backup og meta

Flexible Cystoscopy For Women (အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ flexible cystoscopy ဆိုတာဘာလဲ။

    သင့်ဆီးအိမ်ထဲမှာ ဘာပြဿနာရှိလဲသိနိုင်ဖို့ ဆီးအိမ်ထဲ မှန်ပြောင်းအပျော့လေးထည့်ပြီး စစ်ဆေးကြည့်ရှုတာကို flexible cystoscopy လို့ ခေါ်ပါတယ်။ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်းဟာ ဆီးအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သိရှိအဖြေရှာနိုင်ဖို့အတွက် အထူးသင့်တော်ပြီး အန္တရာယ်လည်း မရှိတဲ့ စစ်ဆေးမှုတမျိုး ဖြစ်ပါတယ်။

    ဆီးကျဉ်တာ၊ဆီးထဲသွေးပါတာမျိုး ခံစားနေရရင် ဒါမှမဟုတ် ဆီးပိုးဝင်ရောဂါ မကြာခဏဖြစ်တတ်သူတွေ၊ဆီးမအောင့်နိုင်သူ၊မထိန်းနိုင်သူတွေနဲ့ ဆီးခဏခဏသွားချင်သူတွေမှာ flexible cystoscopy လုပ်ဖို့(မှန်ပြောင်းကြည့်ဖို့) လိုအပ်မှာ ဖြစ်ပါတယ်။ မှန်ပြောင်းအပျော့နဲ့ ကြည့်ရှုစစ်ဆေးခြင်း မလုပ်ချင်ဖူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။

    · တယ်လီဗေးရှင်းဓါတ်မှန်လို့ အရပ်ခေါ်နဲ့ ခေါ်ဝေါ်ကြတဲ့ ultrasound တမျိုး (bladder scan) ရိုက်မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ပတ်သက်ပြီး အချို့သောအချက်အလက်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

    · အချို့သော ပြဿနာတွေ၊ရောဂါတွေကို ကုသဖို့အတွက် မှန်ပြောင်းအမာစားတမျိုးကိုလည်း ဆီးအိမ်ထဲထည့်သွင်းနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီကုသမှုနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ထုံဆေး ဒါမှမဟုတ် မေ့ဆေးပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

    ဘာလို့ ဆီးအိမ်မှန်ပြောင်းကြည့်ဖို့ လိုအပ်တာလဲ။

    သင့်ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းမှာဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ဆီးအိမ်မှန်ပြောင်းကြည့်ရပါမယ်။ အတိအကျ ပြောရရင်

    · ဆီးအိမ်ထဲမှာ မူမမှန် ထူးခြားတာ ဘာတွေဖြစ်ပေါ်နေလဲ သိရှိနိုင်ဖို့။

    · ကင်ဆာကျိတ်လို့ သံသယရှိတဲ့ အနေအထားတွေမှာ အသားစယူပြီး ဓါတ်ခွဲစစ်ဆေးနိုင်ဖို့။

    · ဆီးကျောက်ဖယ်ထုတ်ခြင်းလို ကုသမှုမျိုးကို ပြုလုပ်နိုင်ဖို့အတွက် မှန်ပြောင်းကြည့်ရပါတယ်။

    ဆီးအိမ်မှန်ပြောင်းကြည့်ခြင်းက စိတ်ချရရဲ့လား။ ဘာအန္တရာယ်တွေ ရှိနိုင်သလဲ။

    ဆီးအိမ်မှန်ပြောင်းကြည့်ခြင်းကြောင့် ထူးထူးခြားခြား နောက်ဆက်တွဲပြဿနာပေါ်ပေါက်လာတာ အင်မတန်ရှားပါးပါတယ်။ ဒါပေမယ့် တချို့လူနာတွေမှာ သွေးထွက်တာ ဒါမှမဟုတ် ဆီးသွားရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ မှန်ပြောင်းကြည့်တဲ့အခါ ထုံဆေးဂျဲလ် ဒါမှမဟုတ် စပရေးဖြန်းဆေးကို အသုံးပြုတာမို့ သင့်အနေနဲ့ နာကျင်မှုခံစားရမှာ မဟုတ်ပါဘူး။

    ဒါပေမယ့် တချို့လူနာတွေအနေနဲ့ အနည်းငယ် ကသိကအောင့် ဖြစ်တာမျိုး ဒါမှမဟုတ် ကြွက်သားနာကျင်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း အစရှိတဲ့ အသေးအဖွဲဘေးထွက်ဆိုးကျိုးလေးတွေ ခံစားရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဆီးအိမ်၊ကျောက်ကပ်နဲ့ ဆီးအိမ်အဆုံးပိုင်းနေရာတွေကို ထိခိုက်စေမယ့် ဆီးပိုးဝင်ရောဂါဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်း အနည်းငယ်ရှိနေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အဖျားကြီးတာ (၃၈ဒီဂရီစင်တီဂရိတ်ထက်များတာ) အစရှိတဲ့ ကူးစက်ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေ ခံစားလာရပြီဆိုရင် ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။

    အခြားသော ကုသမှုတွေလိုပါပဲ၊ မှန်ပြောင်းကြည့်ခြင်းဟာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ အနည်းငယ်ကိုတော့ ဖြစ်စေနိုင်ပါတယ်။ဥပမာ

    · သွေးထွက်လွန်ခြင်း။

    · ကူးစက်ပိုးဝင်ခြင်း။

    · ဆီးထွက်ရာလမ်းကြောင်းကျဉ်းသွားခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    သင့်မှာ လက်ရှိခံစားနေရတဲ့ အခြားသော ရောဂါတွေအပေါ် မူတည်ပြီးတော့လည်း အထက်ပါစာရင်းမှာမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။ သင်သိလိုတာမှန်သမျှ၊မရှင်းလင်းတာမှန်သမျှကို မှန်ပြောင်းမကြည့်ခင်မှာ ဆရာဝန်ကို အသေအချာ မေးမြန်းနိုင်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်နေရင် မှန်ပြောင်းကြည့်ခြင်းကို နှောင့်ယှက်နိုင်ပါတယ်။ မှန်ပြောင်းမကြည့်ခင်မှာ ၎င်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သေချာစွာ သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ တကယ်လို့ မရှင်းလင်းတာ၊သိချင်တာတွေရှိရင် သင့်ခွဲစိတ်ဆရာဝန်ကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

    မှန်ပြောင်းမကြည့်ခင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ။

    မှန်ပြောင်းမကြည့်ခင် အချိန်အတိုင်းအတာတခုအတွင်းမှာ အစာမစားထားဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ဘယ်အချိန်လောက်ကစပြီး အစာ မစားရတော့ဖူးလဲဆိုတာကတော့ အသုံးပြုမယ့်ထုံဆေး၊မေ့ဆေး ပုံစံနဲ့ ဆိုင်တာကြောင့် သင့်ဆရာဝန်က အသေးစိတ်ညွှန်ကြားပါလိမ့်မယ်။ မှန်ပြောင်းမကြည့်ခင် တရက်နှစ်ရက်လောက်အလိုမှာ အထူးတလည် စားသောက်ရမယ့် အစားအစာပုံစံနဲ့ ပတ်သက်ပြီးတော့လည်း သင့်ဆရာဝန်က ညွှန်ကြားဦးမှာပါ။

    သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိနေတယ်လို့ ထင်ရင် ဆရာဝန်ကို ကြိုတင်ပြောပြပါ။ ဆီးလမ်းကြောင်းပိုးဝင်နေရင် မှန်ပြောင်းကြည့်ဖို့ သင့်တော်ချင်မှ သင့်တော်မှာ ဖြစ်တဲ့အတွက် ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။ ဆီးပိုးဝင်ခြင်းရှိမရှိသိနိုင်ဖို့အတွက် ဆီးစစ်ဖို့လည်း လိုပါလိမ့်မယ်။

    မှန်ပြောင်းဘယ်လို ကြည့်သလဲ။

    ဆီးအိမ်ထဲ မှန်ပြောင်းအပျော့စားထည့်ပြီးကြည့်တာဟာ ငါးမိနစ်လောက်ပဲ ကြာမြင့်လေ့ရှိပါတယ်။ သင့်ဆရာဝန်အနေနဲ့ အဆိုပါ မှန်ပြောင်းအပျော့လေးကို ဆီးသွားတဲ့ အပေါက်ကတဆင့် အထဲကို ထည့်ပါလိမ့်မယ်။ ပြီးရင် ဆီးအိမ်ရဲ့ ဘေးနံရံတွေမှာ တစုံတရာ ပြဿနာရှိမရှိ သိနိုင်ဖို့အတွက် မှန်ပြောင်းလေးကနေတဆင့် သင့်ဆရာဝန်က ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။

    အသားစနမူနာ ယူဖို့လိုအပ်ရင်လည်း ယူပါလိမ့်မယ်။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    မှန်ပြောင်းကြည့်ပြီးရင် ဘာတွေဆက်လုပ်ရမလဲ။

    မှန်ပြောင်းကြည့်ပြီးတဲ့နေ့မှာပဲ အိမ်ပြန်နိုင်မှာဖြစ်ပါတယ် (ဆီးထွက်ပြီးတဲ့ အချိန်ထိတော့ စောင့်ရပါမယ်)။ အထူးတလည် ညွှန်ကြားထားတာမျိုး မရှိဖူးဆိုရင် မှန်ပြောင်းကြည့်ပြီးတဲ့ နောက်တနေ့မှာပဲ လုပ်ငန်းခွင်ပြန်ဝင်နိုင်ပါပြီ။

    လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် သင့်ကျန်းမာရေးကို အထောက်အကူပြုမှာဖြစ်ပေမယ့် လေ့ကျင့်ခန်းမလုပ်ခင်မှာတော့ သင့်ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ရပါမယ်။ မှန်ပြောင်းကြည့်တာကနေ သိရှိလာတဲ့ ရလာဒ်တွေကို ဆရာဝန်က သင့်ကို ပြောပြမှာဖြစ်ပြီး ဆက်လက်ကုသဖို့လိုတယ်ဆိုရင်လည်း ကုသမှုနည်းလမ်းတွေနဲ့ ပတ်သက်လို့ အကြံပြုဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement