backup og meta

အနာသက်သာဆေးတွေ သောက်မိနေရင်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာသက်သာဆေးတွေ သောက်မိနေရင်

    နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ ဆေးမျိုးစုံက ဆေးကုသရာမှာ အသုံးဝင်တဲ့အတွက်ကြောင့် ဆရာဝန်တွေရော လူနာတွေပါ အကြိုက်တွေ့တဲ့ဆေးတွေပါ။ ဒါပေမဲ့လည်း တခြားဆေးတွေလိုပဲ အနာသက်သာဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆိုးကျိုးအများစုက သိပ်မသိသာပေမဲ့ တချို့ကတော့ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်ပါတယ်။ နောက်ပြီး အနာသက်သာဆေးအများစုကို လူအတော်များများက ဆရာဝန် ညွှန်ကြားချက်မယူဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးတာတွေ များလာတဲ့အတွက် အနာသက်သာဆေးတွေကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြချင်ပါတယ်။

    ဆရာဝန်ညွှန်ကြားချက်မပါဘဲ လွယ်လွယ်ကူကူဝယ်သောက်လို့ရတဲ့ အနာသက်သာဆေးတွေထဲမှာ aspirin, ibuprofen, naproxen, acetaminophen တို့လိုဆေးတွေက ထိပ်ဆုံးက ပါပါတယ်။

    Aspirin (အက်စပရင်) – လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ စတီးရွိုက်အုပ်စုထဲမပါတဲ့ ရောင်ရမ်း သက်သာဆေး(NSAID) တစ်ခုဖြစ်ပြီး ထိရောက်မှုရှိပေမဲ့ သတိနဲ့သုံးသင့်တဲ့ဆေးတစ်ခုပါ။ ဒီဆေးကို အချိန်ကြာကြာစွဲသောက်ရင် အစာအိမ်တွင်း သွေးယိုစိမ့်မှုဖြစ်လာစေပြီး အစာမကြေတာကနေ အစာအိမ်အနာပေါက်တာအထိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သောက်တဲ့ဆေးပမာဏများလေ ကျောက်ကပ်ထိခိုက်လေပါပဲ။ အက်စပရင်က သွေးခဲကိုပျော်စေနိုင်တဲ့အစွမ်းရှိတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်လူနာတွေမှာပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တွင်း သွေးယိုစိမ့်မှုဖြစ်စေတာကြောင့် သတိနဲ့သုံးဖို့တော့ လိုပါတယ်။

    Ibuprofen – ဒါလည်း NSAID အုပ်စုထဲက ဆေးတစ်ခုဖြစ်ပြီး အက်စပရင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အတိုင်းခံစားရမှာပါ။ ဒါပေမဲ့ သူကနည်းနည်းပိုအဆင့်မြင့်တဲ့ ဆေးဖြစ်တာမို့ သောက်လိုက်ပြီးရင် အကျိုးသက်ရောက်တာ မြန်သလို ကိုယ်တွင်းမှာလည်း မြန်မြန်ပြိုကွဲသွားပါတယ်။ သဘောကတော့ အက်စပရင်ထက် ဘေးထွက်ဆိုးကျိုးဖြစ်တာပိုနည်းပါတယ်။

    Naproxen – NSAID အုပ်စုထဲက နောက်ထပ်ဆေးတစ်မျိုးဖြစ်ပြီး တူညီတဲ့ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့ရနိုင် ပါတယ်။

    Acetaminophen – အအေးမိတာကို ကုသတဲ့အခါမှာသုံးစွဲလေ့ရှိပြီး သူ့ချည်းလည်းညွှန်းလေ့ရှိပါတယ်။ အက်စပရင်လို အစာအိမ်ကို ပြဿနာမပေးပေမဲ့ ဆေးပမာဏများသွားရင် အသည်းကိုထိခိုက်နိုင်ပါတယ်။ နောက်ပြီး ဒီဆေးက အရက်နဲ့ မတည့်ပါဘူး။

    ဆရာဝန်ညွှန်ကြားတဲ့ အနာသက်သာဆေးတွေမှာ အားအကောင်းဆုံး၊ အစွမ်းထက်ဆုံးကတော့ opioid အုပ်စုဝင်ဆေးတွေပါပဲ။ နာကျင်တဲ့ခံစားမှုကို ဦးနှောက်ဆီပို့ဆောင်ပေးမဲ့ အာရုံကြောတွေကိုပိတ်ဆို့ပေးပြီး နာကျင်မှုသက်သာစေပါတယ်။ ထိရောက်မှုကောင်းတာကြောင့် ခွဲစိတ်မှုခံယူထားတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာ ဆိုးဆိုးဝါးဝါးရသူတွေ၊ ကင်ဆာရောဂါလို နာတာရှည်ဝေဒနာခံစားနေရသူတွေမှာ များသောအာဖြင့် ပေးလေ့ရှိပါ တယ်။ Codeine, Hydrocodone, Hydromorphone, Meperidine, Morphine, Oxycodone လို opioid  ဆေးတွေက အသုံးများပါတယ်။ Fentanyl ဆိုတဲ့ opioid ကတော့ အရမ်းအားကောင်းတဲ့အနာသက်သာဆေး ဖြစ်ပြီး တခြားဆေးတွေထက် ပျမ်းမျှ အဆ ၁၀၀ လောက် ပိုစွမ်းပါတယ်။ ဒါ့ကြောင့်မို့ ရောဂါပြင်းပြင်းထန်ထန်ခံစားရပြီး အသက်ဆုံးရှုံးခါနီးအချိန်မျိုးမှာ နာကျင်မှုသက်သာအောင်ပေးပါတယ်။

    Opioid ဆေးတွေသောက်ရင် အဖြစ်များဆုံးပြဿနာက ဝမ်းချုပ်တာပါ။ တခြားဆိုးကျိုးတွေကတော့ မူးဝေတာ၊ နုံးခွေခွေဖြစ်တာ၊ အရေပြားယားယံတာ၊ ချွေးထွက်များတာ၊ စိတ်ဓာတ်ကျတာ၊ ခုခံအားစနစ်အားနည်းလာတာတွေအပြင် ဆေးသောက်သုံးတဲ့အချိန် ကြာလာလေ ဆေးအပေါ် ပိုမှီခိုရလေ ဖြစ်လာတတ်ပါတယ်။အနာသက်သာအောင် ဆေးတစ်လုံးသောက်ရာကနေ နောက်ပိုင်းမှာ ဆေးပမာဏပိုသောက်ရလာနိုင်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ opioid ဆေးတွေ မသောက်ရမနေနိုင်တဲ့အထိ ဖြစ်သွားတော့တာပါပဲ။ Opioid ဆေးပမာဏ အများကြီးသောက်မိရင် အသက်ရှုရပ်သွားနိုင်ပါသေးတယ်။ တစ်ကမ္ဘာလုံးမှာ Opioid ဆေးအလွန်အကျွံသုံးစွဲ ပြီးအသက်ဆုံးရှုံးရသူပမာဏ တဖြည်းဖြည်းများလာတာလည်း သတိပြုသင့်တဲ့အချက်ပါပဲ။

    အနာသက်သာအောင် လုပ်နိုင်စွမ်းကောင်းပေမဲ့ opioid ဆေးတွေက အရမ်းစွဲလွယ်ပါတယ်။ ဒါ့ကြောင့် opioid ဆေးတွေကို တားမြစ်ဆေးဝါးအုပ်စုထဲထည့်သွင်းထားပြီး သောက်သုံးဖို့ညွှန်ကြားတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာသောက်သုံးဖို့ လိုအပ်ပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement