backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) ကဘာလဲ။

အကြောင်းအရင်း တစုံတရာကြောင့် အူလမ်းကြောင်းဆီသွားတဲ့ သွေးကြော အထူးသဖြင့် သွေးလွှတ်ကြော ပိတ်ဆို့ခြင်းကို အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းလို့ ခေါ်ပါတယ်။ အူသိမ်၊ အူမကြီး ဒါမှမဟုတ် နှစ်နေရာလုံးမှာ ဖြစ်တတ်ပါတယ်။

နာကျင်မှုဝေဒနာကို ဖြစ်ပေါ်စေပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ပေးနိုင်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အဆိုးရွားဆုံးအခြေအနေအဖြစ် သွေးလှည့်ပတ်မှုပြတ်တောက်သွားတဲ့ အူအစိတ်အပိုင်းက တစ်ရှုးတွေ ထိခိုက်ပျက်စီးပြီး သုံးမရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းဟာ ကုသလို့မရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ဒီရောဂါရဲ့ ကနဦးလက္ခဏာတွေကို သတိမူပြီး ဆေးကုသမှုအမြန်ဆုံး ခံယူမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် ၆၀အထက် လူကြီးပိုင်းတွေမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ရုတ်တရက် မသိမသာ သို့မဟုတ် ပြင်းပြင်းထန်ထန် ဗိုက်အောင့်ခြင်း

ဝမ်းမထိန်းနိုင်ခြင်း

မကြာခဏ ပြင်းပြင်းထန်ထန် ဗိုက်ရစ်ခြင်း

ဗိုက်တင်းခြင်း၊ ဗိုက်ကို စမ်းသပ်လျှင် နာကျင်ခြင်း

ဝမ်းထဲသွေးပါခြင်း

ပျို့ခြင်း၊ အန်ခြင်း

ဖျားခြင်း

သက်ကြီးပိုင်းလူနာများတွင် စိတ်အခြေအနေ ပြောင်းလဲခြင်း

အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းရဲ့ ရောဂါလက္ခဏာတွေဟာ ရုတ်တရက် ကောက်ကာငင်ကာ ပေါ်လာနိုင်သလို တဖြည်းဖြည်းချင်း ပေါ်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရောဂါလက္ခဏာအတွဲလိုက် ဖြစ်တတ်တာမျိုး မဟုတ်ပေမယ့် ယေဘုယျ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံတွေတော့ ရှိပါတယ်။

နာတာရှည် အူလမ်းကြောင်းသွေးပြတ်လပ်ခြင်းရဲ့ လက္ခဏာတွေကတော့

ဝမ်းဗိုက်ကြွက်သား ကြွက်တက်ခြင်း၊ အစာစားပြီး တစ်နာရီမှ သုံးနာရီလောက်အထိ ရင်ပြည့်ခြင်း

ရက်၊ လ ကြာလာသည်နှင့်အမျှ ဗိုက်အောင့်ဝေဒနာ ပိုမိုဆိုးရွားလာခြင်း

ဗိုက်နာမှာစိုးသည့်အတွက် အစာစားရန် တွန့်ဆုတ်နေခြင်း

မိမိအားထုတ်မှုကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်ကျခြင်း

ဝမ်းလျောခြင်း

ပျို့ခြင်း၊ အန်ခြင်း

လေပွခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရှေ့မှာပြောခဲ့သလိုပဲ အူလမ်းကြောင်းဆီ လုံလောက်တဲ့ သွေးပမာဏ မရောက်နိုင်တဲ့အခါ အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း ဖြစ်လာရပါတယ်။ နောက်ဆက်တွဲရလဒ်အဖြစ် အူလမ်းကြောင်းဟာ သူ့ရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဘယ်လိုအကြောင်းအရင်းကြောင့် သွေးပြတ်လပ်သည်ဖြစ်စေ အစာခြေလမ်းကြောင်းဆီ သွေးလှည့်ပတ်မှု လျော့ကျလာတာနဲ့အမျှ ဒီလမ်းကြောင်းက ဆဲလ်တွေ အောက်ဆီဂျင်ပြတ်လပ်ပြီး ပျက်စီးသေဆုံးကြရပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အူလမ်းကြောင်းပိုးဝင်ပြီး အူနံရံပေါက်ထွက်တဲ့အထိ ဆိုးရွားတတ်ပါတယ်။ တကယ်လို့သာ သင့်လျော်တဲ့ကုသမှု မခံယူဘူးဆိုရင် ဒီရောဂါကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါတယ်။

အူမကြီး သွေးပြတ်လပ်ခြင်း – ဒါဟာအဖြစ်အများဆုံး အူလမ်းကြောင်း သွေးပြတ်လပ်မှုရောဂါဖြစ်ပြီး အူမကြီးဆီသွားတဲ့ သွေးလှည့်ပတ်မှု နှေးသွားရာကတဆင့် ဖြစ်လာတာပါ။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက် ၆၀အထက် သက်ကြီးပိုင်းတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဖြစ်စေတယ့် အကြောင်းအရင်းတချို့ကတော့

သွေးပြန်ကြောနံရံမှာ ကိုလက်စထရော ခေါ် အဆီဓါတ်တစ်မျိုး စုပုံလာခြင်း

နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ အကြီးစားခွဲစိတ်မှု ခံယူရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ရှော့ခ်ရခြင်းကြောင့် သွေးပေါင်အလွန်အမင်းကျခြင်း

အူမကြီးကို ထောက်ပံ့ပေးသည့် သွေးပြန်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း

အခြားရောဂါအမျိုးမျိုး

ဥပမာ – သွေးကြောရောင်ရမ်းခြင်း၊ lupus ခေါ် ခန္ဓါကိုယ်တုံ့ပြန်မှုကြောင့်ဖြစ်သည့် ရောဂါတမျိုး၊ sickle cell anemia ခေါ် မျိုးရိုးဗီဇကြောင့်ဖြစ်သည့် သွေးအားနည်းရောဂါတမျိုး

ဆေးဝါးများ၊ အထူးသဖြင့် သွေးကြောကျဉ်းစေသော အာနိသင်ရှိသည့် နှလုံးဆေး၊ ခေါင်းတခြမ်းကိုက်ရောဂါတွင် အသုံးပြုသည့်ဆေး၊ အီစထရိုဂျင်ကဲ့သို့ ဟော်မုန်းဆေးများ

မူးယစ်ဆေးဝါး (ကိုကင်း၊ မက်အမ်ဖက်တမင်း) သုံးစွဲခြင်း

တာဝေးပြေးခြင်းကဲ့သို့ ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း

ရုတ်တရက် အူအမှေး သွေးပြတ်လပ်ခြင်း

နှလုံးကပြုတ်ထွက်လာတဲ့ သွေးခဲဟာ သွေးစီးရာလမ်းကြောင်းတလျှောက် ပါလာပြီး အူအမှေးဆီသွားတဲ့ သွေးပြန်ကြောမှာ လာရောက်ပိတ်ဆို့တဲ့အတွက် ဒီရောဂါဖြစ်ရခြင်း ဖြစ်ပါတယ်။ အူလမ်းကြောင်းကို အောက်ဆီဂျင် အများအပြားထောက်ပံ့ပေးနေတဲ့ Superior mesenteric artery ခေါ် သွေးလွှတ်ကြောကြီးမှာ အများဆုံးပိတ်ဆို့တတ်ပါတယ်။

ဒါ့အပြင် ဒီရောဂါဟာ အူလမ်းကြောင်းဆီသွားတဲ့ အဓိကသွေးလွှတ်ကြောတွေထဲက တစ်ခုခု ပိတ်ဆို့တာကြောင့်ပဲဖြစ်ဖြစ်၊ သွေးပေါင်ကျရာကနေ သွေးလှည့်ပတ်မှု လျော့နည်းသွားတာကြောင့်ပဲဖြစ်ဖြစ် ဖြစ်တတ်ပါသေးတယ်။

အူအမှေးသွေးပြန်ကြောပိတ်ဆို့ခြင်း

အူလမ်းကြောင်းကနေ အောက်ဆီဂျင်ဖယ်ရှားပြီးသား သွေးညစ်တွေ သယ်ဆောင်ပေးတဲ့ သွေးပြန်ကြောထဲ သွေးခဲပိတ်ဆို့ရာကတဆင့် ဒီရောဂါဖြစ်လာပြီး အူလမ်းကြောင်းနဲ့ဝေးရာဆီ မသွားနိုင်တော့တဲ့ သွေးညစ်တွေ အူထဲပြန်ရောက်ကုန်တဲ့အတွက် အူရောင်ခြင်းနဲ့ သွေးယိုခြင်း ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

မုန့်ချိုအိတ် ရုတ်တရက်သို့မဟုတ် နာတာရှည် ရောင်ရမ်းခြင်း

ဝမ်းဗိုက်ပိုးဝင်ခြင်း

အစာခြေလမ်းကြောင်းတလျောက်ဖြစ်သည့် ကင်ဆာများ

အူမကြီး ရောဂါများ ဥပမာ အူမကြီးတွင် အနာဖြစ်ပြီး ရောင်ရမ်းခြင်း၊ ခရုမ်းရောဂါ

သွေးခဲစေသည့် အခြေအနေများ – ဥပမာ မျိုးရိုးလိုက်သည့် သွေးခဲရောဂါ၊ အီစထရိုဂျင်ပါဝင်သည့် ဆေးများ အသုံးပြုခြင်း

ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အူလမ်းကြောင်းသွေးပြတ်လပ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

သွေးလွှတ်ကြောထဲ အဆီစုပုံခြင်း (အဆီကြောင့် သွေးကြောကျဉ်းခြင်း)

သွေးပေါင်ချိန်မမှန်ခြင်း

နှလုံးရောဂါများ

အချို့ဆေးဝါးများ

သွေးခဲစေသည့် အခြေအနေများ

မူးယစ်ဆေးဝါး သုံးစွဲခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့health condition မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းဖြစ်ကြောင်း အဖြေရှာအတည်ပြုနိုင်ဖို့ လူနာရဲ့ ယခင်ရောဂါရာဇဝင်ကို သေချာစွာပြောပြဖို့ အရေးကြီးပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ် သွေးစစ်ဆေးမှုများအပြင်

အူမကြီးမှန်ပြောင်းကြည့်ခြင်း

အာလ်ထရာဆောင်းရိုက်ခြင်း

CAT၊ MRI scan အပါအဝင် ဓါတ်ရောင်ခြည်အသုံးပြု စစ်ဆေးမှုများ

အူအမှေး သွေးကြောများကို ပုံဖော်စစ်ဆေးခြင်း

ခွဲစိတ်ပြီး ရောဂါရှာဖွေခြင်း စတာတွေ ပြုလုပ်ရဖို့ အလားအလားရှိပါတယ်။

သွေးကြောပုံဖော်စစ်ဆေးခြင်း ဆိုတာကတော့ ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောထဲကို ပိုက်ငယ်တစ်ခုကတဆင့် ဆေးရည်တစ်မျိုးထည့်သွင်းပြီး ရရှိလာမယ့် ပုံရိပ်တွေကို ကြည့်ရှုအဖြေရှာတဲ့ နည်းလမ်း ဖြစ်ပါတယ်။

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အူမကြီး သွေးပြတ်လပ်ခြင်း

သင့်ဆရာဝန်အနေနဲ့ ပိုးဝင်ခြင်းမှ ကာကွယ်ဖို့ သို့မဟုတ် ကုသဖို့ ပိုးသတ်ဆေးပေးခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စတဲ့ နဂိုရောဂါအခံကို ကုသခြင်း ပြုလုပ်မှာဖြစ်ပါတယ်။

တကယ်လို့ အူမကြီးထိခိုက်ပျက်စီးခဲ့မယ်ဆိုရင်တော့ ပျက်စီးသွားတဲ့ တစ်ရှုးတွေကို ဖယ်ထုတ်ဖို့အတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

ရုတ်တရက် အူအမှေး သွေးကြောပိတ်ခြင်း

ပိုးသတ်ဆေးပေးခြင်း၊ သွေးခဲဖြစ်ပေါ်မှုကို ကာကွယ်တဲ့ ဆေးများပေးခြင်း၊ သွေးခဲဖျော်ခြင်း၊ သွေးကြောချဲ့ခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ဒီရောဂါကု ကုသနိုင်ပါတယ်။

သွေးခဲတွေကို ဖယ်ရှားပစ်ဖို့၊ ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောကို လမ်းကြောင်းလွှဲဖို့၊ ပျက်စီးသွားတဲ့ အူအစိတ်အပိုင်းကို ပြုပြင်ဖို့ ဒါမှမဟုတ် ဖယ်ထုတ်ဖို့ ခွဲစိတ်ကုသမှု ခံယူရနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ရောဂါဖြစ်ပွားနိုင်ချေမြင့်စေတဲ့ အကြောင်းအချက်တွေကို ထိန်းချုပ်ခြင်း ဥပမာ – နှလုံးခုန်မမှန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓါတ်များခြင်း

ဆေးလိပ်ဖြတ်ခြင်း

ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း

ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း

အူကျွံရောဂါရှိခဲ့လျှင် စောစောကုသမှု ခံယူခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement