backup og meta

Stomach Polyps (အစာအိမ်တွင်းအသားပိုပေါက်ခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Stomach Polyps (အစာအိမ်တွင်းအသားပိုပေါက်ခြင်း)

    Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဆိုတာဘာလဲ။

    Stomach polyps တွေဟာ အစာအိမ် polyps တွေဖြစ်ပြီး အစာအိမ်အတွင်းပိုင်းနံရံက ဖြစ်လာတဲ့ အသားပိုတွေဖြစ်ပါတယ်။ ဒီ polyps တွေဟာ ရှားပါးပြီး ဒုက္ခပေးတဲ့ လက္ခဏာတွေကို မဖြစ်စေနိုင်ပါဘူး။ Stomach polyps တွေဟာ များသောအားဖြင့် ဆရာဝန်က အခြားအကြောင်းရင်းအတွက် စစ်ဆေးချိန်မှာမှ တွေ့ရှိတတ်ပါတယ်။ Stomach polyps အများစုဟာ များသောအားဖြင့် ကင်ဆာဖြစ်စေခြင်း မရှိပါဘူး။

    ဒါပေမယ့် အချို့ကတော့ နောက်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။ ရှိတဲ့ Stomach polyps အမျိုးအစားပေါ်မူတည်ပြီး ကုသမှုမှာ အသားပိုကို ဖယ်ရှားခြင်းနဲ့ ပြောင်းလဲမှု တွေကို စောင့်ကြည့်ခြင်းတွေ ပါဝင်ပါတယ်။

    Stomach polyps (အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    အမေရိကမှာ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်း မှန်ပြောင်းကြည့်သူတွေရဲ့ ၆%လောက်မှာ Stomach polyps တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေမှာတော့ အတွေ့ရပိုနည်းတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ရောဂါလက္ခဏာများ။

    Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Stomach polyps ဟာ လက္ခဏာပြခြင်း မရှိပါဘူး။ ဒါပေမယ့် အသားပို ကြီးလာတဲ့အခါ အနာတွေဖြစ်လာနိုင်ပါတယ်။ ရှားရှားပါးပါး အခြေအနေတွေမှာတော့ အသားပိုဟာ အစာအိမ်နဲ့ အူသိမ်ကြားက အပေါက်ကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီအချိန်မှာ Stomach polyps ရဲ့ လက္ခဏာတွေကတော့

    • ဗိုက်ကို ဖိမိတဲ့အခါ နာကျင်ခြင်း
    • ပျို့ခြင်း
    • ဝမ်းအတွင်း သွေးပါခြင်း
    • သွေးအားနည်းခြင်း

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    ရောဂါစောစီးစွာတွေ့ရှိခြင်းက ရောဂါပိုဆိုးခြင်းနဲ့ အရေးပေါ် အခြေအနေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာမို့ ဒီလို ပြင်းထန်တဲ့ အရေးပေါ် အခြေအနေကို ကာကွယ်ဖို့ သင့်ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ။

    ဘာတွေက Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဖြစ်ပွားစေသလဲ။

    Stomach polyps ကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့

    အစာအိမ်ရောင်ခြင်း – ဒီရောဂါဟာ hyperplastic polyps နဲ့ adenomas တွေကိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ Hyperplastic polyps တွေဟာ ကင်ဆာမဖြစ်နိုင်ပေမယ့် ၁ စင်တီမီတာထက်ကြီးတဲ့ အသားပိုတွေကတော့ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ Adenomas တွေကတော့ အဖြစ်နည်းတဲ့ Stomach polyps ဖြစ်ပြီး ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါကြောင့် သိုတို့ကို ဖယ်ရှားတတ်ကြပါတယ်။

    Familial adenomatous polyposis

    ဒီရှားပါးပြီး မျိုးရိုးလိုက်တတ်တဲ့ ရောဂါဟာ အစာအိမ် နံရံက ဆဲလ်တွေကို fundic gland polyps လို့ ခေါ်တဲ့ အသားပိုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်တဲ့ fundic gland polyps တွေဟာ ကင်ဆာဖြစ်နိုင်တာကြောင့် ဖယ်ရှားသင့်ပါတယ်။ ဒီရောဂါဟာ adenomas တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    အစာအိမ်ဆေးအချို့ကို ပုံမှန်သုံးစွဲခြင်း

    Fundic gland polyps တွေဟာ အစာအိမ်အက်ဆစ်များခြင်ကို ကုသတဲ့ proton pump inhibitors တွေကို ပုံမှန်သောက်နေတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ များသောအားဖြင့် သေးငယ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ ၁ စင်တီမီတာထက်ကြီးတဲ့ fundic gland polyps တွေကတော့ ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ရှိတာကြောင့် ဆရာဝန်က ဆေးရပ်ခြင်း၊ (သို့) အသားပိုကို ဖယ်ရှားခြင်း (သို့) နှစ်ခုလုံး ပြုလုပ်နိုင်ပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Stomach polyps ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    အသက်

    Stomach polyps တွေဟာ လူလတ်ပိုင်းကနေ လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။

    ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်း

    H.pylori ဘက်တီးရီးယားဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး hyperplastic polyps နဲ့ adenomas တွေကို ဖြစ်စေနိုင်ပါတယ်။

    Familial adenomatous polyposis

    ဒီလိုရှားပါးတဲ့ မွေးရာပါ ရောဂါဟာ အူမကြီးကင်ဆာနဲ့ အခြားအခြေအနေတွေဖြစ်တဲ့ Stomach polyps ကို ဖြစ်စေနိုင်ပါတယ်။

    အခြားဆေးများ

    PPI ဆေးတွေကို gastroesophageal reflux disease ကို ကုသဖို့ အသုံးပြုခြင်းဟာ fundic gland polyps တွေနဲ့ ဆက်စပ်နေပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း)ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    တကယ်လို့ ဆရာဝန်က သင့်မှာ Stomach polyps ဖြစ်တယ်လို့ သံသယရှိရင် စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေကတော့

    Endoscopy

    ဒီစစ်ဆေးမှုဟာ အစာအိမ် အတွင်းပိုင်းကို ဆရာဝန်က ကြည့်ရှုဖို့ ကူညီပေးနိုင်ပါတယ်။

    တစ်ရှူး အသားစ ယူခြင်း

    Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း)ကို ဘယ်လိုကုသလဲ။

    Stomach polyps အမျိုးအစားပေါ် မူတည်ပြီး အချို့ကုသမှုတွေကို အကြံပြုထားကြပါတယ်။

    • Adenoma မဟုတ်တဲ့ သေးငယ်တဲ့ polyps များ

    ဒီ Stomach polyps တွေဟာ ကုသဖို့ မလိုအပ်ပါဘူး။ သူတို့ဟာ ရောဂါလက္ခဏာ မပြပဲ ကင်ဆာလဲ မဖြစ်နိုင်ပါဘူး။ ဆရာဝန်က ကြီးလာခြင်း၊ လက္ခဏာပြလာခြင်း ရှိမရှိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။

    • ကြီးမားသော Polyps များ

    သူတို့ကိုတော့ ခွဲထုတ်ဖို့ လိုအပ်ပါတယ်။ စောင့်ကြည့်ပြီး အများစုဟာ မှန်ပြောင်းကြည့်စဉ်မှာ ခွဲထုတ်နိုင်ပါတယ်။

    • Adenomas

    ဒီ Polyps တွေဟာ ကင်ဆာဖြစ်နိုင်ပြီး မှန်ပြောင်းကြည့်စဉ်မှာ ထုတ်နိုင်ပါတယ်။

    • Familial adenomatous polyposis နဲ့ ဆက်နွယ်နေတဲ့ polyps များ

    သူတို့ဟာ ကင်ဆာဖြစ်နိုင်တာကြောင့် ဖယ်ထုတ်သင့်ပါတယ်။

    သင့်ဆရာဝန်က ပြန်ဖြစ်လာတဲ့ polyps တွေကို စစ်ဆေးဖို့အတွက် မှန်ပြောင်းကြည့်ခြင်းကို အကြံပေးနိုင်ပါတယ်။ ဒါ့ပြင် Hpylori infection ကိုကုသခြင်းဟာ အလွန်အရေးကြီးပါတယ်။ တကယ်လို့ သင့်မှာ H.pylori ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အစာအိမ်ရောင်ခြင်း ရှိနေတယ်ဆိုရင် ဆရာဝန်က ပိုးသတ်ဆေးတိုက်နိုင်ပါတယ်။ H.pylori infection ကို ကုသခြင်းဟာ အသားပိုတွေကို ပျောက်သွားစေပြီး မကြာခဏ ပြန်ဖြစ်ခြင်းကလည်း သက်သာစေပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း)

    ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stomach polyps ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ကျန်းမာစေတဲ့ အသီးအရွက်၊ whole-grain cereals တွေကို စားသောက်ပါ။
    • အရက်သောက်ခြင်းကို ကန့်သတ်ပါ။
    • ဆေးလိပ်ရှောင်ကျဉ်ပါ။
    • လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement