backup og meta

ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ်

    သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ကောင်းကောင်းဂရုမစိုက်ဖူးဆိုရင် သင့်ဝက်ခြံဟာ နောက်ဆက်တွဲ ပြဿနာများစွာကို သယ်ဆောင်လာနိုင်ပါတယ်။ သင့်ဝက်ခြံဟာ အမာရွတ်ဖြစ်သွားနိုင်ပြီး နေလောင်ဒါဏ်ခံရရင် ပိုဆိုးလာနိုင်ပါတယ်။ ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ် ဆိုတာ လူနာအများအပြား ကြုံတွေ့ရလေ့ရှိတဲ့ အရေပြားပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေ ဘာလို့ဖြစ်ရတာလဲ ဆိုတာရယ်၊ဒီပြဿနာတွေက သင့်အသားအရေကို ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာရယ်ကို သိထားမယ်ဆိုရင် သင့်အနေနဲ့ သူတို့ကို မှန်ကန်ထိရောက်စွာ ကုသနိုင်မှာပဲ ဖြစ်ပါတယ်။

    ဝက်ခြံအမာရွတ်တွေနဲ့ နေလောင်ဒဏ်အကြောင်း သိကောင်းစရာများ

    နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံတွေ ပျောက်သွားတဲ့အခါ ဝက်ခြံအမာရွတ်တွေ ဖြစ်လာပါတယ်။ အဆီတွေ၊အရေပြားဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ ဝက်ခြံတွေ ဖြစ်တာဟာ အရေပြားကို ထိခိုက်စေတာမို့ သင့်ခန္ဓါကိုယ်က ဒါကိုပြန်ပြင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလို ပြန်ပြင်လိုက်တဲ့အတွက် အမာရွတ်တစ်ရှူးတွေ ပေါ်ပေါက်လာပြီး သင့်ရဲ့မူလအရေပြားတစ်ရှူးနဲ့ တူမှာမဟုတ်တော့ဘဲ ဝက်ခြံအမာရွတ်တွေ ဖြစ်ပေါ်လာရပါတော့တယ်။ ခပ်ထူထူအရုပ်ဆိုးတဲ့ အမာရွတ်နဲ့ ပုံမှန်ခပ်သေးသေးပြားပြား အမာရွတ်ဆိုပြီး အမာရွတ်အမျိုးအစားနှစ်မျိုးရှိပါတယ်။

    နေလောင်ဒဏ်က သင့်ဝက်ခြံအမာရွတ်တွေကို ဘယ်ပုံဘယ်နည်း ပိုဆိုးစေသလဲ။

    နေဆာလှုံလိုက်လို့ သင့်ရဲ့ ခပ်ဖြုဖြုအသားလေး အနည်းငယ်ညိုသွားပြီး အမာရွတ်ကို အုပ်သွားမယ်၊မသိသာစေတော့ဖူးလို့ ထင်ရင် သင်မှားနေပါပြီ။ နေရောင်ခြည်က သင့်ဝက်ခြံအမာရွတ်တွေကို ပိုလို့သာဆိုးစေပါတယ်။ ဘာလို့လဲ။ ဟုတ်ပြီ၊ရှင်းပြပါမယ်။ သင့်အမာရွတ်တစ်ရှူးဟာ ပုံမှန်တစ်ရှူးနဲ့ မတူကွဲပြားပါတယ်။ ပုံပန်းသဏ္ဍာန်နဲ့ အထိအတွေ့ကွာရုံသာမကပါဘူး။ အမာရွတ်တစ်ရှူးတွေဟာ ခရမ်းလွန်ရောင်ခြည်ကို ခံနိုင်စွမ်းအားလည်း နည်းပါတယ်။ အဓိပ္ပါယ်ကတော့ သင့်ဝက်ခြံအမာရွတ်တွေဟာ နေလောင်ဒဏ်ကြောင့် ထိခိုက်နိုင်ချေ ပိုများတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ နေရောင်ခြည်က သင့်အမာရွတ်ကို ပိုမည်းစေပြီး နေလောင်ဒါဏ်ကြောင့်ထိခိုက်မှုကို ပိုလာစေပါတယ်။ ဒါကြောင့် သင်အပြင်ထွက်တိုင်း ဝက်ခြံအမာရွတ်ပေါ်ကို နေလောင်ခံခရင်မ်လိမ်းဖို့ အရေပြားဆရာဝန်က အကြံပြုတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ခရမ်းလွန်ရောင်ခြည်အေ ရော ဘီ ပါ နှစ်ခုလုံးကို ကာကွယ်ပေးနိုင်ပြီး နေလောင်ဒဏ်ကာကွယ်တဲ့ SPF အနည်းဆုံး ၅၀ ပါဝင်တဲ့ နေလောင်ခံခရင်မ်ကို အသုံးပြုရပါမယ်။

    ပိုမိုလှပကောင်းမွန်တဲ့ အသားအရေအတွက် လိုက်နာရမယ့် အချက်များ

    ဝက်ခြံအမာရွတ်တွေ၊နေလောင်ဒဏ်တွေ မခံစားရစေဖို့အတွက် အရေးတကြီးပြုလုပ်ရမယ့် အရာကတော့ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်ဝက်ခြံနီရဲရောင်ရမ်းပြီး ကောင်းကောင်းလည်း မကုသဖူးဆိုရင် အမာရွတ် ဖြစ်လာနိုင်ချေ ပိုများပါတယ်။ ဝက်ခြံဖြစ်တဲ့အချိန်မှာ သင့်တော်တဲ့နည်းလမ်းတွေနဲ့ စနစ်တကျကုသပြီး အသားအရေကို ထိန်းသိမ်းမယ်ဆိုရင် အမာရွတ်ဖြစ်လာစရာအကြောင်း မရှိပါဘူး။ သင့်အနေနဲ့ ဝက်ခြံကို ညှစ်တာ ဒါမှမဟုတ် ပွတ်သပ်ကိုင်တွယ်တာမျိုး မပြုလုပ်သင့်ဖူးလို့ ဆိုလိုပါတယ်။ ရောင်ရမ်းတာတွေကို လျော့နည်းစေဖို့အတွက် ဝက်ခြံကိုသဘာဝအတိုင်း ပျောက်ကင်းပါစေ။ ဘာလို့လဲဆိုတော့ ရောင်ရမ်းတာနည်းလေလေ သင့်အရေပြားတစ်ရှူးကို ထိခိုက်မှု နည်းလေလေမို့ပဲ ဖြစ်ပါတယ်။benzoyl peroxide နဲ့ salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးစွဲပါ။ သူတို့တွေဟာ အရေပြားရောင်ရမ်းတာကို လျော့နည်းစေတဲ့အပြင် မွေးညင်းပေါက်တွေပိတ်တာကိုပါ ကာကွယ်ပေးလို့ပဲ ဖြစ်ပါတယ်။

    နေလောင်ဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် နေပူထဲကိုလည်း တတ်နိုင်သမျှ မထွက်ပါနဲ့။ နေပူရှိန်အပြင်းဆုံးဖြစ်တဲ့ မနက်ဆယ်နာရီနဲ့ နေ့လည်နှစ်နာရီကြားကာလမှာ နေပူထဲမထွက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တကယ်လို့ မဖြစ်မနေ နေပူထဲ ထွက်ရတော့မယ်ဆိုရင်လည်း နေလောင်ခံခရင်မ်တွေ လိမ်းဖို့နဲ့ လုံလုံခြုံခြုံဝတ်စားသွားလာဖို့ မမေ့ပါနဲ့။ လေဆာပစ်တာ ဒါမှမဟုတ် ဆေးထိုးတာ အစရှိတဲ့ ခွဲစိတ်စရာမလိုတဲ့ ကုသမှုလေးတွေကိုလည်း ပြုလုပ်လို့ ရပါသေးတယ်။ လေဆာပစ်ပြီး ကုသခြင်းဟာ ဝက်ခြံအမာရွတ်ရှိနေတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပေးတာဖြစ်တဲ့အတွက် အရေပြားကို ညီညာစေပြီး collagen (ကော်လဂျင်) ဓါတ်ထွက်ရှိမှုကိုလည်း အားပေးကူညီပေးပါတယ် (collagen ဆိုတာ အရေပြားအသစ်ဖြစ်ပေါ် ဖွဲ့စည်းမှုမှာ အရေးကြီးတဲ့ ပရိုတင်းတမျိုးဖြစ်ပါတယ်)။collagen ဟာ အရေပြားကို နူးညံ့ပြီး ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်လာစေပါတယ်။ အမာရွတ်အသေးလေးတွေမှာ လိုအပ်နေတဲ့ တစ်ရှူးနေရာတွေကို ဖြည့်ပေးဖို့ collagen ကို အသုံးပြုပါတယ်။ လေဆာပစ်ခြင်းနည်းတူ filler ထိုးခြင်းဟာလည်း အမာရွတ်အသေးလေးတွေမှာ လစ်ဟာနေတဲ့ တစ်ရှူးနေရာတွေကို collagen ဓါတ်နဲ့ ဖြည့်ပေးပါတယ်။ ဒါပေမယ့် filler ထိုးတာဟာ အာနိသင်ပြဖို့ အချိန်ပိုလိုအပ်ပါတယ်။collagen ဆိုတာ ပရိုတင်းမော်လီကျူးအကြီးစားဖြစ်ပြီး ကျွန်တော်တို့ရဲ့ အရေပြားက အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ သင့်အသားအရေကို သင်ထင်ထားတာထက် ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဝက်ခြံအမာရွတ်တွေနဲ့ နေလောင်ဒဏ်တွေအကြောင်း နားလည်ထားမယ်ဆိုရင် အသားအရေထိန်းသိမ်းမှုကို အန္တရာယ်ကင်းကင်းနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ နေထိုင်မှုဘဝကို ထိန်းသိမ်းထားဖို့က အင်မတန် အရေးကြီးပြီး တကယ်လို့ သင့်အရေပြားနဲ့ ပတ်သက်လို့ ပြဿနာရှိနေပြီလို့ထင်ရင် အရေပြားဆရာဝန်နဲ့ အမြန်ဆုံးပြသတိုင်ပင်ရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement