brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

History And Physical Exam For Copd (COPD အဆုတ်ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

History And Physical Exam For Copd (COPD အဆုတ်ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။

Chronic obstructive pulmonary disease (COPD) ဟာ အသက်ရှူရခက်ခဲတဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါနှစ်မျိုး ပေါင်းစည်းနေခြင်းပဲ ဖြစ်ပါတယ်။ (နာတာရှည်အဆုတ်လေပြွန်ရောင်ခြင်းနှင့် အဆုတ်လေအိတ်လေးများပျက်စီးခြင်း)။ အချိန်ကြာလာတဲ့အမျှ အသက်ရှူကျပ်ခြင်းနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

COPD ကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒါပေမယ့် ဆေးတွေနဲ့ လူနေမှုပုံစံ ပြောင်းလဲခြင်းတွေက လက္ခဏာတွေကို သက်သာစေပါတယ်။

COPD ကို နှေးကွေးစေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဆေးလိပ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။

သင့်ကျန်းမာရေးရာဇဝင်ဟာ သင့်ဆရာဝန်ကို Chronic obstructive pulmonary disease (COPD) အကြောင်း သိရှိစေဖို့၊ ရောဂါရှာဖွေအတည်ပြုနိုင်ဖို့ အချက်အလက်တွေကို ပြောပြနိုင်ပါတယ်။

History and physical exam for COPD တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ကျန်းမာရေးရာဇဝင်မေးခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်းကို ရောဂါအတည်ပြုဖို့ ပြုလုပ်ကြတာဖြစ်ပါတယ်။ သူတို့ဟာ ဆရာဝန်နဲ့ ပြသရင် ပြုလုပ်လေ့ရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ပြင်ဆင်မှု

History and physical exam for COPD ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

နှလုံးအကြောင်းကို သေချာစွာ ကျန်းမာရေးရာဇဝင်မေးခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်းဟာ COPD နဲ့ တူတဲ့ ရောဂါလက္ခဏာတွေ ရှိတဲ့ နှလုံးရောဂါကို ဖယ်ထုတ်နိုင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါရော COPD ဖြစ်ပွားမှုကိုပါ တိုးမြှင့်စေပါတယ်။ နှလုံးရောဂါ စစ်ဆေးမှုဟာ နှလုံးခုန် မြန်ခြင်း (သို့) နှလုံးပျက်စီးခြင်းတွေကို ဖေါ်ပြနိုင်ပါတယ်။

အသည်းဟာ ကြီးလာနိုင်ပြီး ဘယ်ဘက်အခြမ်းနှလုံး ပျက်စီးခြင်းကြောင့် ဖြစ်တာ ဖြစ်ပါတယ်။

စမ်းသပ်စစ်ဆေးမှုရဲ့ အဖြေတွေဟာ ကွာခြားမှု ရှိပါတယ်။ လူတိုင်းဟာ ရောဂါလက္ခဏာတွေ (သို့) COPD ရဲ့ လက္ခဏာတွေကို ခံစားရမှာ မဟုတ်ပါဘူး။

History and physical exam for COPD တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင်အရင်တုံးက ဖြစ်ခဲ့တဲ့ ရောဂါနဲ့ ကုသမှုတွေအကြောင်းကို အသေးစိတ် ပြင်ဆင်ထားသင့်ပါတယ်။ အရင်က နာမကျန်းမှု သေးသေးလေးဟာ သင့်အတွက် အရေးမကြီးခဲ့ရင်တောင် ဒီပြဿနာကို ဆရာဝန်က သိရှိခြင်းဟာ ရောဂါအတည်ပြုမှုမှာ အထောက်အကူ ပေးပါတယ်။ ဒါ့ပြင် အရင်ကနဲ့ အခု ဖြစ်နေတဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိခြင်းဟာ သင့်ဆရာဝန်ကို အကောင်းဆုံး ဆုံးဖြတ်မှုမှာ ကူညီပေးနိုင်ပါတယ်။

ရောဂါရာဇဝင်မေးမြန်းခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လတ်တလော သောက်နေတဲ့ ဆေးတွေအကုန်ကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဆေး နာမည်တွေနဲ့ ပမာဏတွေကို ရေးချသွားတာ အကောင်းဆုံး ဖြစ်ပါတယ်။

စစ်ဆေးမှု

History and physical exam for COPD နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

ရောဂါရာဇဝင် မေးမြန်းစဉ်မှာ သင့်ဆရာဝန်ဟာ အောက်ပါအချက်တွေကို မေးမြန်းမှာ ဖြစ်ပါတယ်။

မောပန်းခြင်း

• ပထမဆုံးမောပန်းခြင်းဟာ ဘယ်အချိန်မှာ စတင်တာလဲ။ (လေ့ကျင့်ခန်း လုပ်နေစဉ် (သို့) အနားယူနေစဉ်)

• ဘယ်နှစ်ကြိမ် မောတာလဲ။

• မောတာ ဘယ်လောက်ကြာပြီလဲ။ ပိုဆိုးလာသေးလား။

• ဘယ်လောက်ဝေးဝေး လမ်းလျှောက်နိုင်သလဲ။ မောပန်းခြင်းကြောင့် မရပ်လိုက်ရခင် လှေကားဘယ်နှစ်ထစ် တက်နိုင်သလဲ။

ချောင်းဆိုးခြင်း

• ဘယ်နှစ်ကြိမ် (သို့) ဘယ်တော့ ချောင်းဆိုးတာလဲ။

• ချောင်းဆိုးတာ ဘယ်လောက် ကြာပြီလဲ။ ပိုဆိုးလာသေးလား။

• ချောင်းဆိုးရင် ချွဲပါလား။ ဘာအရောင်လဲ။

• ချောင်းဆိုးရင် သွေးပါသေးလား။

• သင်နဲ့ သင့်အိမ်မှာ ဆေးလိပ်သောက်သူ ရှိသလား။ ဆေးလိပ်သောက်တယ်ဆိုရင် ဘယ်လောက်ကြာပြီလဲ။ တစ်နေ့ကို စီးကရက် ဘယ်နှစ်လိပ်လောက်သောက်သလဲ။ ရပ်လိုက်တာ ဘယ်လောက်ကြာပြီလဲ။ ဆေးလိပ်ဖြတ်နိုင်တယ်လို့ ထင်သလား။ အစရှိသည်များ

• လေထု ညစ်ညမ်းမှုတွေကြောင့် ဖြစ်တဲ့ ဖုန်တွေ၊ ဓါတုပစ္စည်းတွေ

• ကလေးဘဝတည်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

• မိသားစုအတွင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရှိမရှိ

• သင့်အခြေအနေဟာ ပုံမှန်ဘဝကို ဘယ်လောက် ထိခိုက်နေပြီလဲ။ အလုပ်ပျက်နေလား၊ လုပ်နေကျအလုပ်တွေ မလုပ်နိုင်ဘူးလား၊ စိတ်ဓါတ်ကျနေလား။

• သင်သောက်နေတဲ့ ဆေးတွေနဲ့ ဆေးပမာဏတွေအကုန် (ရှူဆေးတွေ အပါအဝင်)

• ဘယ်လို မိသားစု (သို့) လူမှုရေးပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ရှိလဲ။

စမ်းသပ်စစ်ဆေးစဉ်မှာသင့်ဆရာဝန်က ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုမှာ အောက်ပါ အချက်တွေ ပါဝင်ပါတယ်။

• ကိုယ်ခန္ဓါ အပူချိန်၊ အလေးချိန်၊ BMIခန္ဓါကိုယ်အညွှန်းကိန်း

• နား၊ မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း အစရှိသည်ကို ရောဂါပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးခြင်း

• နှလုံး၊ အဆုတ် အစရှိသည်ကို နားထောင်ခြင်း

• လည်ပင်းသွေးကြောတွေအတွင်း သွေးနောက်ပြန်စီး ဝင်ခြင်းရဲ့ လက္ခဏာများ (ဒါဟာ cor-pulmonale လို့ ခေါ်တဲ့ နှလုံးရောဂါတစ်ခုရဲ့ ပြဿနာကို ညွှန်ပြနိုင်ပါတယ်။)

• ဗိုက်ကိုစမ်းသပ်ခြင်း

• သင့်လက်ချောင်းတွေနဲ့ နှုတ်ခမ်းတွေကို အရေပြား ပြာခြင်း ရှိမရှိ စစ်ဆေးခြင်း

• ခြေထောက်တွေ၊ ခြေဖဝါးတွေကို ရောင်ရမ်းခြင်း ရှိမရှိ စစ်ဆေးခြင်း

စစ်ဆေးပြီးနောက်

History and physical exam for COPD လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စမ်းသပ်စစ်ဆေးခြင်းဟာ နာကျင်မှု မရှိပါဘူး။ ဗိုက်စမ်းသပ်မှာတော့ အနည်းငယ် သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်နိုင်ပါတယ်။

သင့်ဆရာဝန်ဟာ သင့်ရောဂါအခြေအနေကို ဆွေးနွေးပြီး သင့်လျော်တဲ့ ကုသမှုတွေ ပေးမှာ ဖြစ်ပါတယ်။ တခါတရံမှာ သင့်ဆရာဝန်ဟာ ထပ်မံစစ်ဆေးမှုတွေကို တောင်းဆိုနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

History And Physical Exam For Copd (COPD အဆုတ်ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ရောဂါရာဇဝင်စစ်ဆေးခြင်းဟာ သင့်မှာ COPD ရှိတယ် ဆိုတာ ပြောနိုင်ပါတယ် (သို့) COPD ရှိဖို့ အခွင့်အလမ်းများတဲ့ အချက်တွေကို သိရှိစေနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမှုဟာလည်း COPD ကို ရှာဖွေနိုင်ပါတယ်။

COPD ရဲ့ လက္ခဏာတွေကတော့-

• ရင်အုပ်က ဘေးတိုက်ကြည့်လျှင် စည်ပိုင်းကဲ့သို့ ဖောင်းနေခြင်း

• ပုံမှန်အသက်ရှူစဉ် တရွှီရွီ အသံများကြားရခြင်း

• လေအကုန် ပြန်ရှူထုတ်ရန် အချိန်ကြာခြင်း

• အသက်ရှူသံတွေ ကျဆင်းခြင်း (သို့) ပုံမှန်မဟုတ်သော အသက်ရှူသံတွေ ကြားရခြင်း

စမ်းသပ်စစ်ဆေးမှု အချို့ဟာ သင့်ဆရာဝန်ကို ကျန်းမာရေး အခြေအနေ ပြင်းထန်မှုကို စမ်းစစ်ရာမှာ ကူညီပေးပါတယ်။

• ငြိမ်သက်စွာ အသက်ရှူစဉ်မှာ လည်ပင်းကြွက်သားများ အစရှိတဲ့ အပိုကြွက်သားတွေ အလုပ်လုပ်ခြင်း

• စေ့ထားတဲ့ နှုတ်ခမ်းမှ တစ်ဆင့် အသက်ရှူခြင်း

• မနားဘဲ စကားတစ်ခွန်း ပြည့်အောင် ဆက်တိုက် မပြောနိုင်ခြင်း

• လက်သည်းထိပ် ပြာခြင်း (သို့) လက်လည်းခွံအောက် ပြာခြင်း

• ခြေထောက် (သို့) ဗိုက် ရောင်ရမ်းခြင်း

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2019 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။