အမြင်အာရုံတွေသိပ်မကောင်းဘူး၊ ကြည့်ရတာလည်းမကြည်လင်ဘူး၊ မျက်ခမ်းတွေလှုပ်တယ်၊ မျက်လုံးခြောက်တယ်ဆိုတာတွေက မျက်စိအားနည်းတဲ့လက္ခဏာတွေပါ။ မျက်စိဆိုတာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းမှန်သမျှမှာ အရမ်းကိုအရေးပါတဲ့အပြင် အနုဆုံးအစိတ်အပိုင်းထဲမှာလည်းပါဝင်တာကြောင့် ပိုပြီးဂရုစိုက်ရပါမယ်။ စာဖတ်လည်း ဒီမျက်စိနဲ့ပဲ၊ အလုပ်ခွင်မှာအာရုံစိုက်လည်း ဒီမျက်စိ၊ အိမ်မှာအနားယူလည်း ရုပ်ရှင်ကြည့်တာဒီမျက်စိ၊ မျက်စိကိုအနားပေးတဲ့အချိန်က အိပ်ချိန်လေးပဲရှိပါတယ်။ ဒါ့ကြောင့် အရမ်းအလုပ်လုပ်နေရတဲ့ သူ့ကိုအားပြည့်အောင်ဖြည့်တင်းပေးဖို့က ကိုယ့်တာဝန်မဟုတ်လား။
မျက်စိအားကောင်းစေဖို့က ဇင့်ဓါတ်၊ ဗီတာမင် A ၊ဗီတာမင် C၊ ဗီတာမင် E ၊ Omega-3 fatty acid စတဲ့ အာဟာရဓါတ်တွေ ညီညွတ်မျှတအောင်စားဖို့လိုပါတယ်။ ဒီဓါတ်တွေက ကိုယ်စားနေကျအစားအစာတွေထဲပါဝင်တာမို့ မျက်စိအားနည်းတဲ့သူတွေ စားသင့်တဲ့ ဓါတ်စာ (၁၀) မျိုးကိုဖော်ပြပေးလိုက်တယ်နော်။
(၁) ငါး
ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓါတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။
(၂) ပဲ နဲ့ အခွံမာသီးအမျိုးမျိုး
အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓါကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) အစေ့အဆန်
နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။
(၄) အချဉ်ဓါတ်ရှိတဲ့ သစ်သီးတွေ
သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓါတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။
(၅) အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ
ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓါကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓါတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။
(၆) မုန်လာဥနီ
လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓါကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။
(၇) ကန်စွန်းဥ
ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓါတ်အပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။
(၈) ကြက်ဥ
ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓါတ်တွေအပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။
(၉) ရေ
ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ ခန္ဓါကိုယ်တွင်း ရေဓါတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၁၀)ဖြည့်စွက်အားဆေး
မျက်လုံးအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို အစားအစာကနေအလုံအလောက်မရတဲ့သူတွေ၊ မျက်စိအားနည်းနေပြီး အမြန်သက်သာဖို့လိုအပ်နေသူတွေအတွက်က မျက်စိအားဆေးသောက်ဖို့လိုပါတယ်။ မျက်စိအားဆေးသောက်ပြီး မျက်လုံးကျန်းမာရေးကိုဂရုစိုက်နေထိုင်မယ်ဆို ဆေးခန်းသွားဖို့၊ မျက်မှန်သွားလုပ်ဖို့တောင်မလိုဘဲတော်ရုံဝေဒနာလောက်ကိုအေးဆေးသက်သာစေနိုင်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]