backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Levothyroxine (လီဗိုသိုင်ရိုဆင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Levothyroxine  (လီဗိုသိုင်ရိုဆင်း)

Levothyroxine (လီဗိုသိုင်ရိုဆင်း) ဆိုတာက ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ သဘာဝ သိုင်းရွိုက်ဟော်မုန်းကို တုပပြီး ထုတ်ထားတဲ့ ဆေးတစ်မျိုးပါ။ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တာတွေကို  ပုံမှန်ပမာဏ ဖြစ်စေဖို့အတွက် ဆရာဝန်တွေက ညွှန်းပါတယ်။ သိုင်းရွိုက်ပမာဏ နည်းတာက အိုင်အိုဒင်း ချို့တဲ့တာ၊ သိုင်းရွိုက် တစ်ရှူးတွေ အလုပ်လုပ်ဆောင်မှု နည်းတာ၊ သိုင်းရွိုက် ဂလင်းဖယ်ထုတ်ထားတာတွေကြောင့် ဖြစ်တတ်ပါတယ်။

အသုံးပြုပုံများ

Levothyroxine (လီဗိုသိုင်ရိုဆင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

  • လည်ပင်းကြီးရောဂါ (သိုင်းရွိုက်ဟော်မုန်း ပမာဏ ပုံမှန်)
  • သိုင်းရွိက်ခွဲစိတ်ပြီးချိန်မှာ သိုင်းရွိုက်ဟော်မုန်းတွေ ကန်ထွက်မလာအောင်
  • သိုင်းရွိုက်ဟော်မုန်း အစားထိုး ကုသမှု
  • သိုင်းရွိုက်ကင်ဆာအတွက် supression ကုထုံး
  • သိုင်းရွိုက် ဟော်မုန်း များနေသူတွေမှာ ဆေးတွေသောက်ပြီး သိုင်းရွိုက်ဟော်မုန်းပမာဏ အလွန်အကျွံနည်းနေတဲ့အခါ ဟော်မုန်းပမာဏကို ချိန်ညှိဖို့ အသုံးပြုကြပါတယ်။

Levothyroxine (လီဗိုသိုင်ရိုဆင်း)ကို ဘယ်လို သောက်သုံးသင့်လဲ

ဆေးမသောက်ခင်မှာ ဆေးဘူးမှာပါတဲ့ ဆေးညွှန်းကို သေချာ ပြီးအောင် ဖတ်ပါ။ ဆေးညွှန်းနဲ့ ကုန်ဆုံးရက်ကို သေချာလေး စစ်ဆေးပါ။

သောက်ဆေးအနေနဲ့ သောက်မယ်ဆိုရင် ဆေးကို ဝါးမစားဘဲ မျိုချပါ။ မျိုချရခက်မယ်ဆိုရင် ဆေးပြားကို ချိုးပြီး သောက်တာ ဒါမှမဟုတ် ကြိတ်ခြေပြီး ရေ ၅ လီတာ ကနေ ၁၀ မီလီလီတာနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ဆေးကို ဖျော်ပြီးတာနဲ့ ချက်ချင်း သောက်ပါ။ ဆေးက ပွင့်နေရင် အစိုပြန်နေရင် မသောက်ပါနဲ့။ ဆေးကို အစားမစားခင် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီ အလိုမှာ သောက်ပေးပါ။

ဆေးက ထိုးဆေးအရည်မျိုးဖြစ်မယ်ဆိုရင် ဆရာဝန်ကပဲ အသုံးပြုပေးနိုင်ပါတယ်။

Levothyroxine (လီဗိုသိုင်ရိုဆင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Levothyroxine (လီဗိုသိုင်ရိုဆင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ သုံးစွဲဖို့ စိတ်ချရပါသလား

Levothyroxine (လီဗိုသိုင်ရိုဆင်း) ကို ကိုယ်ဝန်ဆောင်နေချိန်မှာ သိုင်းရွိုက်ဟော်မုန်း နည်းတာကို သက်သာစေဖို့ အသုံးပြုပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းတာကို မကုသဘဲ ထားမယ်ဆိုရင် မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ကလးအသေမွေးတာ၊ လမစေ့ဘဲ မွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာ၊ ကလေးဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ပေးမယ်ဆိုရင် ဘေးကင်းပါတယ်။

ဒီဆေးက နို့တိုက်မိခင်တွေမှာ နို့ရည်ကနေတဆင့် ကလေးဆီ ရောက်သွားနိုင်တယ်ဆိုပေမယ့် အခြား သိုင်းရွိုက်ဆေးတွေထက်တော့ ဘေးကင်းပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Levothyroxine (လီဗိုသိုင်ရိုဆင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ကြွက်တက်တာ
  • ကြွက်သားအားနည်းတာ
  • ခေါင်းကိုက်တာ
  • ဂနာမငြိမ်ဖြစ်တာ
  • ဝမ်းပျက်တာ
  • အရေပြားမှာ အဖုအပိမ့်ထွက်တာ
  • ဆံပင်အနည်းငယ် ကျွတ်တာ
  • နှလုံးခုန်မြန်တာ၊ နှလုံးခုန် မမှန်တာ
  • ဖျားတာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ ချွေးထွက်တာ
  • အိပ်စက်မှု ပြဿနာ (အိပ်မပျော်တာ)
  • ရာသီစက်ဝန်း ပြောင်းလဲတာ
  • အော့အန်တာ
  • စားသောက်ပုံ ပြောင်းလဲတာ
  • ကိုယ်အလေးချိန် ကျတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ကုသမှု အမြန်ဆုံး ခံယူပါ။

  • Thyrotoxic crisis
  • တက်တာ
  • နှလုံးခုန် မမှန်တာ
  • နှလုံးစွမ်းဆောင်ရည် ကျတာ
  • ကိုမာ စတာတွေပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Levothyroxine (လီဗိုသိုင်ရိုဆင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

ဒီဆေးက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • အစာအိမ်အက်စစ်ပြယ်ဆေး
  • သံဓာတ်အားဖြည့်ဆေး
  • Estrogen (ဥပမာ – ဟော်မုန်းပါတဲ့ သားဆက်ခြားဆေး၊ သွေးဆုံးပြီးချိန်မှာ ဟော်မုန်း အစားထိုးကုသမှု ခံယူတာ)
  • Biotin (vitamin B7)
  • ဆီးချိုဆေး
  • သွေးမခဲဆေး (ဥပမာ –  coumarin-derivatives)
  • ဗိုင်းရပ်စ် သတ်ဆေး
  • Phenytoin
  • Orlistat
  • Tyrosine-kinase inhibitors
  • Glucocorticoids
  • Amiodarone
  • Sertraline
  • Barbiturates တို့ပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Levothyroxine (လီဗိုသိုင်ရိုဆင်း) နဲ့ ဓာတ်ပြုနိုင်သလား

Levothyroxineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်နေစဉ်မှာ ပဲပိစပ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ပါ။ ဆေးကို အစာမရှိချိန်မှာ သောက်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Levothyroxine (လီဗိုသိုင်ရိုဆင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အက်ဒရီနယ်လင်း ဂလင်း အလုပ်သိပ်မလုပ်တာ
  • နှလုံးသွေးကြောပိတ်တာ (လက်ရှိ ဒါမှမဟုတ် မကြာသေးခင်က ဖြစ်ဖူးတာ)
  • Thyrotoxicosis (သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်းတာ)
  • အက်ဒရီနယ် ပြဿနာ
  • သွေးအားနည်းတာ (Pernicious anaemia)
  • Angina (ပြင်းထန်တဲ့ ရင်ဘတ်အောင့်တာ)
  • သွေးခဲတဲ့ ပြဿနာ ရှိတာ
  • ဆီးချို
  • နှလုံးရောဂါ ဒါမှမဟုတ် သွေးကြောရောဂါ (ဥပမာ – နှလုံးသွေးကြောဆိုင်ရာ ရောဂါ)
  • နှလုံးစည်းချက် ပြဿနာ (ဥပမာ – နှလုံးစည်းချက် မမှန်တာ၊ နှလုံးခါတာ)
  • အရိုးပွတာ
  • Pituitary ဂလင်း ပြဿနာ
  • ဆေးတောင့်မျိုချဖို့ ခက်တာတွေပါ။

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

သိုင်းရွိုက်ဟော်မုန်း အထွက်နည်းတာ

စစသောက်ချင်းမှာ တစ်နေ့ကို တစ်ကြိမ် 12.5 ကနေ 50 mcg၊ ဒီဆေးပမာဏကို ၂ ပတ် ကနေ ၄ ပတ် ကြာတိုင်းမှာ ဆရာဝန်ညွှန်ကြားချက်နဲ့  12.5 ကနေ 25 mcg/day စီ  တိုးသွားရနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေ၊ နှလုံးသွေးကြောရောဂါ ခံစားရဖူးတဲ့ လူငယ်တွေမှာ ဆေးပမာဏကို ၃ ပတ် ကနေ ၆ ပတ်ကြာတိုင်း ဆရာဝန်ညွှန်ကြားချက်နဲ့  12.5 ကနေ 25 mcg အထိ တိုးသွားရနိုင်ပါတယ်။

TSH Suppression

စစသောက်ချင်းမှာ တစ်ရက်ကို 50 mcg တစ်ကြိမ် သောက်ရပါမယ်။ ဒီပမာဏကို ၂ ပတ် ကနေ ၄ ပတ် ကြာတိုင်းမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ 25 ကနေ 50 mcg အထိ တိုးသွားရနိုင်ပါတယ်။ အများဆုံးတွေ့ရတတ်တဲ့ ဆေးပမာဏကတော့ တစ်နေ့တစ်ကြိမ် 100 ကနေ 200 mcg အထိ ဖြစ်ပါတယ်။

Thyroid Suppression Test

2.6 mcg/kg/day  တစ်ပတ်မှ ၁၀ရက်။

Myxedema Coma (သိုင်းရွိုက်ကိုမာ)

စစသောက်ချင်း –  300 to 500 mcg ထိုးဆေးရည်ကို တစ်နေ့တစ်ကြိမ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆရာဝန်ဆီမှာ သွင်းရပါမယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှု နည်းခြင်း အတွက်

မွေးကင်းစ:

  • သောက်ဆေး : ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် တစ်နေ့ကို  10 ကနေ 15 mcg ပါ။ တကယ်လို့ ကလေးက နှလုံးထိခိုက်မှု ရှိနိုင်တယ်ဆိုရင်တော့ ဆေးပမာဏကို နည်းနည်းချင်းက စရပါမယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင်  (T4 less than 5 mcg/dL) စစချင်းမှာပဲ ပိုများတဲ့ ဆေးပမာဏ  12 to 17 mcg/kg/dayကို ဆရာဝန်က သင့်တော်သလို ပေးပါမယ်။
  • အကြောဆေး သို့ အသားဆေး : သောက်ဆေးပမာဏရဲ့  50% ကနေ 75%

မွေးစကနေ ၃ လအတွင်း :

  •  ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် တစ်နေ့ကို  10 ကနေ 15 mcg ပါ။ တကယ်လို့ ကလေးက နှလုံးထိခိုက်မှု ရှိနိုင်တယ်ဆိုရင်တော့ ဆေးပမာဏကို နည်းနည်းချင်းက စရပါမယ်။ T4ပမာဏက တော်တော်နည်းနေမယ်ဆိုရင်  (T4 less than 5 mcg/dL) စစချင်းမှာပဲ ပိုများတဲ့ ဆေးပမာဏ  50 mcg/kg/dayကနေ စပေးနိုင်ပါတယ်။

၃ လကနေ ၆ လ:

  • တစ်နေ့ကို တစ်ကြိမ် 8−10 mcg/kg သို့မဟုတ် 25 − 50 mcg

၆ လ ကနေ ၁၂ လ:

  • တစ်နေ့ကို တစ်ကြိမ် 6− 8 mcg/kg သို့မဟုတ် 50−75 mcg

၁ နှစ် ကနေ ၅ နှစ်:

  • တစ်နေ့ တစ်ကြိမ် 5−6 mcg/kg သို့မဟုတ် 75−100 mcg

၆ နှစ် ကနေ ၁၂ နှစ်:

  • တစ်နေ့ တစ်ကြိမ် 4 − 5 mcg/kg သို့မဟုတ် 100 − 125 mcg

၁၂ နှစ် :

  • တစ်နေ့ တစ်ကြိမ် 2−3 mcg/kg သို့မဟုတ် 150 mcg နဲ့ ညီမျှတဲ့ ပမာဏ ဒါမှမဟုတ် ပိုများတဲ့ ပမာဏ

ကလေးက ၁၂ နှစ် အထက် အပျိုဖော် လူပျိုဖော် ဝင်ပြီးပြီဆိုရင် တစ်နေ့ကို တစ်ကြိမ်  1.7 mcg/kg once per day.

နာတာရှည် ဒါမှမဟုတ် ပြင်းထန်တဲ့ သိုင်းရွိုက်ပမာမဏ နည်းတာအတွက် တစ်နေ့ကို တစ်ကြိမ် 25 mcg နဲ့ လိုအပ်မယ်ဆိုရင် ၂ ပတ် ကနေ ၄ ပတ် ကြာတိုင်းမှာ ဆရာဝန်ညွှန်ကြားချက်နဲ့  25 mcgစီ တိုးပေးနိုင်ပါတယ်။ ရောဂါလက္ခဏာ တိုးတက်သက်သာလာသည်အထိ တိုးနိုင်ပါတယ်။

Levothyroxine (လီဗိုသိုင်ရိုဆင်း)ကို ဘယ်လိုရရှိနိုင်သလဲ

Levothyroxine (လီဗိုသိုင်ရိုဆင်း)ကို အောက်ပါ ပုံစံမျိုး၊ ပြင်းအားမျိုးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

  • ဆေးပြား: 212.5 mcg, 5 mcg, 50 mcg, 100 mcg, 150 mcg
  • သောက်ဆေးရည် : 100 mcg/5 mL
  • ထိုးဆေးရည် : 100 mcg/5 mL

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Levothyroxineကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ− Dr Zin Wai Yan Lin

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement