Acetazolamide (အက်စီတာဇိုးလမိုက်) ဆိုတာက carbonic anhydrase inhibitor အမျိုးအစား ဆီးဆေးတစ်မျိုးပါ။ မျက်လုံးထဲမှာ ရှိတဲ့ ပိုလျှံနေတဲ့ အရည်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် နှလုံးစွမ်းဆောင်ရည် ကျဆင်းတာ (congestive heart failure) ကြောင့် ဒါမှမဟုတ် ဆေးတစ်မျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ ဖောရောင်တာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
အသုံးပြုပုံများ
Acetazolamide (အက်စီတာဇိုးလမိုက်)ကို ဘာအတွက်အသုံးပြုကြသလဲ
Acetazolamide (အက်စီတာဇိုးလမိုက်) ကို အမြင့်ကို တက်တဲ့အခါ ဖြစ်လာတဲ့ ခန္ဓာကိုယ်ပြောင်းလဲတာတွေ (Altitude sickness) သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ ဒီဆေးတွေက အမြင့် (အများအားဖြင့် အမြင့်ပေ 10,000 /3,048 မီတာ အထက်)ကို မြန်မြန်တက်သွားတာကြောင့် ခံစားရတဲ့ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ မအီမသာဖြစ်တာ၊ မူးဝေတာ၊ အသက်ရှူမဝတာတွေကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။
အထူးသဖြင့် အမြင့်ပေကို ဖြည်းဖြည်းချင်းတက်တာမျိုး မလုပ်နိုင်တဲ့ အခြေအနေမျိုးမှာပါ။ အမြင့်တက်တာကြောင့် မအီမသာဖြစ်တာကို သက်သာစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ ဖြည်းဖြည်းချင်း တက်တာပါ။ ခန္ဓာကိုယ်က အမြင့်အသစ်ကို သိရှိစီမံနိုင်စေဖို့ဆိုရင် အမြင့်ကို တက်နေချိန်မှာ ၂၄ နာရီ အနားပေးထားဖို့လိုပါမယ်။ အမြင့်ကို တက်တဲ့အခါ စတက်တဲ့ ၁ ရက် ၂ ရက်လောက် ဖြည်းဖြည်းမှန်မှန် တက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်က အမြင့်အသစ်ကို အသားကျစေဖို့ ရှေ့ရက်တွေမှာ အမြင့်တက်ပြီးတိုင်း ၂၄နာရီ နားဖို့ လိုပါတယ်။
ဒီဆေးကို ရေတိမ်တစ်မျိုးဖြစ်တဲ့ Primary open angle glaucoma (POAG) ကို သက်သာစေဖို့ တခြားဆေးဝါးနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ Periodic paralysis (PP) လို့ခေါ်တဲ့ ဖြစ်ခဲတဲ့ အာရုံကြောကြွက်သား ပုံမှန်မဟုတ်တဲ့ အခြေအနေကို သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။
Acetazolamide (အက်စီတာဇိုးလမိုက်)ကို ဘယ်လို သောက်သုံးလို့ ရလဲ
သောက်ဆေးပြားကို သောက်မယ်ဆိုရင် တစ်နေ့ကို ၁ ကြိမ် ကနေ ၄ ကြိမ်အထိ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးလို့ ရပါတယ်။ တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ ဆေးတောင့်ကို သောက်သုံးမယ်ဆိုရင်တော့ တစ်နေ့ကို ၁ ကြိမ် ကနေ ၂ ကြိမ်အထိ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးလို့ ရပါတယ်။
တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ ဆေးတောင့်ကို ဖွင့်လိုက်တာ၊ ချိုးတာ၊ ဝါးစားတာမျိုး လုပ်လို့ မရပါဘူး။ ဆေးတေင့်တစ်တောင့်လုံးကို သောက်ရမှာပါ။ ဆေးတောင့်ကို ဖောက်လိုက်တာ၊ ချိုးတာ၊ ဝါးစားတာမျိုး လုပ်လိုက်မယ်ဆိုရင်တော့ ဆေးရဲ့အာနိသင်ပျက်သွားပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
Acetazolamide (အက်စီတာဇိုးလမိုက်)ကို အစားနဲ့ တွဲသောက်လို့ ရသလို အစာမပါဘဲလည်း သောက်လို့ ရပါတယ်။ ဆရာဝန်က ထွေထွေထူးထူး ညွှန်ကြားတာမျိုး မရှိဘူးဆိုရင်တော့ ဆေးသောက်ပြီးချိန်မှာ ရေများများ သောက်ပေးပါ။ ကျန်းမာရေးအခြေအနေ ဒါမှမဟုတ် ကုထုံးကိုလိုက်ပြီး ဆေးပမာဏ ကွာခြားနိုင်ပါတယ်။
အမြင့်ကြောင့် မအီမသာ ဖြစ်တာကို သက်သာစေဖို့အတွက် အမြင့်ကို မတက်ခင် ၁ ရက် ကနေ ၂ ရက်လောက် ကြိုပြီး သောက်ထားနိုင်ပါတယ်။ ကိုယ်တက်ချင်တဲ့ အမြင့်ကို ရောက်ပြီးချိန်မှာလည်း အနည်းဆုံး ၄၈ နာရီလောက် ဆေးကို ဆက်သောက်ဖို့ လိုပါမယ်။ အမြင့်ကြောင့် မအီမသာဖြစ်တာကို ပြင်းပြင်းထန်ထန် ခံစားရပြီဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ပြန်ဆင်းဖို့ လိုပါမယ်။ Acetazolamide (အက်စီတာဇိုးလမိုက်)က ပြင်းထန်တဲ့ အကျိုးဆက်တွေကို မကာကွယ်ပေးနိုင်ပါဘူး။
တကယ်လို့ ဒီဆေးကို အချို့သောကျန်းမာရေး အခြေအနေတွေဖြစ်တဲ့ (ဥပမာ – ရေတိမ် နဲ့ အတက်ရောဂါတွေ) အတွက် သောက်သုံးနေရတာဆိုရင်တော့ ဆေးကို ပုံမှန်သောက်ပေးသင့်ပါတယ်။ အမြဲ သတိတရသောက်မိစေဖို့ဆိုရင် နေ့တိုင်း အချိန်မှန်မှန် သောက်ပေးဖို့ လိုပါမယ်။ ဆေးကို ညနေခင်း စောစော သောက်ပေးတာက ညသန်းခေါင်ချိန်မှာ ဆီးခဏခဏ ထသွားတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆေးသောက်တဲ့အချိန်နဲ့ပတ်သက်ပြီး မေးမြန်းချင်တာမျိုး ရှိမယ်ဆိုရင် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်လို့ ရပါတယ်။
ဆရာဝန်နဲ့ အရင်မတိုင်ပင်ဘဲ ဆေးပမာဏ တိုးတာ၊ လျှော့တာ၊ ဆေးကို ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ရုတ်တရက် ဆေးရပ်လိုက်တာက အချို့သော အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဆေးကိုလျှော့မယ်ဆိုရင် ဖြည်းဖြည်းချင်း လျှော့သွားဖို့ လိုပါမယ်။
ဆေးကို အချိန်ကြာမြင့်စွာ စွဲသုံးတာက ဆေးရဲ့ ထိရောက်မှုကို အားနည်းလာစေနိုင်တာကြောင့် ဆေးပမာဏ ပြောင်းဖို့ လိုပါမယ်။ ဆရာဝန်နဲ့လည်း အခြေအနေကို သေချာ ဆန်းစစ်ဖို့ လိုပါမယ်။ ကျန်းမာရေးအခြေအနေက တိုးတက်လာတာမျိုး မရှိဘူး။ အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင်တော့ (ဥပမာ – ခဏခဏ တက်မယ်) ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါမယ်။
