Ibuprofen (အိုင်ဗျူပရိုဖန်)က generic drug တစ်မျိုးဖြစ်ပြီး brand names များစွာ ရှိပါတယ်။ စတီးရွိုက်မပါတဲ့ အရောင်ကျဆေး (NSAID) အမျိုးအစားပါ။ နာကျင်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ cyclooxygenase enzymes ကို ထွက်ရှိမှုကို ဟန့်တားပေးပါတယ်။ အကိုက်အခဲသက်သာစေပြီး အရောင်ကျစေပါတယ်။
အသုံးပြုပုံများ
Ibuprofen (အိုင်ဗျူပရိုဖန်)ကို ဘာအတွက်အသုံးပြုကြသလဲ
Ibuprofen ကို ခေါင်းကိုက်တာ၊ သွားကိုက်တာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ အဆစ်ရောင်နာလိုမျိုး ကျန်းမာရေးပြဿနာတွေအတွက် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ အသုံးပြုပါတယ်။ အဖျားကျစေဖို့ နဲ့ အအေးမိတာ၊ တုပ်ကွေး စတာတွေကြောင့် ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ Ibuprofen က NSAID အမျိုးအစား အကိုက်အခဲပျောက်ဆေးပါ။
Ibuprofen (အိုင်ဗျူပရိုဖန်) ဘယ်လိုသောက်သုံးသင့်သလဲ
ဆေးဘူးမှာပါတဲ့ အညွှန်းတွေကို ပြည့်ပြည့်စုံစုံ ဖတ်ဖို့ လိုပါမယ်။ ဆေးဘူးက ဆေးအမှတ်တံဆိပ် နဲ့ ကုန်ဆုံးရက်ကို စစ်ဆေးဖို့ လိုပါမယ်။
လူကြီးတွေအတွက်ဆိုရင်
ဆရာဝန်ညွှန်ကြားထားတာ မဟုတ်ဘဲ ကိုယ့်ဘာသာ သောက်သုံးမယ်ဆိုရင် ဆေးတစ်လုံးကို ၄ နာရီ ကနေ ၆ နာရီ ခြားပြီး ရေတစ်ခွက်ပြည့်ပြည့် ( ၈ အောင်စ/ ၂၄၀ မီလီလီတာ) နဲ့ သောက်ရပါတယ်။ ဆေးသောက်ပြီးပြီးချင်း ၁၀ မိနစ်လောက် ထိုင်နေရပါမယ်။ လှဲမနေရပါဘူး။ အစာအိမ်ပြဿနာ တစ်ခုခု ရှိမယ်ဆိုရင် ဆေးမသောက်ခင်မှာ အစားတစ်ခုခု စားတာ၊ နို့သောက်တာ၊ အစာအိမ်အက်ဆစ်ပြယ်စေတဲ့ ဆေးတွေကို အရင်သောက်ရပါမယ်။
ကလေးတွေအတွက်ဆိုရင်
ကလေးတွေအတွက်ဆိုရင် ကလေးရဲ့ ကိုယ်အလေးချိန်ပေါ်လိုက်ပြီး ဆေးပမာ ကွာခြားနိုင်ပါတယ်။ ဒါကြောင့် ဆေးဘူးမှာပါတဲ့ ဆေးအညွှန်းကို သေချာဖတ်ပါ။ ဆေးနဲ့ပတ်သက်ပြီး သိချင်တာ မေးချင်တာ တစ်စုံတရာ ရှိမယ်ဆိုရင် ဆေးဝါးကျွမ်းကျင်ပညာရှင် ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပါ။
အဆစ်ရောင်နာလိုမျိုး ဝေဒနာတွေအတွက် ဆေးအာနိသင် ပြည့်ပြည့်ဝဝရဖို့ ၂ ပတ်လောက်အထိ သောက်ရတတ်ပါတယ်။
Ibuprofen ကို အချိန်မှန် မဟုတ်ဘဲ လိုအပ်သလို သောက်မယ်ဆိုရင် သတိထားရမှာက အကိုက်အခဲပျောက်ဆေးဆိုတာ နာကျင်ကိုက်ခဲမှု စစဖြစ်ချင်းမှာ သောက်တာ အထိရောက်ဆုံးဆိုတာပါ။ နာကျင်မှုပိုဆိုးလာတဲ့အထိ မစောင့်ပါနဲ့။ ဒီလိုလုပ်တာက ဆေးရဲ့ ထိရောက်မှုကို အားနည်းစေနိုင်ပါတယ်။
ဆေးကို မှန်မှန်သောက်နေပေမယ့် ၃ ရက် ကြာတဲ့အထိ အဖျားက မသက်သာဘူး။ ၁၀ ရက် ကြာတဲ့အထိ နာကျင်ကိုက်ခဲတာက မသက်သာဘူးဆိုရင် ဆက်မသောက်ပါနဲ့တော့။
Ibuprofen (အိုင်ဗျူပရိုဖန်)ကို ဘယ်လိုသိမ်းဆည်းရမလဲ
Ibuprofenကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့
ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Ibuprofen (အိုင်ဗျူပရိုဖန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Ibuprofenကို မသောက်သုံးမီ အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
- တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
- ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
- တခြားရောဂါအခံတွေ ရှိနေရင် [အသည်းရောဂါ/ သွေးလွန်တုပ်ကွေး/သွေးရောဂါတစ်မျိုးမျိုး]
- ခွဲစိတ်ကုသမှု ခံယူဖို့ ဒါမှမဟုတ် သွားဆေးခန်းပြဖို့ရှိတယ်ဆိုရင်
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။
ဆေးမသောက်ခင်မှာ ကောင်းကျိုးဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များအတွက် ပထမ ၆ လတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိပြီး နောက်ပိုင်း ၃ လတွင် ထိခိုက်နိုင်ခြေ D ဟု သတ်မှတ်ထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ကင်းစေဖို့ တခြားဆေးတွေကို အသုံးပြုပေးတာက ပိုပြီး စိတ်ချရနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံးရန် မသင့်ပါ။
- N=အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Ibuprofen (အိုင်ဗျူပရိုဖန်)က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- ဗိုက်အောင့်တာ
- ပျို့တာ
- အန်တာ
- ဝမ်းပျက်တာ
- လေပွတာ
- မူးဝေတာ
- ခေါင်းကိုက်တာ
- ယားယံတာ၊ အင်ပြင်ထွက်တာ
- အမြင်အာရုံတွေ ဝါးတာ
- နားအူတာ
အောက်ပါလက္ခဏာများ ခံစားရပါက Ibuprofen သောက်နေတာကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုပါမယ်။
- ရင်ဘတ်အောင့်ခြင်း၊ အားနည်းခြင်း၊ အသက်ရှူမဝခြင်း၊ စကားပီပီသသ မပြောနိုင်တော့ခြင်း၊ အမြင်အာရုံ ဝေဝါးလာခြင်း သို့မဟုတ် ကိုယ်ဟန်ချက်ထိန်းရခက်လာခြင်းတွေ ခံစားရမယ်
- ကတ္တရာစေးလို ဝမ်းမည်းမည်းတွေ သွားမယ်
- ချောင်းဆိုးသွေးပါမယ် ဒါမှမဟုတ် ကော်ဖီရောင်တွေ အန်မယ်
- ဖောရောင်လာမယ်။ ကိုယ်အလေးချိန် ရုတ်တရက် တက်မယ်
- ဆီးနည်းသွားမယ် သို့မဟုတ် လုံးဝ မသွားတော့ဘူး ဖြစ်မယ်
- ပျို့အန်မယ် မအီမသာဖြစ်မယ်၊ ဗိုက်အထက်ပိုင်းနားက နာမယ်/အောင့်မယ်
- အသားတွေ ယားယံမယ်။ အစားအသောက် ပျက်မယ်၊ ဆီးတွေ မည်းမယ်၊ ဝမ်းဖြူဖြူတွေ သွားမယ်
- မျက်ဖြူသားတွေ ဝါမယ်။ အသားဝါမယ်
- သွေးခြေဥမယ်။ ပြင်းပြင်းထန်ထန် ထုံကျဉ်မယ်။ ကြွက်သားအားနည်းမယ်
- ခေါင်းကိုက် တအားကိုက်မယ်။ ဇက်တောင့်မယ်။ ချမ်းတုန်မယ်။ အလင်းရောင်မခံနိုင်ဖြစ်မယ်။ တက်မယ်။
အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆေးဝါးဓာတ်ပြုမှုများ
ဘယ်ဆေးဝါးတွေက Ibuprofen (အိုင်ဗျူပရိုဖန်) နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။
Ibuprofenက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်သော ဆေးဝါးများ
- အခြား NSAIDs ဆေးများ (ဥပမာ – aspirin၊ naproxen)
- သွေးကျဆေးများ
- Lithium
- ဆီးဆေးများ
- Methotrexate
- စတီးရွိုက်ဆေးတွေ
- သွေးမခဲဆေးနဲ့ သွေးကျဲဆေးတွေပါ။
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် Ibuprofenသောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Ibuprofen နဲ့ ဓာတ်ပြုနိုင်ပါသလား။
ဒီဆေးက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်တဲ့ရက်တွေမှာ အရက်မသောက်သင့်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက Ibuprofen နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။
Ibuprofenက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
- သွေးအားနည်းရောဂါ
- ပန်းနာရင်ကျပ်
- သွေးမတိတ်တဲ့ ကျန်းမာရေးပြဿနာ
- သွေးခဲတာ
- ဖောရောင်တာ
- ရုတ်တရက် နှလုံးရပ်ဖူးတာ
- နှလုံးရောဂါရှိတာ
- သွေးတိုးရှိတာ
- ကျောက်ကပ် ရောဂါ ရှိတာ
- အသည်းရောဂါရှိတာ ( ဥပမာ အည်းရောင် အသားဝါ)
- အစာအိမ် သို့မဟုတ် အူအနာရှိခြင်း သို့မဟုတ် သွေးယိုစိမ့်တာ
- လေဖြတ်ဖူးတာ
- ဆီးချိုရှိတာ
- နှလုံးခွဲစိတ်တာ (ဥပမာ နှလုံးသွေးကြောခွဲစိတ်ကုသမှု) တွေပါ။
သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ
- ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်
၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄ နာရီခြားကနေ ၆ နာရီခြား တစ်ကြိမ် လိုအပ်သလို သောက်ပေးလို့ ရပါတယ်။
- အဆစ်အမြစ်ရောင်ရောဂါအတွက်
ကနဦးဆေးပမာဏ : ၄၀၀ – ၈၀၀ မီလီဂရမ်ကို ၆နာရီခြားကနေ ၈နာရီခြား တစ်ကြိမ် သောက်ပေးလို့ ရပါတယ်။
- လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါအတွက်
ကနဦးဆေးပမာဏ : ၄၀၀ – ၈၀၀ မီလီဂရမ်ကို ၆နာရီခြားကနေ ၈နာရီခြား တစ်ကြိမ် သောက်ပေးလို့ ရပါတယ်။
- ခေါင်းကိုက်ခြင်းအတွက်
Electroconvulsive therapy (ECT) ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို ကာကွယ်ရန်အတွက် : ၆၀၀ မီလီဂရမ်ကို ECT မလုပ်မီ မိနစ်၉၀ကြိုပြီး သောက်ရပါမယ်။
- အခြားသော နာကျင်မှုများအတွက်
အတော်အသင့် နာကျင်မှုများအတွက်
သောက်ဆေး : ၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား တကြိမ် လိုအပ်သလို သောက်နိုင်သည်။ ၄၀၀ မီလီဂရမ်ထက်ပိုပေးလျှင် ဆေးအာနိသင်မှာ ပိုမိုထူးခြားလာခြင်းမရှိတော့ဟု ဆိုပါသည်။
အကြောသွင်းဆေး : ၄၀၀ – ၈၀၀ မီလီဂရမ်ကို တစ်ကြိမ်သွင်းရင် မိနစ်၃၀ကြာနဲ့ ၆နာရီခြား တစ်ကြိမ်ပေးလို့ ရပါတယ်။ (Ibuprofen အကြောသွင်းဆေးမပေးမီ လူနာကို ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ရပါမယ်)
အဖျားတက်ခြင်းအတွက်
သောက်ဆေး :၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄နာရီခြား ကနေ ၆နာရီခြား တစ်ကြိမ် လိုအပ်သလို သောက်နိုင်ပါတယ်။
အကြောသွင်းဆေး : (Ibuprofen အကြောသွင်းဆေးမပေးမီ လူနာကို ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ရပါမယ်)
ကနဦးဆေးပမာဏ : ၄၀၀ မီလီဂရမ်ကို တစ်ကြိမ်သွင်းရင် မိနစ်၃၀ကြာ သွင်းရပါမယ်။
ဆက်ထိန်းရမယ့် ဆေးပမာဏ : ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတစ်ကြိမ် သို့မဟုတ် ၁၀၀ – ၂၀၀ မီလီဂရမ်ကို ၄နာရီခြားတစ်ကြိမ် လိုအပ်သလို အသုံးပြုရပါမယ်။
ကလေးများအတွက် ဆေးပမာဏ
အဖျားအတွက်
အသက် ၆လမှ ၁၂နှစ် အထိ :
ကိုယ်အပူချိန် ၁၀၂.၅ ဒီဂရီဖာရင်ဟိုက် ( ၃၉.၂ ဒီဂရီစင်တီဂရိတ်) ထက် နည်းလျှင် 5mg/kg/dose ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တစ်ခါ သောက်ဆေးအဖြစ် တိုက်ရပါမယ်။
ကိုယ်အပူချိန် ၁၀၂.၅ ဒီဂရီဖာရင်ဟိုက် ( ၃၉.၂ ဒီဂရီစင်တီဂရိတ်)နဲ့အထက် အတွက် 10mg/kg/dose ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တစ်ခါ သောက်ဆေးအဖြစ် တိုက်ရပါမယ်။
နာကျင်ခြင်းအတွက်
ကလေးငယ်များနဲ့ ကလေးများ : 4 – 10 mg/kg ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တစ်ခါ သောက်ဆေးအဖြစ် တိုက်ပေးလို့ ရပါတယ်။
တစ်နေ့တာအတွက် ဆိုရင်တော့ အများဆုံးပမာဏက 40mg/kg ပါ။
လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါအတွက်
အသက် ၆လမှ ၁၂နှစ် အထိ :
စုစုပေါင်းဆေးပမာဏ 30 -40 mg/kg/day ကို သုံးကြိမ် ဒါမှမဟုတ် လေးကြိမ် ခွဲတိုက်နိုင်သည်။ အနည်းဆုံးပမာဏကနေ စတိုက်သင့်ပြီး သင့်တော်သလို ချိန်ညှိသွားနိုင်ပါတယ်။ မပြင်းထန်ဘူးဆိုရင်တော့ 20 mg/kg/day ပမာဏနဲ့ လုံလောက်ပါတယ်။
Cystic Fibrosis ရောဂါအတွက်
နာတာရှည် ရောဂါအတွက် (ရောဂါ၄နှစ်နဲ့အထက်) : သွေးတွင်းဆေးပမာဏ 50 – 100 mcg/ml တွင်ထိန်းထားနိုင်ရန် ဆေးပမာဏကို တွက်ချက်ပြီး တစ်နေ့ကို ၂ ကြိမ် တိုက်ရပါမယ်။ ဒီလို ထိန်းညှိပေးတာက မပြင်းထန်တဲ့ အဆုတ်ရောဂါရှိတဲ့ ကလေးလူနာတွေမှာ ရောဂါ ပြင်းထန်မှုကို နှေးစေပါတယ်။
Patent Ductus Arteriosus (မွေးရာပါ နှလုံးရောဂါတစ်မျိုး) အတွက် :
Ibuprofen lysine
ကိုယ်ဝန်ဆောင်ကာလ ၃၂ပတ် သို့မဟုတ် ၃၂ပတ်ထက် စောပြီးမွေးတဲ့ ကလေးတွေ ၊မွေးဖွားတဲ့ အချိန်မှာ ပေါင်ချိန် ၅၀၀ကနေ ၁၅၀၀ ဂရမ်ကြားရှိတဲ့ ကလေးလေးတွေမှာ
ကနဦးဆေးပမာဏ : 10 mg/kg ကို အရင်ဆုံးတိုက်ပေးပြီး နောက်ထပ် ၂၄နာရီကနေ ၄၈နာရီအကြာမှာ 5mg/kg ပမာဏ ၂ကြိမ်ထပ်တိုက်ပေးရပါမယ်။
Ibuprofenကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Ibuprofenကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- အစက်ချဆေး သောက်ဆေး – 40 mg.mL
- ဆေးရည် ပျစ်ပျစ် သောက်ဆေး – 100 mg/5 mL, 200 mg/5mL
- ဆေးပြား သောက်ဆေး – 200 mg
- ဆေးတောင့် ပျော့ပျော့ – သောက်ဆေး – 200 mg, 400 mg
ဆေးကုမ္ပဏီနဲ့ နိုင်ငံပေါ်လိုက်ပြီး ဆေးပုံစံနဲ့ ပမာဏပြောင်းလဲနိုင်ပါတယ်။
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Ibuprofenကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
[embed-health-tool-bmi]