backup og meta

အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဘာလဲ။


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဘာလဲ။

    အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဘာလဲ။

    ရင်သားကင်ဆာဆိုတာ ရင်သားမှာရှိတဲ့ ဆဲလ်တွေကနေ ကင်ဆာအကျိတ်အဖြစ် ပြောင်းလဲသွားတာဖြစ်တယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေလောက် ရင်သားမဖွံ့ဖြိုးပေမယ့် သူတို့တွင်လည်း ရင်သားတစ်ရှူးအနည်းငယ်ရှိပါတယ်။ အရွယ်မရောက်သေးတဲ့ အမျိုးသားနှင့်အမျိုးသမီးရဲ့ ရင်သားကအတူတူပဲ ဖြစ်တယ်။ အမျိုးသမီးတွေက အရွယ်ရောက်ရင် ရင်သားကြီးထွားဖွံ့ဖြိုးလာပေမယ့် အမျိုးသားတွေကတော့ မဖွံ့ဖြိုးတတ်ကြပါဘူး။

    ဒါပေမယ့် အမျိုးသား တွေမှာလည်း ရင်သားတစ်ရှူးရှိနေတဲ့အတွက် သူတို့ဟာလည်း ရင်သားကင်ဆာဖြစ်တတ်ကြပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေနဲ့ အမျိုးအစားတူရင်သားကင်ဆာဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေကတော့ နည်းပါတယ်။

    အမျိုးသားတွေမှာ ရင်သားကင်ဆာ ဘယ်လောက်အဖြစ်များလဲ။

    အမျိုးသားတွေမှာ ရင်သားကင်ဆာဟာ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပါတယ်။ ဖြစ်စေနိုင်တဲ့အရာတွေကို လျှော့ချခြင်းဖြင့် ရင်သားကင်ဆာကို ထိန်းချုပ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။

    ရင်သားကင်ဆာရဲ့ လက္ခဏာတွေက ဘာလဲ။

    ရင်သားကင်ဆာရဲ့ အဓိကလက္ခဏာတွေကတော့ သင့်ရင်သားတစ်ဖက်မှာ မာကျောတဲ့အလုံးပေါ်လာတာ ဖြစ်ပါတယ်။ အလုံးက မနာကျင်တတ်ဘူး။ ထိုအလုံးက များသောအားဖြင့် နို့သီးခေါင်းနောက်နားနှင့် နို့သီးပတ်လည်ရှိ အမဲကွင်းအောက်နားမှာ ရှိတတ်တယ်။

    သို့သော် ရင်ဘက်ရှိအလုံးဟာ များသောအားဖြင့် အမျိုးသားများတွင်ဖြစ်သော ရင်သားကြီးရောဂါ (gynaecomastia) ကြောင့်ဖြစ်တတ်တယ်။ ဒါဟာ ကင်ဆာမဟုတ်တဲ့ အမျိုးသားတွေရဲ့ ရင်သားတစ်ရှူးကြီးလာခြင်းသာဖြစ်တယ်။

    အဖြစ်နည်းပြီး အမျိုးသားတွေမှာတွေ့ရတဲ့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေကတော့

    • နို့သီးခေါင်းက တစ်ဖက်သို့ အလိုအလျောက် စောင်းသွားမယ်။

    • နို့သီးခေါင်းဟာ မာကြော၊ ရောင်ရမ်းပြီး နာကျင်လာမယ်။(နို့သီးခေါင်းအနာဖြစ်ခြင်း)

    • နို့သီးခေါင်းမှ အရည်တွေထွက်ကျလာမယ်။

    တခြားသော လက္ခဏာတွေကတော့ ရင်သားကနေ တခြားခန္ဓါကိုယ်အစိတ်အပိုင်း( ဥပမာ – အရိုး၊ အသည်း၊ အဆုတ်)တို့ကို ကင်ဆာဆဲလ် ပျံ့နှံ့သွားမှ ပေါ်လာတတ်တယ်။ ဒါကို ပျံ့နှံ့နေတဲ့ ရင်သားကင်ဆာလို့ခေါ်တယ်။ တခြားကိုပြန့်ပွားနေတဲ့ ရင်သားကင်ဆာတွင် အောက်ပါလက္ခဏာများ ခံစားရပါသည်။

    • အရိုးနာခြင်း

    • ချိုင်းအထဲ သို့မဟုတ် အနားတဝိုက်တွင် အကျိတ်ထွက်ခြင်း

    • မောပန်းခြင်း

    • တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေခြင်း

    • နေလို့မကောင်းခြင်း (ပျို့နေခြင်း)

    • အသားဝါလာခြင်း၊ ယားလာခြင်း နှင့် မျက်လုံးများဖြူလာခြင်း (အသားဝါရောဂါ)

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာနဲ့ဝန်ပြသင့်သလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းတွေက ဘာတွေလဲ။

    အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ဘာကြောင့်ဖြစ်လဲဆိုတာ သေချာမဖော်ပြထားပါဘူး။ ဒီရောဂါကိုပိုဖြစ်စေနိုင်တဲ့ အကြောင်းတွေမှတဆင့် ရှာဖွေနိုင်ပါတယ်။

    အမျိုးသားတွေမှာ ရင်သားကင်ဆာ ပိုဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာလဲ။

    အသက် ၃၅နှစ်အောက် အမျိုးသားတွေမှာ ရင်သားကင်ဆာအဖြစ်နည်းပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနှုန်းဟာ အသက်ကြီးလာတာနှင့်အမျှ တိုးလာပါတယ်။ ရင်သားကင်ဆာအဖြစ်ဆုံးအမျိုးသားတွေရဲ့ အသက်ဟာ ၆၀-၇၀ ကြားဖြစ်တတ်တယ်။ ရင်သားကင်ဆာကို ပိုဖြစ်စေတဲ့ တခြားအကြောင်းများမှာ

    • မျိုးရိုးထဲရှိ အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နေခြင်း

    • ရင်ဘက်ကို ဓါတ်ရောင်ခြည်ထိခိုက်မှု ရှိခဲ့ဖူးခြင်း

    • ဆေးများ၊ ဟော်မုန်းများ၊ တချို့ရောဂါပိုးများ နှင့် အဆိပ်များကြောင့် ရင်သားကြီးရောဂါ ရနေခြင်း

    • အီစထရိုဂျင်ဟော်မုန်းများ သုံးခြင်း

    • Klinefelter’s Syndrome လို့ခေါ်တဲ့ ရှားပါးတဲ့ မျိုးရိုးဗီဇရောဂါဖြစ်ခြင်း

    • ပြင်းထန်သောအသည်းရောဂါရခြင်း(အသည်းခြောက်ခြင်း)

    • ဝှေးစေ့နှင့် ပတ်သက်သော ရောဂါများ (ဥပမာ – ပါးချိတ်ယောင်ခြင်း၊ ဝှေးစေ့ထိခိုက်ဒဏ်ရာရခြင်း သို့ ဝှေးစေ့က ကပ်ပယ်အိတ်ထဲမရောက်သောရောဂါ) ဖြစ်ပွားခြင်း

    ဒီဖော်ပြပါအချက်တွေကို ကျန်းမာရေးအကြံပေးချက် အနေနှင့် သုံးလို့မရပါဘူး။ ထပ်မံတိကျသော အချက်တွေအတွက် ဆရာဝန်နှင့်ဆွေးနွေးပါ။

    အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုကို ဘယ်လိုရောဂါရှာဖွေနိုင်သလဲ။

    သင့်ရင်သားတစ်ဖက်တွင် ရင်သားကင်ဆာရဲ့ လက္ခဏာတွေဖြစ်တဲ့ မာကြောပြီး နာကျင်မှုမရှိတဲ့ အလုံးစမ်းမိပါက ဆရာဝန်မှသင့်အား သေချာစမ်းသပ်ပေးပါလိမ့်မယ်။ ဒီလိုစမ်းသပ်နေစဉ်တွင် ရင်သားကင်ဆာရဲ့ တခြားလက္ခဏာဖြစ်တဲ့ အကျိတ်ရောင်တာကိုလည်း စမ်းသပ်ပါလိမ့်မယ်။ ရင်သားကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ ယူဆပါက လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ခိုင်းပါလိမ့်မယ်။

    • Mammogram ။ Mammogram ဆိုတာ ရင်သားမှာရှိတဲ့ ကင်ဆာအဖြစ်ကိုပြောင်းသွားနိုင်တဲ့ အပြောင်းအလဲတွေကို စစ်ဆေးပေးတဲ့ ဓါတ်မှန်တစ်မျိုးပဲဖြစ်တယ်။ Mammogram ရိုက်နေစဉ်တွင် သင့်ရဲ့ရင်သားတစ်ဖက်ကို ဓါတ်မှန်ရိုက်တဲ့အပြား၂ခုကြား ညှပ်ထားပါလိမ့်မယ်။ ဒါက သင့်ကိုမနာကျဉ်စေပါဘူး။ ဒါပေမယ့် သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရလျှင် ဓါတ်မှန်ရိုက်သူကို ပြောလို့ရပါတယ်။ သင့်ရင်သားကို နေရာအမှန်ချပြီးလျှင် သင့်ရင်သားအတွင်းကို ရှင်းလင်းစွာမြင်နိုင်ဖို့ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ဒီလိုပုံစံမျိုးနှင့် တခြားရင်သားတစ်ဖက်ကိုလည်း ရိုက်ယူပါလိမ့်မယ်။

    • အာထရာဆောင်း( Ultrasound) ။ Ultrasound က သင့်ရင်သားအတွင်းကို ကြိမ်နှုန်းမြင့်အသံလှိုင်းတွေ ထုတ်လွှတ်ပြီး ပုံရိပ်တွေကို ရိုက်ယူပါလိမ့်မယ်။ Ultrasound ရိုက်တဲ့ အတံကို သင့်ရင်သားပေါ်တင်ပြီး ရိုက်တဲ့အခါတွင် ဘေးရှိ ကွန်ပြူတာမျက်နှာပြင်တွင် ပုံရိပ်တွေပေါ်လာပါလိမ့်မယ်။ ဒီပုံရိပ်တွေက သင့်ရင်သားထဲရှိ အလုံးတွေ၊ မူမမှန်ပြောင်းလဲတာတွေကို ပြသပါလိမ့်မယ်။

    • အသားစစစ်ဆေးခြင်း။ Mammogram နှင့် Ultrasound မှာအလုံးတွေနှင့် ပုံမမှန်ပြောင်းလဲတာတွေ့လျှင် အသားစနမူနာယူပြီး စစ်ဆေးဖို့လမ်းညွှန်ထားပါတယ်။ အသားစနမူနာစစ်ဆေးခြင်းဟာ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာကို စစ်ဆေးနိုင်ပါတယ်။ ကင်ဆာလို့ သံသယရှိတဲ့နေရာမှ အသားစနမူနာယူပြီး ဓါတ်ခွဲခန်းပို့ကာ ကင်ဆာဆဲလ် ရှိ၊ မရှိ ရှာဖွေနိုင်ပါတယ်။

    အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာကို ဘယ်လိုကုသမလဲ။

    ရင်သားကင်ဆာကုသနည်းတွေမှာ အမျိုးသမီးများကဲ့သို့ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဇီဝကုထုံး၊ ဟော်မုန်းကုထုံးတွေကို သုံးပြီးအမျိုးသားများတွင် ကုသနိုင်ပါတယ်။ အကြီးမားဆုံးခြားနားခြင်းမှာ အမျိုးသားတွေဟာ ဟော်မုန်းကုထုံးကို အမျိုးသမီးများထက်ပိုပြီး ကောင်းကောင်းတုံ့ပြန်ကြတယ်။ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းက ဟော်မုန်းကိုလက်ခံတဲ့ receptor ဆိုတာရှိပါတယ်။ ဆိုလိုတာက ဟော်မုန်းကုထုံးဟာ အမျိုးသားတွေမှာ ကင်ဆာကုသဖို့ အထိရောက်ဆုံးနည်းဖြစ်တယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက အမျိုးသားရင်သားကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်မှာပြထားတဲ့ လူနေမှုပုံစံတွေနှင့် အိမ်တွင်းကုထုံးတွေဟာ ရင်သားကင်ဆာမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

    • ကျန်းမာစေတဲ့ အရာတွေကိုပြုလုပ်ပါ။ ကောင်းမွန်စွာစားပါ သို့ လေ့ကျင့်ခန်းပိုလုပ်ပါ။ အရက်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

    • ကောင်းမွန်စွာ စားပါ။ မှန်ကန်စွာစားသောက်ဖို့ လူတိုင်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုစားသောက်ခြင်းကို ဆေးကုသနေစဉ်နှင့် ဆေးကုသပြီးနောက်ပိုင်းအထိ ဆက်စားသင့်ပါတယ်။ ဆေးကုသခြင်းဟာ သင့်ရဲ့အရသာခံနိုင်စွမ်းကို ပြောင်းလဲစေတတ်ပါတယ်။ ပျို့အန်နေတတ်တယ်။ သင်ဟာ အစာစားချင်စိတ်ကျဆင်းကာ အစားနည်းလာပြီး ပိန်ကျသွားပါလိမ့်မယ်။ သို့သော် အစားနည်းပြီး ကိုယ်အလေးချိန်တက်လာတာလည်း ဖြစ်နိုင်ပါတယ်။ အစားနည်းနည်းကို ၂- ၃နာရီခြား တစ်ခါစားခြင်းက သင့်ကိုပိုပြီးစားဝင်စေနိုင်ပါတယ်။ သင်သည် ကင်ဆာကုသပေးနေတဲ့အဖွဲ့မှ အာဟာရကျွမ်းကျင်ပညာရှင်နှင့် သင့်ရောဂါကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ ဖြေရှင်းရန်နည်းလမ်းကို တိုင်ပင်နိုင်ပါတယ်။

    • ပင်ပန်းစေတဲ့ လေ့ကျင့်ခန်းတွေကို နားထားပါ။ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းဟာ ကင်ဆာကုသမှုယူနေသူတွေမှာ အဖြစ်များပါတယ်။ ပင်ပန်းတာက ပုံမှန်မဟုတ်ဘဲ အရိုးထဲထိပင်ပန်းပြီး အနားယူရုံနှင့် ပြန်မကောင်းနိုင်သလို ခံစားရနိုင်ပါတယ်။ တချို့လူတွေမှာ ဆေးကုသပြီး အချိန်အတော်ကြာသည်အထိ ပင်ပန်းမှုကို ခံစားရနိုင်ပြီး သူတို့အတွက် လေ့ကျင့်ခန်းနှင့် တခြားလုပ်ချင်တဲ့အရာတွေကို လုပ်ဖို့ခက်ခဲနေတတ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်းက ပင်ပန်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ သင်ဟာ ကုသမှုခံယူစဉ် နာမကျန်းဖြစ်ခြင်းနှင့် တက်ကြွမှုမရြှိခင်းကို ခံစားနေရပါက ဒါဟာ သင့်ခံနိုင်ရည်အတွက် ပုံမှန်ဖြစ်ပြီး ကြွက်သားတွေရဲ့ခံနိုင်ရည်က ကျဆင်းနေခြင်းဖြစ်ပါတယ်။ သင့်အခြေအနေနှင့်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိလားဆိုတာ သင့်ကျန်းမာရေးအဖွဲ့နှင့် အရင်ဆွေးနွေးပါ။ သင်လေ့ကျင့်ခန်းလုပ်ရန်အတွက် သူတို့ရဲ့အကြံဉာဏ်ကိုရယူပါ။ တစ်ယောက်ထဲ ဖြစ်မနေစေရန် လေ့ကျင့်ခန်းတွဲလုပ်နေကျလူကို ရှာဖွေပါ။ သင့်လေ့ကျင့်ခန်းအစီအစဉ်အသစ်တွင် သင့်မိသားစုနှင့် သူငယ်ချင်းတွေပါဝင်ခြင်းဖြင့် သင့်ကိုနဂိုကမရှိတဲ့ အားအင်အသစ်တွေကို ပေးစွမ်းပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement