိတ်ကို လှုံ့ဆော်ပေးတာတောင် ချောဆီက မထွက်ဘူးဆိုရင် ရေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီကို အသုံးပြုနိုင်ပါတယ်။ မွေးလမ်းကြောင်းလည်း ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုမို့လို့ ချို့ယွင်းတဲ့ အချိန်တွေရှိလာနိုင်ပြီး လိင်ဆက်ဆံချိန် နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ လေ့လာချက်အရ အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့်ဟာ မွေးလမ်းကြောင်း ထိုးသွင်းလိင်ဆက်ဆံချိန်ကြရင် နာကျင်မှုကို ခံစားကြရကြောင်းဆိုပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံချိန်တိုင်း အမြဲနာကျင်နေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွား ရောက်ပြသသင့်ပါတယ်။

    • ကလေးမွေးဖွားချိန်မှာ ပြောင်းလဲလာခြင်း။

    ကလေးမွေးဖွားတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ကလေးမွေးပေးဖို့ အတွက်ပိုကြီးပြီး ကျယ်ပြန့်လာနိုင်ပါတယ်။ ဒါပေမဲ့ မွေးဖွားပြီးချိန်မှာ မွေးလမ်းကြောင်းဟာ သူ့ပုံမှန် အရွယ်အစား ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီလို ပုံမှန်အရွယ်အစားအတိုင်းဖြစ်ဖို့ အချိန်တစ်ခုတော့စောင့်ရပြီး ချက်ခြင်းတော့ ပုံမှန်အတိုင်းဖြစ်သွားမှာမဟုတ်ပါဘူး။ မွေးလမ်းကြောင်းရဲ့ သဘာဝ အရွယ်အစားနဲ့ ကျုံ့နိုင်၊ ချဲ့နိုင်စွမ်းဟာ အသက်ကြီးလာတာနဲ့ အမျှ ပြောင်းလဲလာနိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဒီပြောင်းလဲမှုတွေနဲ့ လိုက်လျောညီဖြစ်အာင် တင်ပါးဆုံအောက်ခြေ ကြွက်သားများ သန်မာအောင် လေ့ကျင့်တာမျိုးတွေ လုပ်သင့်ပါတယ်။

    • မွေးလမ်းကြောင်း အရမ်းကျပ်မှာကိုစိုးရိမ်နေပါသလား။

    မွေးလမ်းကြောင်းကို ကျပ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီအထဲက အများစုကို အလွယ်တကူကုသလို့ရပါတယ်။ အကြောင်းရင်းတွေကတော့-

    • လိင်စိတ်လုံလောက်စွာ မထကြွခြင်း (သို့မဟုတ်) ချောဆီ လုံလောက်စွာ မထွက်ခြင်း။

    လိင်စိတ် နှိုးဆော်တဲ့အချိန်မှာ ခန္ဓါကိုယ်ကနေ သဘာဝချောဆီထွက်ရှိလာမှာ ဖြစ်ပါတယ်။ လိင်စိတ်နှိုးဆော်ဖို့အတွက် မြေစမ်းခရမ်းပျိုးအဆင့်ကို အချိန်ပိုယူသင့်ပြီး မွေးလမ်းကြောင်းအစေ့ (Clitoris) ကိုလှုံ့ဆော်ခြင်းဖြင့်လည်း မွေးလမ်းကြောင်း ချောဆီထွက်နိုင်ပါတယ်။ ဒါပေမဲ့ လိင်စိတ်နှိုးဆော်ပြီးတဲ့ အချိန်မှာတောင် လိင်ဆက်ဆံခြင်းက နာကျင်နေမယ်ဆို ချောဆီများကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။

    • ကူးစက်ရောဂါများ။

    လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေဟာ မွေးလမ်းကြောင်းရဲ့ အရွယ်အစားနဲ့ အတိုင်းအတာကို မပြောင်းလဲစေနိုင်ပါဘူး။ ဒါပေမဲ့ STI တွေဟာ လိင်ဆက်ဆံချိန်မှာ ပိုပြီး နာကျင်စေနိုင်ပါတယ်။

    • ထိခိုက်ဒဏ်ရာရခြင်း။

    တင်ပါးဆုံ ဧရိယာတစ်ဝိုက်နဲ့ လိင်အင်္ဂါများ ထိခိုက်ဒဏ်ရာ ရထားခြင်းက လိင်ဆက်ဆံရာမှာ ပိုပြီး နာကျင်စေနိုင်ပါတယ်။ ဒီလို ဒဏ်ရာမျိုးတွေရှိနေမယ်ဆိုရင် အပြည့်အဝ ပျောက်ကင်းသည်အထိ လိင်မှုကိစ္စတွေကနေ ရှောင်ဖို့လိုပါတယ်။သင်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံထားရမယ်ဆိုရင်လည်း သေသေချာချာ မကုသရသေးခင်အထိ လိင်ဆက်ဆံခြင်းက သင့်အတွက် အမြဲခက်ခဲနေနိုင်ပါတယ်။

    • လိင်အင်္ဂါများပုံမှန်မဟုတ်ခြင်း။

    တစ်ချို့သောအမျိုးသမီးတွေမှာ အရမ်းထူတဲ့ အပျိုမြှေးတွေ ရှိတတ်ကြပါတယ်။ လိင်ဆက်ဆံချိန်မှာလိင်တံ (သို့မဟုတ်)Sex Toy က ဒီအပျိုမြှေးကိုသွားထိနိုင်ပြီး နာကျင်နိုင်ပါတယ်။ အပျိုမြှေးက စုတ်ပြဲသွားမယ်ဆိုရင် လိင်ဆက်ဆံချိန် ထိတာနဲ့ နာကျင်စေနိုင်ပါတယ်။

    • မွေးလမ်းကြောင်း ကြွက်သားများ ကြုံ့ခြင်း။ (Vaginismus)

    Vaginismus ဆိုတာဟာ မွေးလမ်းကြောင်းထဲ လိင်တံ (သို့မဟုတ်) မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရတဲ့ tampon တောင့်နဲ့ Sex Toy လို ပြင်ပ အရာတွေ ဝင်သွားတဲ့ အချိန်မှာ မွေးလမ်းကြောင်း ကြွက်သားတွေ ကြုံသွားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ များသော အားဖြင့် စိတ်ရှုပ်ခြင်းနဲ့ အကြောက်တရားကြောင့် ဖြစ်တတ်ကြပြီး ဒီလိုအခြေအနေခံစားနေကြရတဲ့ အမျိုးသမီးတွေမှာ Tampon ထည့်သွင်းတဲ့အခါမျိုး တင်ပါးဆုံကျန်းမာရေး စစ်ဆေးတဲ့ အခါမျိုးမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒီဝေဒနာကို ကုသဖို့အတွက် ကုသမှု နည်းစနစ်တွေ များစွာပါဝင်ပြီး လိင်ပိုင်းဆိုင်ရာ ကုသမှု အပြင် စကားပြောဆိုပြီး ကုသရတဲ့ နည်းလမ်းတွေပါ ပါဝင်ပါတယ်။

    • မွေးလမ်းကြောင်းက အရမ်းချောင်နေမှာကို စိုးရိမ်နေပါသလား။

    ပတ်ဝန်းကျင်မှာ ပြောလေ့ပြောထရှိတတ်တဲ့ စကားတွေကြောင့် သင်ဟာ မွေးလမ်းကြောင်းက အရမ်းချောင်နေမှာကို စိုးရိမ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေက မမှန်ပါဘူး။ ကလေးမွေးဖွားခြင်းဟာ မွေးလမ်းကြောင်းရဲ့သဘာဝအနေအထားအတိုင်း ကျပ်ခြင်းကို ပြောင်းလဲစေနိုင်တယ်ဆိုပေမဲ့ မွေးလမ်းကြောင်းက ကလေးမွေးဖွားပြီးသွားတာနဲ့ ပုံမှန်အချိန်ကို ပြန်ရောက်သွားနိုင်ပါတယ်။ ဒီလို အခြေအနေဟာ မူလအခြေအနေနဲ့ မတူတော့တာကို ခံစားရနိုင်ပေမဲ့ ပုံမှန်အတိုင်းမတင်းကျပ်တော့တာတော့ မဟုတ်ပါဘူး။ သင်ဟာ လတ်တလော မီးဖွားထားမယ်ဆိုရင် တင်ပါးဆုံအောက်ခြေ ကြွက်သားကို လေ့ကျင့်ပြီး မူရင်း ကြွက်သားသန်မာမှုကို ရအောင် လေ့ကျင့်လို့ရပါတယ်။ သန်မာတဲ့ တင်ပါးဆုံ အောက်ခြေ ကြွက်သားရှိခြင်းဟာ မွေးလမ်းကြောင်းရဲ့ ပုံစံကို ပြောင်းလဲစေမှာတော့ မဟုတ်ပေမဲ့မွေးလမ်းကြောင်းကို ပိုမို ထိန်းချုပ်လာနိုင်စေပြီး လိင်ဆက်ဆံမှုကို ပိုပြီးသာယာလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တင်ပါးဆုံ ကြွက်သားသန်မာခြင်းဟာ မီးဖွားအပြီးမှာ ဖြစ်တတ်တဲ့ ဆီးထွက်ကျခြင်းကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလို တင်ပါးဆုံ ကြွက်သားတွေ သန်မာဖို့အတွက် လုပ်နိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ Kegel လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

    Kegel လေ့ကျင့်ခန်းကို ဘယ်လို လုပ်ရမလဲ။

    Kegel လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အကောင်းဆုံးကတော့ ဆီးသွားနေတဲ့ အချိန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားချိန်မှာ ဆိုရင် သင် ဘယ်ကြွက်သားကို ညှစ်နေလဲဆိုတာ သိနိုင်လို့ ဖြစ်ပါတယ်။ သင့်ရဲ့ ဆီးသွားမှု ပုံစံပြောင်းလဲသွားရင်သင်ဟာ မှန်ကန်တဲ့ တင်ပါးဆုံအောက်ခြေ ကြွက်သားနဲ့ လေ့ကျင့်နေတာ ဖြစ်ပြီးတော့ ဆီးသွားမှု ပုံစံမပြောင်းလဲသွားရင်တော့ သင်ဟာ မှန်ကန်တဲ့ ကြွက်သားကို မညှစ်နိုင်သေးဘူးလို့ ဆိုရမှာပါ။

    လေ့ကျင့်ရမယ့် ပုံစံကတော့ ဆီးသွားနေချိန်မှာ ဆီးသွားနေတာ ရပ်သွားအောင် တင်ပါးဆုံ ကြွက်သားများကို အသုံးပြီးပြီး ညှစ်လိုက်ပါ။

    ပထမဆုံး အကြိမ်မှာတော့ သင် ကောင်းကောင်း လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ လုပ်ရမှာက တင်ပါးဆုံ အောက်ခြေ ကြွက်သွားတွေကို ညှစ်ပြီး စက္ကန့် အနည်းငယ်လောက် ဆီးအောင့်ထားလိုက်ပါ။ အဲ့နောက် ဆီးပြန်ထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ဆီးသွားတဲ့ အခါတိုင်း မလုပ်ပါနဲ့။ သင့်အနေနဲ့ ဘယ်ကြွက်သားကို တင်းကြပ်ရမလဲဆိုတာ မသိသေးခင်အထိ သာ လုပ်ပါ။ သင်အနေနဲ့ ဆီးသွားချိန်မှာ ဒီလိုလေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်လည်း ပုံမှန်အချိန်မှာ မွေးလမ်းကြောင်းထဲ လက်ချောင်း ၁ ချောင်း (သို့မဟုတ်) ၂ ချောင်းခန့်ထည့်ပြီး တင်ပါးဆုံ အောက်ခြေကြွက်သားများကို ညှစ်ကြည့်ပါ။ သင့်လက်ချောင်းကနေ မွေးလမ်းကြောင်း အနည်းငယ်ကျပ်လာကြောင်းခံစားရတယ်ဆိုရင် သင်ဟာ ကြွက်သားများကို မှန်မှန်ကန်ကန် အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒီလို ညှစ်ရတဲ့ လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ဆောင်ပါ။ လေ့ကျင့်ခန်း အရေအတွက်တော့ တစ်နေ့ကို ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ပါ။ တစ်ခြားလေ့ကျင့်ခန်းတွေလိုပဲ စိတ်ရှည်မယ်၊ ပုံမှန်လေ့ကျင့်နေမယ်ဆိုရင် သင့်အတွက်အကျိုးကျေးဇူး တွေကိုတွေ့လာမှာ ဖြစ်ပြီး နှစ်လမှ သုံးလအတွင်းမှာ လိင်ဆက်ဆံချိန် ခံစားမှု ပိုကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

    သွေးဆုံးချိန် မွေးလမ်းကြောင်း ချောင်ခြင်း။

    သွေးဆုံးခြင်းက သင့်ရဲ့ မွေးလမ်းကြောင်းအပေါ် ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ အီစရိုဂျင် ပမာဏ နည်းသွားတာနဲ့ သင့်ရဲ့ သဘာဝချောဆီလည်း နည်းပါးသွားမှာ ဖြစ်ပြီး လိင်ဆံချိန်မှာ ပိုပြီး နာကျင်လာမှာ ဖြစ်ပါတယ်။ ဒီလို အခါမျိုးမှာ စတိုးဆိုင်တွေမှ ဝယ်ယူနိုင်တဲ့ ရေမှ ထုတ်လုပ်တဲ့ ချောဆီတွေကို အသုံးပြုနိုင်ပါတယ်။ မွေးလမ်းကြောင်းတစ်ရှုးဟာ ဒီအသက်အရွယ်ရောက်လာတာနဲ့ ပိုမို ပါးလာမှာ ဖြစ်ပါတယ်။ ဒီလို ပါးလာခြင်းကြောင်း မွေးလမ်းကြောင်းက မချောင်သွားပေမဲ့ လိင်ဆက်ဆံချိန်မှာ ခံစားရတဲ့ အထိအတွေ့ကတော့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

    နိဂုံး။

    မွေးလမ်းကြောင်းတွေ အားလုံးဟာ တစ်ခုနဲ့ တစ်ခု လုံးဝမတူပါဘူး။ ဒါကြောင့် တစ်ခြားလူတစ်ယောက်ရဲ့ မွေးလမ်းကြောင်းနဲ့ သင်ရဲ့ မွေးလမ်းကြောင်းနဲ့ နှိုင်းယှဉ်ပြီး ပုံမှန် ဟုတ်၊ မဟုတ်ဆုံး ဖြတ်လို့ရမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ခန္ဓါကိုယ်ကို အသိဆုံးလူဟာသင်ကိုယ်တိုင်ပါ။ ဒါကြောင့် လိင်ဆက်ဆံချိန် တစ်ခုခု ထူးခြားနေမယ်ဆိုရင် ရပ်တန့်ပြီး ကုသဖို့ နည်းလမ်းကို ရှာဖွေသင့်ပါတယ်။ လိင်ကိစ္စဟာ မသက်မသာ ဖြစ်နေရမယ့် ကိစ္စတစ်ခုမဟုတ်တာကြောင့် လိင်ဆက်ဆံချိန်မှာ ကျပ်ခြင်းကြောင့် နာကျင်ခြင်းကို ခံစားရမယ်ဆိုရင် ကြိတ်မှိတ်သည်းမခံသင့်ပါဘူး။ ဒီလို ဖြစ်ရတဲ့ဝေဒနာတော်တော်များများဟာ အလွယ်တကူ ကုသလို့ရနိုင်ပါတယ်။ သင့်အနေနဲ့ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ သက်တောင့်သက်သာ မရှိခြင်းနဲ့ သွေးထွက်ခြင်းတို့ကို ကြုံရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement