backup og meta

နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံ

နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံ

နှာစေးနှာပိတ်တဲ့အခါ အိပ်ရတာ အင်မတန်ခက်ပါတယ်။ တချို့တွေမှာ အိပ်ရေးပျက်တဲ့အထိ ပြင်းထန်ပါတယ်။ တရှုံ့ရှုံ့နဲ့ နှာရည်ကျနေလို့၊ နှာခေါင်းပိတ်ပြီး အသက်ရှူရကျပ်နေလို့ အိပ်မရတာကို လူတိုင်းကြုံဖူးမှာပါ။ ဒီတော့ နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံကို မျှဝေပေးချင်ပါတယ်။ မအိပ်ခင်မှာ ဘာတွေလုပ်မလဲ။ ဘယ်လိုပုံစံနဲ့ အိပ်ကြမလဲဆိုတာကို လေ့လာကြည့်ရအောင်။

နှာစေးနှာပိတ်သူများအတွက်မအိပ်ခင်မှာ ဆောင်ရန် ရှောင်ရန်

နှာစေးနှာပိတ်တဲ့သူတွေက ကောင်းကောင်းအိပ်ပျော်စေဖို့ မအိပ်ခင်မှာ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • မအိပ်ခင်မှာ ဆေးကြိုသောက်ပါ။

နှာစေးတယ်ဆိုရင် Antihistamineပါတဲ့ဆေး၊ နှာပိတ်တယ်ဆိုရင် decongestant နှာပွင့်ဆေးတွေကို မအိပ်ခင်မှာ သောက်ပေးပါ။ အထူးသဖြင့် Antihistamineတွေက အိပ်ငိုက်တတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီးသောက်လိုက်ရင်  ငိုက်ပြီး အလုပ်မလုပ်နိုင်မှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

ဒီဆေးတွေက အအေးမိဖျားနာပျောက်ဆေးတွေမှာ တွဲပြီးပါတတ်ပါတယ််။ ဆေးတစ်မျိုးသောက်လိုက်တာနဲ့ နှာရည်ယိုတာရော၊ နှာပိတ်တာရော သက်သာစေပါတယ်။ အထူးသဖြင့် အအေးမိတာကြောင့် နှာရည်ယို နှာပိတ်တာဆိုရင် ဒီလိုဆေးမျိုးတွေက ပိုပြီးသင့်တော်ပါတယ်။ တကယ်လို့ နောက်ထပ် ဆေးတစ်မျိုးမျိုးထပ်သောက်မယ်ဆိုရင်တော့ ဆေးတွေ ထပ်မနေအောင် ပါဝင်ပစ္စည်းတွေကို သေချာစစ်ပါ။

  • ဆားရည်လေးနဲ့ ကျင်းပေးပါ။

ဆားရည်က နှာခေါင်းကို ပွင့်စေသလို နှာခေါင်းတွင်းရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ မအိပ်ခင်မှာ နှာခေါင်းကို ဆားရည်လေးနဲ့ ဆေးပေးပါ။ နှာခေါင်းတစ်ဖက်ကနေ ဆားရည်ထည့်လိုက်ရင် နောက်တစ်ဖက်ကနေ ပြန်ထွက်လာတဲ့ ကောက်လေးနဲ့ နှာခေါင်းဆေးဘူး (nasal rinse)တွေလည်း ရှိပါတယ်။

အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်မယ်ဆိုရင်တော့ ရေသောက်ရေခွက်တစ်ခွက် (၂၅၀ မီလီလီတာ)မှာ ဆားလက်ဖက်ရည်ဇွန်းဝက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းဝက် ထည့်ပြီး ဆေးနိုင်ပါတယ်။

  • အိပ်ခါနီး အရက်နဲ့ ကော်ဖီတွေကို ရှောင်ပါ။

နှာပိတ်နေလို့ အိပ်မရဘူး။ အိပ်ပျော်အောင် အရက်သောက်ပြီး အိပ်မယ်လို့ မလုပ်ရပါဘူး။ အရက်က ရေဓာတ်ခမ်းခြောက်စေတဲ့အတွက် နှာရည်ယို နှာပိတ်တာကို ပိုဆိုးစေပါလိမ့်မယ်။ ကော်ဖီကလည်း ဒီလိုပါပဲ။ အိပ်မပျော်ဘဲ လန်းနေတာကတစ်မျိုး၊ ရေဓာတ်ခမ်းခြောက်တာက တစ်မျိုး၊ နှစ်မျိုးပေါင်းပြီး နှာပိတ်တာကို ပိုဆိုးစေမှာပါ။

  • အခန်းထဲမှာ အစိုထိန်းစက် ဖွင့်ထားပါ။

အစိုထိန်းစက်ကြောင့် နှာခေါင်းအတွင်းမှာ စိုစွတ်နေပြီး အသက်ရှူရတာ လွယ်ကူစေမှာပါ။ တကယ်လို့ အစိုထိန်းစက်မရှိရင်တော့ အိပ်ခါနီးမှာ ရေနွေးငွေ့ရှူပေးပါ။ ဇလုံထဲကို ရေနွေးပူထည့် ခေါင်းပေါ်မှာ ပဝါအုပ်ပြီး အငွေ့ရှူပေးပါ။ အပူမလောင်အောင်တော့ သတိထားပါ။

  • အခန်းကို အေးပြီး မှောင်နေအောင်ထားပါ။

နှာစေးနှာပိတ်နေတဲ့အခါ သာမန်ညတွေထက် ပိုပြီး အိပ်ပျော်ဖို့ ခက်မှာပါ။ ဒီတော့ လွယ်လွယ်ကူကူနဲ့ အနှောင့်အယှက်ကင်းကင်း အိပ်နိုင်အောင် အခန်းကို အေးနေအောင်ထားပါ။ မှောင်ပြီး တိတ်ဆိတ်နေပါစေ။

  • ရေများများသောက်ပါ။

အိပ်ခါနီးမှ သောက်ရင်တော့ တစ်ညလုံး အိမ်သာထသွားနေရတာနဲ့ အိပ်လိုက်ရမှာ မဟုတ်ပါဘူး။ ဒီတော့ တစ်နေကုန် ရေများများသောက်ပါ။ အိပ်ခါနီး နာရီပိုင်းလောက်အလိုဆို ရေသောက်တာကို လျှော့ပါ။ လုံးဝမသောက်တာမျိုး မဟုတ်ဘဲ လျှော့သောက်ပါ။ ညတစ်ရေးနိုးရင်လည်း အာစွတ်ရုံ ထသောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ နှာစေးနှာပိတ်တာ ပိုဆိုးတတ်ပါတယ်။

  • လိုအပ်တဲ့ ပစ္စည်းတွေကို အိပ်ရာနားယူထားပါ။

နှာစေးနှာပိတ်တဲ့အခါ မကြာခဏအသုံးလိုနိုင်တဲ့ တစ်ရှူး၊ ရေဘူး၊ နှာခေါင်းဆေးရည်၊ အမှိုက်ပုံး စတာတွေကို အိပ်ရာနား ယူထားပါ။ မဟုတ်ရင် ခဏခဏထယူနေရတဲ့အတွက် အိပ်ရေးပျက်ပါတယ်။

နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံ

မအိပ်ခင်မှာ ပြင်စရာရှိတာ ပြင်ပြီးပြီဆိုရင် ဘယ်လိုအိပ်ကြမလဲဆိုတာကို ဆက်ပြောရအောင်။ နှာပိတ်တာက နိုးနေချိန်၊ ထိုင်နေချိန်ဆို မသိသာပေမယ့် လှဲလိုက်ရင် ပိုဆိုးလာပါတယ်။ နှာခေါင်းထဲက အချွဲတွေက အနောက်ကို ပိုရောက်သွားလို့ပါ။

ဒီတော့ အိပ်တဲ့အခါမှာ ခေါင်းအုံးလေးတွေ ဆင့်ပြီး ခေါင်းကို မြှင့်ထားပါ။ ဒါမှ အချွဲတွေ အောက်ကို ကျမှာပါ။ အိပ်တဲ့ပုံစံကလည်း ပက်လက်အိပ်တာထက် ဘေးစောင်းအိပ်နိုင်ရင် ပိုကောင်းပါတယ်။

ပက်လက်အိပ်တဲ့အခါကျ အချွဲတွေက အနောက်မှာ သွားစုလို့ပါ။ ဘေးစောင်းအိပ်ရင်တော့ နှာပိတ်တာ အထိုက်အလျောက် သက်သာပါတယ်။ ဒါပေမယ့် တစ်ဖက်တည်းကို အကြာကြီး စောင်းအိပ်ရင် အဲ့ဖက်က နှာပိတ်လာပါလိမ့်မယ်။ ဒီတော့ တစ်ဖက်ကို စောင်းလိုက်၊ နှာပိတ်လာရင် နောက်တစ်ဖက်ကို ပြန်စောင်းလိုက် အိပ်နိုင်ပါတယ်။

ပက်လက်ပဲအိပ်အိပ်၊ စောင်းပဲအိပ်အိပ် ခေါင်းမြှင့်ထားဖို့က ပိုအရေးကြီးပါတယ်။

Takeaways

နှာရည်ယို နှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံ၊ မအိပ်ခင်မှာ ဆောင်ရန်ရှောင်ရန် အချက်တွေက အရေးကြီးပါတယ်။ မအိပ်ခင်မှာ ဆေးသေချာသောက်မယ်၊ ပုံစံမှန်မှန်အိပ်မယ်ဆိုရင် နှာစေးနှာပိတ်တာကြောင့် အိပ်ရေးပျက်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် တစ်ပတ်လောက်ကြာတာတောင် မသက်သာဘူး။ ဖျားလာမယ်။ ဆက်တိုက် အိပ်ရေးတွေ ပျက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

# ကိုယ်ခံအား ကောင်းစေဖို့ နည်းလမ်းများ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Ways to Sleep Better With Sinus Pain and Congestion https://www.everydayhealth.com/sinus-health-guide/get-better-sleep-with-sinus-pain-and-congestion.aspx Accessed date Jan 6, 2023

6 ways to sleep off a cold. (n.d.). https://www.sleep.org/articles/6-ways-sleep-off-cold/ Accessed date Jan 6, 2023

Saline Nasal Washes for Sinusitis https://myhealth.alberta.ca/Health/Pages/conditions.aspx?hwid=hw67090 Accessed date Jan 6, 2023

Harvey R, et al. (2008). Cochrane review: Nasal saline irrigations for the symptoms of chronic rhinosinusitis. DOI:
10.1002/ebch.241 Accessed date Jan 6, 2023

Mayo Clinic Staff. (2018). Nasal congestion. mayoclinic.org/symptoms/nasal-congestion/basics/definition/sym-20050644 Accessed date Jan 6, 2023

ယခုပုံစံ

04/03/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ

ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ်


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


04/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement