backup og meta

စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား ၁၀ ခွန်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား ၁၀ ခွန်း

    စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား

    ကိုယ့်သူငယ်ချင်းတစ်ယောက်၊ ချစ်သူ၊ မိသားစုဝင်တစ်ယောက်ယောက် အရမ်း စိတ်ထိခိုက်နေတဲ့ချိန်မှာ နှစ်သိမ့်ပေးဖို့၊ သက်သာအောင် လုပ်ပေးဖို့ ကြိုးစားပေမယ့် ဘာပြောရမှန်းမသိဖြစ်ဖူးလား။

    ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့ချိန်မှာ ဘေးလူပြောတဲ့စကားတစ်ခွန်းကြောင့် ပိုဆိုးသွားတာမျိုးကြုံဖူးလား။ ဘေးလူတွေကတော့ စေတနာနဲ့ ကောင်းစေချင်တဲ့ ဆန္ဒနဲ့ တတ်နိုင်သလောက် အားပေးကြပေးမယ့် စေတနာအမှားတွေ ဖြစ်တတ်ပါတယ်။

    စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား

    အထူးသဖြင့် စိတ်ထိခိုက်လွယ် စိတ်အားငယ်လွယ်စေတဲ့ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ရောဂါရှိတဲ့ သူတွေအတွက်ဆို ပိုဆိုးတတ်ပါတယ်။

    ကိုယ့်ဒီလိုစကားတွေကို ပြောမိနေပြီလား၊ စိတ်ညစ်နေတဲ့သူတွေဟာ ဘယ်လိုစကားမျိုးကို ကြားချင်လဲ၊ ဘယ်လိုစကားမျိုးကို မကြားချင်ဘူးလဲ၊ ဘယ်လိုမျိုး နှစ်သိမ့်သင့်လဲဆိုတာလေးကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

    ၁။ နင်တစ်ခါလောက်ပျော်ပျော်နေကြည့်ပါလား။

    ပျော်ကြည့်ပါလားလို့ပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်အခြေအနေကို မထီမဲ့မြင်လုပ်သလိုမျိုးဖြစ်သွားတဲ့အပြင် လျစ်လျူရှုသလိုဖြစ်သွားတတ်ပါတယ်။ စိတ်ကျရောဂါဖြစ်နေတဲ့သူတိုင်းဟာ ကင်ဆာဖြစ်နေတဲ့သူတွေလိုပါပဲ။ ကင်ဆာဖြစ်နေတဲ့သူကို နင်ကျန်းမာအောင်နေပါလားလို့သွားပြောသလိုပဲ။  စိတ်ကျရောဂါသည်တွေမှာလည်း သူများလို ပျော်နိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးရှိပြီးသားမို့လို့ပါ။

    ဒါဆိုဘယ်လိုပြောရမလဲ။

    နင်စိတ်မပျော်တာ ငါသတိထားမိတယ်။ ငါကူညီပေးနိုင်တာရှိလား။

    ၂။ နင်စိတ်ညစ်တာတွေ အားလုံးက နင့်ခေါင်းထဲမှာ ဖြစ်နေတာပါ။

    ဒီလိုပြောလိုက်တာဟာ နင့်ရဲ့စိတ်ကျရောဂါဟာ တကယ့်ရောဂါမဟုတ်ပါဘူး။ နင်ကမရှိတာကို ရှိသလိုလုပ်နေတာပါလို့ အဓိပ္ပါယ်သက်ရောက်သွားပါတယ်။

    ဘယ်လိုပြောသင့်လဲ။

    ငါနင့်ကို နားလည်အောင် ကြိုးစားပါမယ်။

    ၃။ နင့်အတွက်မှမဟုတ်ဘူး။ ဘဝကြီးက ဘယ်သူ့အတွက်မှ မတရားဘူး။

    စိတ်ကျရောဂါရှိတဲ့သူတွေတိုင်းက ပုံမှန်လူတွေလို မတွေးနိုင်တာမဟုတ်ပါဘူး။ ဘာလို့ငါ့ကျမှဒီလိုဖြစ်ရတာလဲ ဆိုတဲ့အတွေးရှိကောင်းရှိနိုင်ပေမယ့် အများအားဖြင့်တော့ သူတို့ဖြစ်နေတဲ့ အတွေးတွေကို သိနေရဲ့နဲ့  မတွန်းလှန်နိုင်ကြပါဘူး။ ဘဝကြီးက မတရားဘူးဆိုတာ သူတို့သိပါတယ်။ သိပြီးသားကို ထပ်ပြောလည်း ထူးမှာမဟုတ်ပါဘူး။

    ဘယ်လိုပြောသင့်လဲ။

    နင်ခက်ခဲနေတာတွေ၊ ရုန်းကန်နေရတာတွေကို ငါမြင်ပါတယ်။ ကူညီပေးလို့ရတာဆို ကူညီပေးချင်ပါတယ်။

    ၄။ နင့်လောက်တောင် ကံမကောင်းတဲ့သူတွေ ကမ္ဘာပေါ်မှာအများကြီးရှိတယ်။

    ဒီစကားက မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေ၊ ငတ်မွတ်ခေါင်းပါး ရေတစ်ပေါက်တောင် မသောက်ရတဲ့သူတွေရှိတယ်။ နင့်မှာ နေစရာအိမ်ရှိတယ်၊ စားစရာရှိတယ်၊ ပညာတတ်တယ်၊ နင့်ကိုချစ်တဲ့မိဘတွေရှိတယ်ဆိုပြီးပြောလို့ရပါတယ်။ ဒါပေမဲ့ စိတ်ကျရောဂါရှိနေတဲ့သူတိုင်းဟာ သူတို့ဘဝအခြေအနေ မပြည့်စုံလို့ ရောဂါခံစားနေရတာမဟုတ်ပါဘူး။ ငွေကြေးရှိ၊ ရုပ်ကလည်းလှ၊ အောင်မြင်မှုတွေနဲ့လည်းပြည့်စုံနေတဲ့ ကမ္ဘာကျော်အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း လက်ရှိ စိတ်ကျရောဂါခံစားရတဲ့သူတွေရှိသလို အဆုံးစီရင်သွားတဲ့သူတွေလည်း မနည်းပါဘူး။

    ဘယ်လိုပြောသင့်လဲ။

    နင့်နေရာမှာသာဆိုရင် ဘယ်သူမဆို ဒီလိုခံစားရမှာ။ နင်ခံစားနေရတာ ငါနားလည်ပါတယ်။

    ၅။ သူများတွေပျော်နေတဲ့ချိန်မှာ နင်စိတ်ညစ်နေပြန်ပြီလား။

    စိတ်ကျရောဂါသည်တွေဟာ ပုံမှန်လူတွေလိုမျိုး ပျော်ရွှင်စရာကိစ္စတွေကို ပျော်ရွှင်စရာလို့ မခံစားတတ်ကြပါဘူး။ နင်ပျော်ရမယ်၊ နင်ပျော်သင့်တယ်လို့ပြောလိုက်တာဟာ သူတို့ဒီလိုစိတ်ဓာတ်ကျနေတာ အပြစ်ကြီးတစ်ခုလား ဆိုပြီး သူတို့ကိုယ်ကို အပြစ်ပြန်တင်နိုင်ပါတယ်။ သူများအပေါ်ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ် ဆိုတဲ့ ခံစားချက်လည်း ရနိုင်ပါတယ်။

    ဘယ်လိုပြောသင့်လဲ။

    ငါတို့ဒီနေ့မုန့်သွားစားကြမလား။

    အိမ်နားမှာ ကော်ဖီဆိုင်အသစ်ဖွင့်တယ်။ သွားထိုင်ရအောင်လေ။

    အကယ်၍ ငြင်းခဲ့ရင်လည်း နင့်အိမ်ငါလာလည်မယ်လေ။ ရုပ်ရှင်တူတူကြည့်ရအောင်လား ဆိုပြီး ပြောလို့ရပါတယ်။

    ၆။ နင်အိမ်မှာပဲ ကပ်မနေနဲ့။ အပြင်လေးဘာလေးထွက်ပါလား။

    တစ်ယောက်တည်းနေတာ စိတ်ဓာတ်ကျတာကို ပိုဆိုးစေနိုင်တယ်ဆိုတာမှန်ပေမယ့် လူတိုင်းဟာ သူတို့ စိတ်ညစ်နေတာကို ကိုင်တွယ်တဲ့နည်းလမ်းချင်းမတူကြပါဘူး။ နင်ဘာလုပ်သင့်တယ် ဒါလေးလုပ်လိုက်ပါလား ဆိုတဲ့ အကြံပေးတာတွေဟာ ကူညီနေတယ်လို့ထင်ရပေမယ့် အခြေအနေတော်တော်များများမှာ ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေဟာ စိတ်ညစ်နေတဲ့သူတွေအတွက် ထိရောက်မှုမရှိပါဘူး။

    ဘာပြောသင့်လဲ။

    နင်သွားချင်တဲ့နေရာရှိလား။ ငါလိုက်ခဲ့မယ်လေ။

    ၇။ စိတ်ညစ်မနေနဲ့။ ကောင်းသွားလိမ့်မယ်။

    ဒီစကားကို တော်တော်များများ ပြောဖူးကြလိမ့်မယ်။  ကောင်းသွားလိမ့်မယ်ဆိုတဲ့ အတွေးသာ တွေးနိုင်ရင် စိတ်ကျရောဂါဆိုတာရှိတော့မှာမဟုတ်ပါဘူး။ မျှော်လင့်ချက်မဲ့နေတဲ့ခံစားချက်၊ ငါဘယ်တော့မှမပျော်နိုင်တော့ဘူးဆိုတဲ့ ခံစားချက်တွေနဲ့ ဖိစီးနေတဲ့သူတစ်ယောက်ကို ကောင်းသွားလိမ့်မယ် လို့ပြောတာဟာ ကူညီရာမရောက်ပါဘူးနော်။

    ဘာပြောသင့်လဲ။

    နင့်အတွက် ငါအမြဲရှိတယ်။ နင်ခက်ခဲနေတဲ့ချိန်မှာ ငါကူညီချင်တယ်။

    ၈။ နင့်ကြည့်ရတာ အကောင်းကြီးပါ။

    စိတ်ကျရောဂါသည်တော်တော်များများဟာ သူတို့ကိုယ်ကို လူကောင်းဟန်ဆောင်တာ ကျွမ်းကျင်ပြီးသားပါ။ လူတစ်ယောက်ရဲ့ အပြင်ပန်းကို ကြည့်ပြီးတော့ ဒီလူတော့ ပျော်နေတယ်၊ စိတ်ညစ်နေတယ်ဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူး။

    စိတ်ကျရောဂါသည်တိုင်းဟာ တကယ့်ရောဂါသည်တွေလိုမျိုး မျက်တွင်းဟောက်ပက်၊ ပိန်ချုံး၊ ဆံပင်စုတ်ဖွားနဲ့ ဖြစ်နေမှာမဟုတ်ပါဘူး။

    ဘယ်လိုပြောသင့်လဲ။

    နင်ဘာတွေခံစားနေရလဲ ငါ့ကိုပြောပြကြည့်ပါလား။

    ၉။ နင် သက်သက်ဂရုစိုက်ခံချင်လို့ လုပ်နေတာမလား။

    ဒါလည်း အဆိုးဆုံးစကားထဲမှာပါပါတယ်။ သူတို့ရဲ့ နာကျင်မှုကို အပြင်မှာ မဖော်ပြတိုင်း လွယ်လွယ်ကူကူမမြင်နိုင်တိုင်း သူတို့ခံစားနေရတာမဟုတ်ဘူးလို့မပြောနိုင်ပါဘူး။

    ဘာလုပ်ပေးသင့်လဲ။

    သူတို့နှစ်သက်တဲ့ အစားအသောက်လေးတွေယူလာပေးတာ၊ ပုံမှန်တခြားရောဂါဖြစ်နေတဲ့သူ ကို လုပ်ပေးသလိုပဲ ဂရုစိုက်မှုပေးပါ။

    ၁၀။ ငါလည်း ဖြစ်ဖူးတယ်။ ခုတော့ကောင်းသွားပြီ။

    သူများ စိတ်ကျရောဂါဖြစ်နေတာဟာ ကိုယ်ဘယ်လောက်တော်တယ်၊ ကိုယ်ဘယ်လောက် ကြံ့ကြံံ့ခိုင်နိုင်တယ်ဆိုတာ ကြွားဖို့မဟုတ်ပါဘူး။ ငါတောင် ခံနိုင်တာပဲ၊ နင်လည်း ခံနိုင်ရမယ်။ လူတိုင်းစိတ်ညစ်နေတာပဲ။ နင့်ကျမှ ဘယ်လိုဖြစ်တာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ခံနိုင်ရည်မတူသလို သတိထားရမှာက သင်ဟာ သူမဟုတ်ပါဘူး။ သင့်ပြဿနာနဲ့ သူ့ပြဿနာဟာ တူမှာမဟုတ်သလို လက်ခံပုံချင်းလည်း တူမှာမဟုတ်လို့ ငါသာဆိုရင် ဆိုတဲ့စကားတွေနဲ့ ယှဉ်ပြီးမပြောပါနဲ့။

    ဘာပြောပေးသင့်လဲ။

    နင်က စိတ်မာတာပဲ။ ဒါကို ဖြတ်ကျော်နိုင်သွားမှာပါ။

    စိတ်ရောဂါတွေအကြောင်းကို နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာရော သတင်းမီဒီယာတွေမှာရော စိတ်ဝင်စားမှုပိုရလာကြပါတယ်။ အရင်တုန်းက စိတ်ကျရောဂါဆိုရင် ဂရုစိုက်မှုလိုချင်လို့၊ အတန်းရှင်း (attention) ရှာရုံသက်သက်လို့သာ အများသိထားရာကနေ ရောဂါအခြေအနေတစ်ခုလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတာ ကောင်းသတင်းတစ်ခုပါပဲ။ စိတ်ကျရောဂါသည်တွေဟာ အပြင်ပန်းကြည့်လို့ မသိနိုင်ပဲ ပတ်ဝန်းကျင်မှာ ခံစားနေရသူတော်တော်များများရှိနေပါတယ်။ သင့်အနီးအနားမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသူရှိလို့ပဲဖြစ်ဖြစ်၊ သင်ကိုယ်တိုင် ခံစားနေရရင်ပဲဖြစ်ဖြစ် ဒီဆောင်ပါးလေးက အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement