brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Losartan (လိုဆာတန်)

Losartan (လိုဆာတန်) ဆိုတာ သွေးတိုးကျဆေးဖြစ်ပြီး angiotensin II receptor antagonists အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးက သွေးကြောတွေကို ပြေလျော့စေတာကြောင့် သွေးကြောကျဉ်းတာကို မဖြစ်စေပါဘူး။ ဒီလိုနည်းတဲ့ တက်နေတဲ့ သွေးပေါင်ချိန်တွေ တဖြည်းဖြည်းလျော့ကျပြီး သွေးလည်ပတ်မှု ကောင်းလာပါတယ်။

Losartan (လိုဆာတန်)

အသုံးပြုပုံများ

Losartan (လိုဆာတန်) ကို ဘာအတွက် အသုံးပြုကြသလဲ

Losartan ကို

  • သွေးတိုးရောဂါကို ကုသဖို့
  • နှလုံးကြီးပြီး သွေးတိုးတာကြောင့် လေဖြတ်နိုင်ခြေများတဲ့ လူနာတွေမှာ ဖြစ်နိုင်ခြေကို လျှော့ချဖို့
  • သွေးတိုးနဲ့ အမျိုးအစား ၂ဆီးချို တွဲရှိနေတဲ့ လူနာတွေမှာ ကျောက်ကပ်ထိခိုက်တာကို လျှော့ချဖို့ အသုံးပြုပါတယ်။
  • Losartan (လိုဆာတန်) ဘယ်လိုသောက်သုံးသင့်သလဲ

    Losartan ကို ဆေးပြားဆိုရင် ချိုးတာမျိုး မလုပ်ဘဲ ရေတစ်ခွက်နဲ့ သောက်ချပါ။ အရည်ဆိုရင်တော့ ဘူးကို လှုပ်ပြီးမှ သောက်ပါ။ ဆေးဘူးနဲ့ အတူပါလာတဲ့ ဇွန်းကိုပဲ သုံးပါ။ အိမ်သုံးဇွန်းကို မသုံးရပါ။

    အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်ပါတယ်။ ဆေးအာနိသင် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။

    သွေးတိုးတဲ့ လက္ခဏာခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ ဆေးကို ဆက်သောက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတိုးရှိသူအများစုက လက္ခဏာမပြတတ်လို့ပါ။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးကို မရပ်ရပါ။

    အခြေအနေ မသက်သာတာဖြစ်ဖြစ်၊ ပိုဆိုးလာတာဖြစ်ဖြစ် (ဥပမာ။ ။ သွေးပေါင်ချိန် တက်မြဲတက်နေဆဲ သို့မဟုတ် ပိုတက်လာခြင်း ) ဆရာဝန်ကို အသိပေးရပါမယ်။

    Losartan (လိုဆာတန်) ကို ဘယ်လိုသိမ်းဆည်းရမလဲ

    Losartanကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့

    ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

    ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Losartan (လိုဆာတန်) ကို မသောက်ခင် ဘာတွေသိသင့်သလဲ

    Losartan မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
    • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
    • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
    • တခြားရောဂါအခံတွေ ရှိနေရင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Losartan (လိုဆာတန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် D ရှိသည်ဟု သတ်မှတ်ထားပါတယ်။

    အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံးရန် မသင့်ပါ။
    • N=အခြေအနေကို မသိရသေးပါ။

    အဆင့် D ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ မကြာသေးခင်ကမှ ကိုယ်ဝန်ရှိနေတာဆိုရင် ဆေးကို ချက်ချင်းရပ်ဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ဒုတိယ ၃လပတ်နဲ့ တတိယ၃လပတ်မှာ သောက်မိရင် ကလေးကို ထိခိုက်တာ၊ အသက်အန္တရာယ်ရှိတာတွေ ဖြစ်နိုင်ပါတယ်။

    နို့တိုက်မိခင်တွေသောက်ရင် ကလေးကို ထိခိုက်စေနိုင်သလားဆိုတာကို အတိအကျ မသိရသေးပါဘူး။ မလိုလားတဲ့ ဆိုးကျိုးတွေ မဖြစ်စေဖို့ ဆရာဝန်ညွှန်ကြားချက် မရှိဘဲ သောက်တာကို ဆင်ခြင်သင့်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    Losartan (လိုဆာတန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • အအေးမိတုပ်ကွေး လက္ခဏာတွေဖြစ်တဲ့ နှာပိတ်တာ၊ နှာစေးတာ၊ လည်ပင်းနာတာ၊ ဖျားတာာ
    • ချောင်းခြောက်ဆိုးတာ
    • ကြွက်တက်တာ
    • ခြေထောက်နဲ့ ကျောတွေ နာတာ
    • ဗိုက်အောင့်တာ သို့မဟုတ် ဝမ်းလျှောတာ
    • ခေါင်းကိုက်တာ သို့မဟုတ် မူးဝေတာ
    • နုံးတာ
    • အိပ်မပျော်တာတွေ ဖြစ်ပါတယ်။

    ဆေးစသောက်တဲ ရက်တွေမှာ အထိုင်အထလုပ်တဲ့အခါ၊ လှဲရာက ထတဲ့အခါ မူးတတ်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်းထပါ။ ခြေထောက်ကို ကြမ်းမှာချပြီး ခဏနေမှ မတ်တပ်ရပ်ပါ။

    အောက်ပါလက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။

    • ရုတ်တရက် ကြွက်သားတွေ နာပြီး နုံးတာ၊ ဆီးမည်းမည်းသွားတာ
    • မေ့လဲတော့မလို ခံစားရတာ
    • အသားအရေဖျော့တော့တာ
    • မောတာ၊ ရင်တုန်တာ
    • အာရုံစူးစိုက်ရခက်တာ
    • ရင်ဘတ်အောင့်တာ၊ အသက်ရှူရင် တရွှီရွှီမြည်တာ
    • မူးတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်အတက်အကျဖြစ်တာ
    • ရေဆာတာ၊ အစားအသောက်ပျက်တာ၊ ပျို့အန်တာ
    • ခန္ဓာကိုယ်ဖောရောင်တာ၊ ကိုယ်အလေးချိန်တက်လာတာ
    • ဆီးနည်းတာ၊ လုံးဝမသွားတော့တာ
    • သွေးတွင်းပိုတက်ဆီယမ်နည်းပြီး နှလုံးခုန်နှေးတာ၊ ကြွက်သားတွေ အားမရှိတာ

    ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓာတ်ပြုမှုများ

    ဘယ်ဆေးတွေက Losartan (လိုဆာတန်) နဲ့ ဓာတ်ပြုနိုင်သလဲ

    Losartanက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

    • ဆီးဆေးများ။
    • အခြားသော သွေးကျဆေးများ။
    • Lithium
    • Celecoxib
    • အက်စ်ပရင် သို့မဟုတ် အခြားသော NSAID များ (ဥပမာ။ ။ ibuprofen, naproxen, celecoxib, diclofenac, indomethacin, meloxicam နဲ့ အခြားဆေးများ)

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Losartan (လိုဆာတန်) နဲ့ ဓာတ်ပြုနိုင်သလား

    Losartan က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရက်က သွေးပေါင်ကျစေပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒီဆေးသောက်နေချိန်မှာ ပိုတက်ဆီယမ်ပါတဲ့ အားဆေးတွေကိုဆရာဝန်မညွှန်ဘဲ မသောက်သင့်ပါဘူး။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Losartan (လိုဆာတန်) နဲ့ ဓာတ်ပြုနိုင်သလဲ

    Losartan က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

    • အခြားသော သွေးကျဆေးများနဲ့ ဓာတ်မတည့်ခြင်း
    • ပြင်းထန် နှလုံးညှစ်အားကျရောဂါ
    • aliskiren သောက်သုံးနေသော ဆီးချိုလူနာများ၊ ကျောက်ကပ်လူနာများ
    • Electrolyte ဓာတ်များ မမျှမတဖြစ်ခြင်း (သွေးတွင်း ပိုတက်ဆီယမ် သို့မဟုတ် ဆိုဒီယမ်ဓာတ်များ တက်ခြင်း၊ ကျခြင်း စသည်)
    • ကျောက်ကပ်ရောဂါ
    • အသည်းရောဂါ (အသည်းခြောက်ခြင်း အပါအဝင်)

    သောက်သုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

    သွေးတိုးရောဂါအတွက်

    50mg တစ်နေ့ တစ်ကြိမ်၊ လူနာအခြေအနေပေါ် မူတည်ပြီး 100mgအထိ တိုးနိုင်ပါတယ်။

    ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ခြင်းအတွက်

    စစချင်းမှ တစ်နေ့ကို 50mg၊ လူနာအခြေအနေပေါ် မူတည်ပြီး 100mgအထိ တိုးနိုင်ပါတယ်။

    နှလုံးညှစ်အားစကျခြင်းအတွက်

    စစချင်းမှ တစ်နေ့ကို 12.5mg၊ လူနာအခြေအနေပေါ် မူတည်ပြီး အများဆုံး 150mgအထိ တိုးနိုင်ပါတယ်။

    ကလေးများ အသုံးပြုရမယ့်ပမာဏ

    ၆နှစ်မှ ၁၈နှစ် ကိုယ်အလေးချိန် ၂၀−၅၀ ကီလိုဂရမ် : 0.7 mg/kg မှ အများဆုံး 150mg တစ်နေ့တစ်ကြိမ်

    ၅၀ကီလိဂရမ်နဲ့အထက် ကလေးတွေမှာ လူကြီးတွေ သောက်တဲ့ပမာဏအတိုင်း ညွှန်းနိုင်ပါတယ်။

    Losartan (လိုဆာတန်) ကို ဘယ်လိုရရှိနိုင်သလဲ

    losartan ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    သောက်ဆေးပြား : 12.5 mg, 25 mg, 50 mg နဲ့ 100 mg.

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Losartan ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/12/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။