ဟိုတစ်လောက စပ်ဆေးတွေ အကြောင်း ဆောင်းပါးရေးတဲ့ အထဲ steriod (ခေါ်) အပြင်းစား အရောင်ကျဆေး တွေ အကြောင်း သေချာ တခမ်းတနား ရှင်းပြဦးမယ်လို့ ပြောခဲ့တယ်နော်။
သည်ဆေးက ခန္ဓာကိုယ်မှာ ကျောက်ကပ်ရဲ့အပေါ်နားလေးမှာ ကပ်နေတဲ့ adrenal gland အကျိတ်ကနေ သဘာဝအတိုင်းထုတ်ပေးနေတဲ့ corticosteriod ဆိုတဲ့ ဟော်မုန်းဓာတ်တွေကို တုပြီး ဆေးအဖြစ် ပြုပြင်ထုတ်လုပ်ထားတာပါ။ အရင်ဆုံး အဲ့ဒီ အလွန်အသုံးဝင်တဲ့ သဘာဝဟော်မုန်း အမျိုးခွဲ (၃) မျိုးနဲ့ သူတို့ကို တုပြီးထုတ်ထားတဲ့ဆေးတွေကို ယှဉ်ပြီး ပြောပြပေးသွားပါမယ်။
Glucocorticoids (ကဆီဓာတ်ဆိုင်ရာ ဟော်မုန်းများ)
သဘာဝ က ထုတ်တဲ့ဟော်မုန်းကတော့ cortisol ပေါ့။ သူ့ကို တုပြီးတော့မှ
Beclomethasone, betamethasone, budesonide, cortisone, hydrocortisone dexamethasone, methylprednisolone, prednisolone စတဲ့ ဆေးတွေကို ရှူဆေး၊ ထိုးဆေး၊ သောက်ဆေး စတဲ့ ပုံစံ အမျိုးမျိုးနဲ့ ထုတ်ပါတယ်။
Mineralocorticoids (ဓာတ်ဆား ဆိုင်ရာ ဟော်မုန်းများ)
သူ့အတွက် ဥပမာကတော့ Aldosteroone ဟော်မုန်းပေါ့။ သူ့နာမည်နဲ့ လိုက်အောင်ပဲ ခန္ဓာကိုယ်ရဲ့ ဆားဓာတ်နဲ့ရေဓာတ် မျှချေကို ထိန်းပေးတဲ့နေရာမှာ သိပ်အရေးပါတဲ့ hormone ပါပဲ။ သူ့ကိုတုပြီး fludrocortisone ဆိုတဲ့ဆေးကို ထုတ်ထားပါတယ်။
Gonadocorticoids/Sex Hormones (ဖို/မ ဘာဝရုပ်ပြ ဟော်မုန်းဓာတ်များ)
အဖိုသဘာဝ အမသဘာဝ ရုပ်ကို ထင်ရှားစေတဲ့ Androgen, Estrogen,Progesterone, Testosterone အစရှိတဲ့ ဟော်မုန်းတွေပါပဲ။ သူတို့ရဲ့ နာမည်တွေနဲ့ထပ်တူအတိုင်းကို ဆေးတွေထုတ်ထားပါတယ်။
စပ်ဆေးတွေမှာ သုံးကြတာကတော့ ပထမဆုံး အုပ်စုမှာပါတဲ့ dexamethasone နဲ့ prednisolone ပါပဲ။ ဒုတိယနဲ့ တတိယ အုပ်စုကဆေးတွေကိုတော့ စပ်ဆေးတွေမှာထည့်သုံးလေ့ မရှိပါဘူး။
steroid တွေ ခန္ဓာကိုယ်ထဲမှာ ဘယ်လို အလုပ်လုပ်ကြတယ်ဆိုတာတော့ ကြုံမှ သပ်သပ်ရေးပေးတော့မယ်နော်။ အခုသိစေချင်တာက သည် steriod ဆေးတွေကို တကယ်တမ်း ဘယ်နေရာမှာ သုံးလဲ ဆိုတာပါ။ ခြုံကြည့်လိုက်ရင် (၂) ပိုင်းခွဲလို့ရပါတယ်။
(၁) အစားထိုးဖြည့်စွက်ခြင်း (replacement therapy)
အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ steroidကို သဘာဝအတိုင်း လုံလောက်စွာ ထုတ်မပေးနိုင်တော့တဲ့ အခြေအနေ (သို့) လုံးဝမထုတ်ပေးနိုင်တော့တဲ့ အခြေအနေ (သို့) ကမောက်ကမ ထုတ်ပေးနေတဲ့ အခြေအနေမျိုး တွေမှာ steroid ဆေးကို အပြင်ကပေးပြီး ထိန်းညှိပေးရပါတယ်။
(၂)ဆေးဝါးအဖြစ်အသုံးပြုခြင်း (medication)
steroid ကို အဓိကအနေနဲ့ အောက်ပါ အခြေအနေမျိုးတွေမှာ သုံးပါတယ်။
၁။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကမောက်ကမဖြစ်မှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများ နှင့် နောက်ဆက်တွဲများအတွက် သုံးသည်။ ( ဥပမာ၊ သွေးလေးဘက်နာ၊ SLE တို့အပြင် အပြင် ခန္ဓာကိုယ် အစိတ်အပိုင်းများကို အစားထိုးကုသရာတွင် အခြားသူထံမှလာသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ခန္ဓာကိုယ် ခုခံအားစနစ်က တုံ့ပြန်တိုက်ခိုက်မှုမပြုဘဲ လက်ခံအောင် ထိန်းပေးထားသည့် နေရာတွင်လည်း သုံးသည်။)
၂။ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် ရောဂါများ (ဥပမာ : ပန်းနာရင်ကြပ်၊ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် အရေပြား ယားယံရောင်ရမ်းသည့် ရောဂါများ ) အတွက်သုံးသည်။
၃ ။ကိုယ်ဝန်သည်များတွင် လမစေ့ဘဲကလေးမွေးမည့်အရိပ်အယောင်ရှိလျှင် မိခင်ကို steroid ထိုးပေးခြင်းအားဖြင့် သန္ဓေသား၏ အဆုတ်ကို ရင့်ကျက်ကောင်းမွန်စေသည်။
၄။ သွေးကင်ဆာ နှင့် သွေးရောဂါအမျိုးမျိုး အတွက် သုံးသည်။
၅။ ကျောက်ကပ်ရောဂါတချို့တွင်လည်းသုံးသည်။
၆။ တီဘီရောဂါ ၏အခြေအနေတစ်ခုတွင်ဖြည့်စွက်ကုသမှုအနေနှင့်သုံးသည်။
၇။ သေအံ့မူးမူး လူနာများတွင် steroid ချို့တဲ့နေတတ်သည့် အတွက် steroid ထိုးပေးခြင်း၊ အပြင်းစားဓာတ်မတည့်မှုကြောင့် အသက်ဆုံးရှုံးလု အခြေအနေမျိုးတွင် အသက်ကယ်ဆေး အနေဖြင့် steroid ထိုးပေးခြင်း စသည်ဖြင့်လည်း သုံးနိုင်ပါသည်။
အပေါ်မှာ ဖော်ပြပေးထားတဲ့ အတိုင်းဆိုရင် steroid ကို တကယ့်ရောဂါကြီး၊ တကယ်အသုံးလိုတဲ့ အခြေအနေတွေ မှသာ သုံးတယ်ဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။ ဘယ်ရောဂါအတွက် ဘယ်ဆေးကို ဘယ်လောက်ပမာဏနဲ့ ဘယ်နှရက်ကြာကြာပေးမယ်ဆိုတာကို ဆရာဝန်မှသာ ချင့်ချိန်နိုင်ပါတယ်။ ဆေးက ကောင်းသလောက်ကို ဘေးထွက်ဆိုးကျိုး တအားများတာကြောင့်ပါ။ မလိုအပ်ဘဲ ပိုပေးမိရင်၊ လိုအပ်နေလျက်သားနဲ့ လုံလောက်အောင် မပေးမိရင် ကိုယ်တွင်းက သဘာဝအတိုင်း steroid ထုတ်ပေးနေတဲ့ ဖြစ်စဥ်ကို ကမောက်ကမ ဖြစ်စေပြီး အသက်အန္တရာယ်ရှိတဲ့ထိ ဒုက္ခပေးနိုင်ပါတယ်။ တကယ်ကို ရောဂါအတွက် လိုလို့ steroid စသောက်ရပြီဆိုရင်လည်း ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်တာ၊ လိုတိုးပိုလျှော့ လုပ်သောက်တာမျိုး လုံးဝလုပ်လို့မရပါဘူး။ သည်ဆေးက ဖြုန်းကနည်းရပ်၊ ဖြန်းကနဲသေနိုင်တဲ့ ဆေးမျိုးပါ။
စပ်ဆေး၊ ဗမာဆေးတွေက တစ်ဆင့် steroid တွေ မလိုဘဲ သောက်နေမိတတ်ပါတယ်။ အဲ့ဒီလို သောက်တာ ၂ ပတ်ကျော်လာပြီဆိုတာနဲ့ ဆိုးကျိုးတွေ စလာပါလိမ့်မယ်။ ပြင်ပရုပ်သွင်ပြောင်းလဲမှုကတော့ အသိသာဆုံးဖြစ်ပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဒေါင်လိုက် သုံးပိုင်းပိုင်းရင် အလယ်ပိုင်း ဖြစ်မယ့် မျက်နှာ၊ ဂုတ်ပိုး၊ ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်မှာ အဆီတွေစုပြီး ခြေလက်တွေမှာ ကြွက်သားတွေ ပြုန်းလာတာကြောင့် လူက ခြေလက်လေးတွေပိန်ပြီး ဖောဖောကြီးဖြစ်နေမှာပါ။ သည်အခြေအနေကို “သံပုရာသီး ထုတ်ထိုး “ ( lemon on stick ) ပုံစံလို့ခေါ်ပါတယ်။
အမွှေးအမျှင်တွေ များလာပြီး အရေပြားတွေ ပါးလိုက်လာတဲ့အတွက် ထိခိုက်ပွန်းပဲ့လွယ် အညိုအမည်းစွဲလွယ်မယ်။ အကြောပြတ်ရာတွေ ဖြစ်လာမယ်။ ခန္ဓာကိုယ်ရဲ့ ပြုပြင်ရေးလုပ်ငန်းစဥ်တွေ နှောင့်နှေးစေနိုင်တာမို့ အနာဖြစ်ရင် အနာကျက်နှေးမယ်။ တစ်ခွန်းထဲပြောရရင်တော့ အိုစာလာတာပေါ့လေ။ ဆေးက ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဥ်တွေအထိ ဝင်ရောက်နှောင့်ယှက်တာကြောင့် ဆီးချိုတက်တာ၊ သွေးတိုးတက်တာ၊ အရိုးပါး အရိုးပွ ပြီး အရွတ်အားနည်းတာ၊ မျက်စိ တိမ်စွဲတာ.. စတဲ့ရောဂါတွေဖြစ်လာမယ်။ အစာခြေရည် အထွက်များစေတာကြောင့် အစာအိမ်အနာ ဖြစ်လာတတ်တယ်။
သွေးကြောပေါက်လွယ် စေတာမို့ လေဖြတ်နိုင်တယ်။ ကိုယ်ခံအားစနစ်ကို ဖိနှိပ်တာမို့ သွေးဖြူဥအရေအတွက်ကျဆင်းပြီး ကိုယ်ခံအားနည်းလာမယ်။ ဒါကြောင့်မို့ ဘတ်တီးရီယားကြောင့် ဖြစ်တဲ့ ရောဂါမျိုးရှိနေတဲ့ အချိန် steroidသောက်မိရင် အခြေအနေပိုဆိုးတတ်ပါတယ်။ အမျိုးသမီးတွေ ဆို ရာသီစက်ဝန်း ကမောက်ကမဖြစ်ပြီး ရာသီမမှန်တာ ထိန်တာတွေ ဖြစ်တတ်တယ်။
စိတ်ပိုင်းဆိုင်ရာ အရလည်း စိတ်ဓာတ်ကျတာ၊ အိပ်မပျော်တာ၊ မှတ်ဉာဏ်တွေလျော့လာတာ၊ အမူအကျင့်တွေပြောင်းလည်းလာတာကနေ စိတ်ရူးပေါက်တာ အထိကိုဆိုးသွားနိုင်ပါသတဲ့။
သည်လောက်ဆို steriod ရဲ့ အကြောင်း အကောင်းအဆိုး အကြောင်းအကျိုးကို ဝေခွဲနိုင်ပြီထင်ပါရဲ့။
ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။
ရေးသားသူ – နှင်းနုအေး
[embed-health-tool-bmi]