brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Cold chain လိုသော ဆေးဝါးများ

Cold chain ဆိုတာ စက်ရုံကနေ စထုတ်တဲ့အချိန်ကစလို့ သုံးစွဲသူဆီရောက်ပြီး ကိုယ်ထဲဝင်တဲ့အထိ ထိန်းသိမ်းထားရမယ့် အပူချိန်စနစ်ကို ခေါ်တာပါ။ ဆေးတွေမှာ တိကျတဲ့ သိုလှောင်သိမ်းဆည်းပုံတွေ၊ သက်တမ်းကုန်ဆုံးရက်တွေ ရှိပါတယ်။ ဒါတွေကို သိပြီး သေချာသိမ်းမှ ဆေးအာနိသင် မပျက်မှာပါ။

Cold chain လိုသော ဆေးဝါးများ

Cold chainမှာ အပူချိန်ကို အနုတ်ဒီဂရီကစလို့ လိုသလို ချိန်ညှိလို့ရပါတယ်။ အပူချိန်တစ်ခုမှာ တောက်လျှောက် သိမ်းထားဖို့က Cold chainရဲ့ အလုပ်ပါ။ သာမန်လူတွေနဲ့ လက်လှမ်းအမီဆုံး Cold chainကတော့ ရေခဲသေတ္တာပါပဲ။ ဒီတော့ အသုံးများတဲ့၊ ရေခဲသေတ္တာထဲမှာ သိမ်းထားသင့်တဲ့ ဆေးတွေကို ပြောပြပေးပါမယ်။

Cold chain လိုသော ဆေးဝါးများ

  • မျက်စဉ်းဆေးနဲ့ နားသန့်ဆေးတွေ
  • Chloramphenicol၊ Cyclopentolate၊ Timolol စသဖြင့် မျက်စဉ်းဆေးတွေ၊ နားသန့်ဆေးတွေက ဘူးအသစ်၊ မဖောက်ရသေးတဲ့ဘူးဆို ရေခဲသေတ္တာထဲမှာ သိမ်းရမှာပါ။ ဖောက်ပြီးသွားရင်တော့ အခန်းအပူချိန်မှာ ထားနိုင်ပါတယ်။ အခန်းအပူချိန်ဆိုပေမယ့် အေးမြခြောက်သွေ့တဲ့ နေရာ ဖြစ်ရပါမယ်။ ဖောက်ပြီး ၂၈ရက်အတွင်းပဲ သုံးသင့်ပါတယ်။

    အင်ဆူလင်ဆိုရင်လည်း မဖောက်ရသေးတဲ့ ပုလင်းအသစ်တွေ၊ penတွေဆို ၂-၈ ဒီဂရီစင်တီဂရိတ် ရေခဲသေတ္တာထဲမှာ ထည့်ရမှာပါ။ ဖောက်ပြီးရင်တော့ အခန်းအပူချိန် ၃၀ဒီဂရီဝန်းကျင်မှာ ထားလို့ရပါတယ်။ ဖောက်ပြီး ၂၈ရက်အတွင်းပဲ သုံးသင့်ပါတယ်။

    • သောက်ဆေးတွေ

    Leukeran၊ Alkeran၊ Ritonavir၊ VePesid စတဲ့ ဆေးတွေက ရေခဲသေတ္တာထဲမှာ သိမ်းရတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

    ကာကွယ်ဆေးတွေဆိုရင်လည်း ကလေးကာကွယ်ဆေးကစလို့ ကိုဗစ်ကာကွယ်ဆေးအထိ အကုန် Cold chainလိုပါတယ်။ ဖွင့်ပြီးရင် နာရီပိုင်းအတွင်းပဲ သုံးလို့ရပါတယ်။ Cold chain ပျက်ရင် ကာကွယ်ဆေးရဲ့ အာနိသင်ပါ ကျပါတယ်။ ကာကွယ်ဆေးတစ်ခုချင်းစီရဲ့ သိုလှောင်အပူချိန်ကလည်း မတူပါဘူး။ ရေခဲသေတ္တာထဲ ထည့်ရုံနဲ့ မရပါဘူး။ တချို့က ခဲထားရသလို၊ တချို့က ရေခဲမှတ်မှာ သိမ်းရတာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။

    • တခြားဆေးဝါးများ

    Nebuliser အရည်တွေ၊ တချို့ နှာခေါင်းဖြန်းဆေးတွေ၊ စအိုထဲထည့်တဲ့ ဒုံးကျည်ကို ဆေးတွေကလည်း ရေခဲသေတ္တာထဲမှာ သိမ်းရမှာပဲ ဖြစ်ပါတယ်။

    ဆေးဝါးတွေ သိမ်းတဲ့အခါ ဘာတွေ ဂရုစိုက်ရမလဲ။

    ဆေးဝါးတွေ သိမ်းတဲ့အခါ Cold chainအပြင် သတိထားရမှာတွေက

    • ရေခဲသေတ္တာထဲမှာ သိမ်းစရာ မလိုတဲ့ ဆေးတွေဆို အခန်းအပူချိန်မှာပဲ အေးမြခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ ပူလွန်း အေးလွန်းတာ၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာမှာ မထားပါနဲ့။ စိုစွတ်တဲ့ နေရာမှာ မသိမ်းပါနဲ့။
    • ဆေးတွေကို ရေချိုးခန်း၊ မီးဖိုနား၊ ပြတင်းပေါက်ပေါင် စတာတွေမှာ မသိမ်းရပါ။
    • ဖောက်ထားတဲ့ ဆေးတွေကို အကြာကြီး သုံးလို့မရပါ။ ဘယ်လောက်ပဲ ထားသင့်တယ်ဆိုတာကို ဆေးအညွှန်းမှာ ကြည့်ပါ။
    • ဆေးတွေကို ကလေးများ လက်လှမ်းမမီနိုင်တဲ့ နေရာတွေမှာ ထားပါ။ ခပ်မြင့်မြင့် ဘီရို၊ တံခါးပိတ်သိမ်းလို့ ရတဲ့ နေရာမှာ ထားပါ။ ဘူးအဖုံးကို လုံအောင်ပိတ်ပါ။
    • Freezeနဲ့ Refrigerate နဲ့လည်း မတူပါဘူး။ Freezeဆို ခဲထားရမှာပါ။ Refrigerateဆို ရေမခဲတဲ့ အကန့်မှာ ထားရမှာပါ။
    • ရေခဲသေတ္တာထဲမှာ သိမ်းရမယ်ဆို ကလေးမသိအောင် သေချာသိမ်းရပါမယ်။

    Cold chain နဲ့ သိမ်းဖို့ လိုမလို ဘယ်လို သိနိုင်မလဲ။

    ဆေးတိုင်းမှာ အညွှန်းစာရွက်ပါပါတယ်။ ဘာဆေးအမျိုးအစားကစလို့ ဘေးထွက်ဆိုးကျိုး၊ သိမ်းဆည်းပုံအထိ အကုန်ရေးထားပါတယ်။ ဆေးဝယ်တဲ့အခါ ဆေးအညွှန်းကို ဖတ်ဖြစ်အောင်ဖတ်ပါ။ ဆေးဝါးကျွမ်းကျင်ပညာရှင်ကလည်း ဆေးညွှန်းလိုက်တဲ့အခါ Cold chainနဲ့ သိမ်းဖို့ လိုမလို ပြောပြပါလိမ့်မယ်။ လိုအပ်ရင် ဝယ်ကတည်းက ရေခဲပုံးနဲ့ ထည့်ပေးတာမျိုး လုပ်ပေးပါလိမ့်မယ်။

    ဆေးအာနိသင်ပြည့်ပြည့်ဝဝရဖို့အတွက် Cold chain ကို သေချာဂရုစိုက်ဖို့ မမေ့ပါနဲ့။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။