brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။ အိုးထိန်းစက်ထဲထည့်လှည့်သလို ဘယ်နေရာကိုကြည့်ကြည့် ချာချာလည်နေပြီလား။ ဒါကို ချာချာလည်အောင် မူးတယ်။ ဆေးပညာအရ vertigo (ဗာတိုင်ဂို)လို့ခေါ်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲ။ အသက်အန္တရာယ်ရှိလား။ ကုလို့ရပါ့မလားဆိုတာ ဆက်ဆွေးနွေးပေးပါမယ်။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။ ဘာလို့ဒီလိုမူးတာလဲ။

ဒီအကြောင်းကို မပြောခင် အရင်ဆုံး ခန္ဓာကိုယ်ရဲ့ ဟန်ချက် အကြောင်း ပြောပြပါမယ်။ နားအတွင်းပိုင်းမှာ ခရုခွေလေးတွေ ရှိပြီး အဲ့ထဲမှာ အရည်လေးတွေ ရှိပါတယ်။ ဒါကို labyrinthလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားတဲ့ အခါ မမူးအောင်၊ ဟန်ချက် မပျက်အောင်လို့ သူက ဦးနှောက်ကို သတင်းပို့ပြီး ချိတ်ဆက်ပေးပါတယ်။ ဒါက ပုံမှန်ပါ။

ဒါကြောင့် နားအတွင်းပိုင်းမှာ ပြဿနာ တစ်ခုခုရှိရင် ဒီစနစ်ပျက်ပြီး ဟန်ချက် မထိန်းနိုင်ဘဲ မူးလာပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့

(၁)BPPV (Benign paroxysmal positional vertigo)

BPPVလို့ခေါ်တဲ့ ဒီရောဂါမှာ နားအတွင်းက လှိုဏ်ခေါင်းထဲကို ကယ်ဆီယမ်တွေ စုပုံလာပါတယ်။ ဒါကြောင့် ဦးနှောက်ကို သတင်း မပို့နိုင်တော့ဘဲ ဟန်ချက်ပျက်ပြီး ခေါင်းမူးပါတယ်။

(၂) Meniere’s disease

ဒီရောဂါက နားအတွင်းထဲမှာ အရည်တွေစုပြီး ဖိအားပြောင်းလာလို့ ဖြစ်တယ်လို့ ပြောပါတယ်။ ချာချာလည်အောင် မူးတာ အပြင် နားအူတာ၊ နားလေးတာလဲ တွေ့ရပါတယ်။

(၃) အာရုံကြော ရောင်ရမ်းခြင်း (Vestibular neuritis or Labyrinthitis)

နားအတွင်းထဲက အာရုံကြောတွေ ရောင်ရမ်းတာပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာ များပါတယ်။

တခြား အကြောင်းတွေ ကတော့

-ဦးခေါင်းနဲ့ လည်ပင်း ဒဏ်ရာ ရတာ

လေဖြတ်တာ၊ ဦးနှောက်အကြိတ်ဖြစ်တာ

-နားထိခိုက်စေတဲ့ ဆေးတွေသောက်တာ

-ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine headache)တွေကလည်း ချာချာလည်အောင် မူးစေပါတယ်။

ရောဂါလက္ခဏာများ

ခေါင်းအလှုပ် များရင် ဖြစ်တတ်ပါတယ်။ ဗာတိုင်ဂို ရောဂါ ရှိသူတွေက သူတို့ ခံစားရတာကို

  • ချာချာလည်အောင် မူးတယ်
  • မြင်ရတာတွေက စောင်းနေတယ်။ ယိမ်းထိုးနေတယ်။
  • ဟန်ချက်မထိန်းနိုင်ဘူး။
  • တစ်ဖက်တည်းကို ကိုယ်ကြီး ပါသွားတယ် စသဖြင့် ပြောလေ့ရှိပါတယ်။

တခြား တွဲတွေ့ရတဲ့ လက္ခဏာတွေ ကတော့

  • ပျို့တက်လာတာ
  • အန်တာ
  • မျက်စိ သားငယ်အိမ် ထောင့်ကပ်တာ
  • ခေါင်းကိုက်တာ
  • ချွေးထွက်တာ

နားအူတာ၊ နားလေးတာ စတာတွေပဲ ဖြစ်ပါတယ်။

ဝေဒနာခံစားရတာက မိနစ်အနည်းငယ်ကနေ နာရီပိုင်းထိကြာတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်ပါပဲ။

ကုသနည်းများ

ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေမတူပါဘူး။ အများအားဖြင့်တော့ အလိုလိုသက်သာသွားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကလည်း နားအတွင်းပိုင်းက သတင်းပို့တာကို ကျင့်သားရလာလို့လည်း ပါပါတယ်။

ချာချာလည်အောင် မူးတာက ရောဂါသက်သက်တော့ ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမယ့် မူးနေတဲ့အချိန်မှာ မတော်တဆ ထိခိုက်မိပြီး ဒဏ်ရာရတာ၊ ပြုတ်ကျတာ၊ ချော်လဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မူးတယ်လို့ ခံစားရတာနဲ့ ချက်ချင်းထိုင်ချပါ။ ကောင်းကောင်းမကုရသေးခင်မှာ ကားမောင်းတာ၊ အမြင့်တက်တာမျိုး မလုပ်ပါနဲ့။ ညဖက် အိပ်ရာကထသွားဖို့လိုရင် မီးအရင်ဖွင့်ပါ။ လမ်းသွားရင် တုတ်ကောက်နဲ့သွားပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။