Acetazolamide (အက်စီတာဇိုးလမိုက်)က သွေးထဲက ပိုတက်ဆီယမ်ပမာဏကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်က ဆေးသောက်နေချိန်မှာ ပိုတက်ဆီယမ် ကြွယ်ဝတာတွေကို ( ငှက်ပျောသီး ဒါမှမဟုတ် လိမ္မော်ရည်) စားသောက်ဖို့ ညွှန်ကြားနိုင်ပါတယ်။ ကုထုံး ခံယူနေချိန်မှာ ပိုတက်ဆီယမ် ဖြည့်စွက်အာဟာရတွေ သောက်သုံးဖို့လည်း ညွှန်ကြားနိုင်ပါတယ်။ ပိုမိုသိရှိနိုင်ဖို့ တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပါ။
Acetazolamide (အက်စီတာဇိုးလမိုက်)ကို ဘယ်လိုသိမ်းဆည်းရမလဲ
အက်စီတာဇိုးလမိုက်ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Acetazolamide (အက်စီတာဇိုးလမိုက်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ
- ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
- တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
- ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
- တခြားရောဂါအခံတွေ ရှိနေရင်
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။
ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံးရန် မသင့်ပါ။
- N=အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Acetazolamideကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- အမြင်အာရုံဝါးတာ
- အရသာပြောင်းတာ
- ဝမ်းချုပ်တာ
- ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
- ညီးစီစီဖြစ်တာ
- ဆီးခဏခဏ သွားတာ
- အစားအသောက်ပျက်တာ
- မအီမသာဖြစ်တာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။
အခုပြောတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးဝါးကုသမှု ခံယူပါ
- ပြင်းထန်တဲ့ ဓာတ်မတည့်မှု လက္ခဏာတွေခံစားရတာ – အင်ပြင်တွေ၊ အနီရောင်အဖုအပိမ့်တွေ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်ဖြစ်တာ၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာတွေမှာ ရောင်ရမ်းတာတွေပါ။
- ဆီးထဲသွေးပါတာ
- အကြားအာရုံတွေ ပြောင်းလာတာ
- ကြွက်သားတွေက သူ့အလိုလို တုန်ယင်နေတာ
- ဝမ်းမည်းမည်းတွေ သွားတာ
- ဆီးမည်းမည်းတွေ သွားတာ
- အသက်ရှူမြန်တာ
- အဖျားဝင်တာ
- အားမရှိသလို ဖြစ်တာ
- ခါးနာတာ
- အရေပြား နီမြန်းရောင်ရမ်းပြီး အရည်ကြည်ဖုတွေ ထတာ
- နားအူတာ
- လည်ချောင်းနာတာ
- လက်မောင်း နဲ့ ခြေထောက် ထုံကျဉ်တာ
- ပုံမှန် မဟုတ်တဲ့ သွေးယိုစီးတာ
- အမြင်အာရုံ ပြောင်းလဲတာ
- မျက်ဖြူသားနဲ့ အသားတွေ ဝါလာတာ
အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆေးဓာတ်ပြုမှုများ
ဘယ်ဆေးတွေက Acetazolamide (အက်စီတာဇိုးလမိုက်)ကိုနဲ့ ဓာတ်ပြုနိုင်သလဲ
Acetazolamide (အက်စီတာဇိုးလမိုက်)က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
- အက်စပရင်
- Arsenic Trioxide
- Carbamazepine
- Ceritinib
- Dabrafenib
- Digitalis
- Droperidol
- Metformin ဆီးချိုဆေး
- Mitotane
- Nilotinib
- Quinidine
- Sotalol
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် Acetazolamideသောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
အစားအသောက်တွေနဲ့ အရက်က Acetazolamide (အက်စီတာဇိုးလမိုက်)နဲ့ ဓာတ်ပြုနိုင်သလား
Acetazolamideက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Acetazolamide (အက်စီတာဇိုးလမိုက်)ကို အရက်နဲ့တွဲ မသောက်သင့်ပါဘူး။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Acetazolamide (အက်စီတာဇိုးလမိုက်)နဲ့ ဓာတ်ပြုနိုင်သလဲ
Acetazolamideက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် လက်ရှိမှာ
- အမျိုးအစား -၂ ဆီးချို
- Emphysema သို့မဟုတ် နာတာရှည် အဆုတ်ရောဂါ
- သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာ ဒါမှမဟုတ် ဆိုဒီယမ် နည်းတာ
- ကျောက်ကပ်ရောဂါ သို့မဟုတ် ကျောက်ကပ် ကျောက်တည်တာ
- အသည်းရောဂါ
- အက်ဒရီနယ် ဂလင်း အလုပ်လုပ်နိုင်မှု နည်းနေတာ (Addison’s disease)
သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးသူတွေအတွက် Acetazolamide (အက်စီတာဇိုးလမိုက်)ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ
ဖောရောင်ခြင်းအတွက်
- ၂၅၀-၃၇၅မီလီဂရမ် ကို သောက်ဆေးသို့မဟုတ် အကြောထိုးဆေးအဖြစ် တစ်နေ့လျှင် တစ်ကြိမ်
Acetazolamide ကို ဆက်လက်အသုံးပြုမယ်ဆိုရင် ကျောက်ကပ်ကို အနားပေးဖို့ ဒုတိယနဲ့ဲ့တတိယအကြိမ်မြောက် ဆေးများကို သောက်ရန်/သွင်းရန် မလိုပါ။
အမြင့်ကြောင့် မအီမသာ ဖြစ်ခြင်းအတွက်
သောက်ဆေးပြား ။ ၁၂၅-၂၅၀မီလီဂရမ် ကို ၆နာရီခြား တခါ သို့မဟုတ် ၁၂နာရီခြား တစ်ခါ
အာနိသင်ဖြည်းဖြည်းချင်း ပြသော ဆေးတောင့် ။ ၅၀၀မီလီဂရမ် ကို ၁၂နာရီခြား သို့မဟုတ် ၂၄နာရီခြားတစ်ခါ သောက်လို့ ရပါတယ်။
တစ်နေ့တာအတွက် အများဆုံးသောက်နိုင်သော ဆေးပမာဏကတော့ ၁ ဂရမ်ပါ။
အမြင့်ကို မြန်မြန်တက်ရမယ့် အခြေအနေမျိုးမှာ အမြင့်ကြောင့် မအီမသာဖြစ်တာကို ကာကွယ်ဖို့ ပုံမှန်ထက် ပမာဏများတဲ့ ဆေးကို အမြင့်မတက်မီ ၂၄နာရီကနေ ၄၈နာရီအတွင်း ကြိုသောက်ပြီး သွားမယ့် အမြင့်ကို ရောက်တဲ့အခါ ၄၈နာရီခန့် ဆေးဆက်သောက်ပေးပြီး ရောဂါလက္ခဏာတွေကို ကာကွယ်နိုင်ပါတယ်။
ရေတိမ်
- Open-angle glaucoma (ထောင့်ပွင့်ရေတိမ်)
သောက်ဆေးပြား သို့မဟုတ် အကြောသွင်းဆေး ။ ၂၅၀မီလီဂရမ်ကို တစ်နေ့ တစ်ကြိမ်မှ လေးကြိမ်။
အာနိသင် ဖြည်းဖြည်းချင်းပြတဲ့ ဆေးတောင့် ။ ၅၀၀မီလီဂရမ်ကို တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်။
- Closed-angle glaucoma (ထောင့်ပိတ် ရေတိမ်)။ ။
၂၅၀-၅၀၀မီလီဂရမ်ကို အကြောသွင်းဆေးဖြင့်သွင်းရမည်။ ၂ နာရီခြား သို့မဟုတ် ၄နာရီခြား တစ်ခါ လိုအပ်သလို သွင်းနိုင်ပြီး အများဆုံး သွင်းနိုင်သည့် ပမာဏမှာ တစ်နေ့လျှင် ၁ ဂရမ်ဖြစ်ပါတယ်။
အတက်ရောဂါအတွက်
8-30 mg/kg/day ကို လေးကြိမ်အထိ ခွဲပေးနိုင်သည်။ အများဆုံး တစ်နေ့ရင် ၁ဂရမ်ထက် မပိုရ။
လူနာက အတက်ရောဂါအတွက် အခြား ဆေးတွေကို သုံးစွဲနေရတာမျိုး ဖြစ်မယ်ဆိုရင် Acetalzolamide ကို အရင်ဆုံးစတင်ပေးသင့်တဲ့ ပမာဏက ၂၅၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်ဖြစ်သည်။ ဒါပေမယ့် Acetalzolamide တစ်မျိုးတည်းကိုသာ အသုံးပြုတာဖြစ်မယ်။ ကျောက်ကပ်လည်း ကျန်းမာတယ်ဆိုတဲ့ လူနာတွေ အနေနဲ့ တစ်နေ့ကို ဆေးပမာဏ ၃၇၅-၁၀၀၀ မီလီဂရမ်အထိ ပေးနိုင်ပါတယ်။ ကျောက်ကပ်အခြေအနေ မသိတဲ့ လူနာတွေအတွက် Acetalzolamide ကို လူနာရဲ့ ရောဂါအခြေအနေနဲ့ဲ့ဆေးဒဏ်ခံနိုင်စွမ်းတို့ကို မူတည်ပြီး ဆေးပမာဏကို တိုင်းတာချိန်ဆရပါမယ်။
ကလေးတွေအတွက် Acetazolamide (အက်စီတာဇိုးလမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ရေတိမ်အတွက် (၁နှစ် အထက်)
သောက်ဆေး ။ 8-30mg/kg/day သို့မဟုတ် 300-900 mg/m2/day ကို အကြိမ်ရေခွဲပြီး ၈နာရီခြားတစ်ခါ သောက်ရန်။
အကြောသွင်းဆေး ။ 20-40 mg/kg/day ကို အကြိမ်ရေခွဲပြီး ၆နာရီခြား တစ်ခါ ထိုးသွင်းရန်။
အများဆုံး သောက်နိုင်/သွင်းနိုင်သော ပမာဏမှာ တစ်နေ့လျှင် ၁ဂရမ်ပါ။
ဖောရောင်ခြင်းအတွက် (၁နှစ်နှင့် အထက်)
သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး။ 5mg/kg သို့ မဟုတ် or 150 mg/m²ကို တစ်နေ့လျှင် တစ်ကြိမ်
အတက်ရောဂါအတွက် (၁ နှစ်နှင့်အထက်)
သောက်ဆေး ။ 8-30mg/kg/day ကို တစ်ကြိမ်မှ လေးကြိမ် ခွဲသောက်ရန်။ အများဆုံး သောက်နိုင်သော ပမာဏမှာ တစ်နေ့ကို ၁ဂရမ်ပါ။
ဦးခေါင်းအတွင်းအရည်စုပုံပြီး ခေါင်းကြီးနေသောရောဂါ (Hydrocephalus) အတွက်
သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး ။ 20-100 mg/kg/day ကို ၆နာရီခြား တစ်ခါ သို့မဟုတ် ၈နာရီခြားတစ်ခါ သောက်နိုင်/သွင်းနိုင်ပါတယ်။ အများဆုံး သောက်နိုင်/သွင်းနိုင်သော ပမာဏမှာ တစ်နေ့လျှင် ၂ဂရမ်ပါ။
Acetazolamide (အက်စီတာဇိုးလမိုက်)ကို ဘယ်လိုရရှိနိုင်သလဲ
Acetazolamide (အက်စီတာဇိုးလမိုက်)ကို ရရှိနိုင်သောပုံစံများတွေကတော့
ကြာရှည်အာနိသင်ပြသော ဆေးတောင့် ။ ၅၀၀မီလီဂရမ်
ပုံမှန်ဆေးပြား ။ ၁၂၅မီလီဂရမ်၊ ၂၅၀မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
အက်စီတာဇိုးလမိုက်ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
[embed-health-tool-bmi]