ဟိုးအရင်ကတော့ အစာအိမ်အနာ ဆိုတာ အစားအသောက်တချို့ကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေ ဆက်တိုက်သောက်လွန်းတာ၊ H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့အကြောင်းရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့် လည်း အစာအိမ်အနာကို သက်သာစေ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေ ရှိတာတော့ အမှန်ပါပဲ။ အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ က ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ
အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ ကတော့
အကောင်းဆုံး အစားအစာတွေက –
- Probiotics ပါတဲ့အစားအစာ
ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်အနာကိုသက်သာစေတာပေါ့။
- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ
ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာ ကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။
ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီနဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။
- ပန်းငရုတ်ပွ
ဗီတာမင် C ကြွယ်ဝတဲ့ ပန်းငရုတ်ပွက အစာအိမ်အနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C က အနာကျက်စေနိုင်တဲ့အစွမ်းရှိတာမို့ ဒီဓာတ်မလုံလောက်တဲ့သူတွေမှာ အစာအိမ်အနာ ဖြစ်နိုင်ခြေပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်း စားလို့ ရပါတယ်။
အဆိုးဆုံးအစားအစာတွေက –
- နွားနို့
အရင်က အစာအိမ်အနာကို သက်သာစေတယ် ဆိုပြီး နွားနို့ကို သောက်လေ့ရှိကြပါတယ်။ အခုတော့ နွားနို့က အနာကို မကာကွယ်နိုင်၊ မသက်သာစေနိုင်ဘူးလို့ သိလာကြပါပြီ။ တကယ်တော့ နွားနို့ကြောင့် အစာအိမ်အက်စစ်ပိုထွက်စေလို့ ပိုဆိုးကုန်တာ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အဆီများတဲ့ နွားနို့တွေဆို အစာခြေရခက်တဲ့ ပြဿနာပါ ဖြစ်စေနိုင်ပါတယ်။
- အရက်၊ ဘီယာ
- အဆီများတဲ့ စားစရာ
- အပူအစပ်တွေ
အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းလို့ အစကယူဆခဲ့ကြပေမယ့် အခုတော့ မဟုတ်ကြောင်း သိခဲ့ရပါပြီ။ ဒါပေမယ့် အစာအိမ်အနာရှိတဲ့သူတွေအတွက်တော့ လက္ခဏာပိုဆိုးစေနိုင်တာ သေချာပါတယ်။ အစပ်နည်းနည်းစားတာနဲ့ ဗိုက်အောင့်တတ်တယ်ဆို ရှောင်လိုက်နော်။
- အချဉ်
သံပရာသီး၊ ရှောက်သီးတို့လို အချဉ်သီးတွေနဲ့ ခရမ်းချဉ်သီးတွေလို အက်စစ်ဓာတ်များတဲ့ အစားအစာတွေက အနာကိုပိုဆိုးစေနိုင်ပါတယ်။ အမြဲဖြစ်တယ်တော့ မဆိုလိုပေမယ့် ဗိုက်အောင့်တာ၊ အစာအိမ်အက်စစ်များလာတာတွေခံစားရတတ်တယ်ဆို အစာအိမ်သမားတွေလျှော့စားသင့်ပါတယ်။
- ကဖင်း
ကော်ဖီ၊ လက်ဖက်ရည်တို့ရဲ့ ကဖင်းဓာတ်တွေက အစာအိမ်အနာကို ပိုဆိုးစေနိုင်ပါတယ်။ ရိုးရိုးအစာအိမ်ရောဂါမှာတောင် ကော်ဖီ၊ လက်ဖက်ရည်ရှောင်ဖို့ ဆရာဝန်တွေမှာလေ့ရှိပါတယ်။
အစာအိမ်ရောဂါအတွက် လိုအပ်တဲ့ကုသမှုတွေခံယူနေချိန်မှာ အစားအသောက်ကိုလည်း သင့်တော်ရာရွေးချယ်မိဖို့ လိုအပ်ပါတယ်။ ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
[embed-health-tool-bmr]