backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Anal Fissure (စအိုကွဲခြင်း)


Dr. K Zin Thwe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anal Fissure (စအိုကွဲခြင်း) ကဘာလဲ။

စအိုကွဲခြင်းဆိုသည်မှာ အစာဟောင်းအိမ်၏အောက်ပိုင်းရှိ အပေါ်ယံလွှာတွင် အနည်းငယ်ပြဲသွားသောကြောင့် ဝမ်းသွားလျှင်နာကျင်ပြီး သွေးထွက်လာခြင်းဖြစ်သည်။

ရေတိုဖြစ်လျှင် ကွဲရုံသာဖြစ်ပြီး ရေရှည်တွင်မူ ကွဲနေသောနေရာမှ အသားပိုထွက်လာပြီး အတွင်းလိပ်ခေါင်းနှင့် အပြင်လိပ်ခေါင်းဖြစ်ခြင်းတို့ဖြစ်လာနိုင်သည်။

စအိုကွဲခြင်းသည် ပြင်းထန်သောကျန်းမာရေးပြသနာမဟုတ်ပါ။ ရေတိုတွင်ဖြစ်သော စအိုကွဲနာများသည် ၄ ပတ်မှ ၆ ပတ်အတွင်း ပျောက်သွားတတ်ကြသည်။

အများစုသော စအိုကွဲနာများသည် အမျှင်ဓါတ်ကြွယ်ဝသောအစာများစားခြင်း၊ ဆေးရည်ထိုင်ခြင်းတို့ဖြင့်ကောင်းသွားကြသည်။ သို့သော် ၈ ပတ်မှ ၁၂ပတ်ကြာသည်အထိ အနာမကျက်ပါက ရေရှည်ဖြစ်သော စအိုကွဲနာဟုသတ်မှတ်ရမည်ဖြစ်ပြီး ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ပြုလုပ်မှသာ ပြန်မဖြစ်ရန်နှင့် ဘေးပတ်လည်ရှိကြွက်သားများပျက်စီးခြင်းတို့ကိုလည်းကာကွယ်နိုင်ပါသည်။

Anal Fissure (စအိုကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

စအိုကွဲခြင်းသညအလွန်အတွေ့ရများပါသည်။ အထူးသဖြင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ သို့သော် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လက္ခဏာများ

Anal Fissure (စအိုကွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံမှန်အားဖြင့် တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ

  • အိမ်သာသုံးစက္ကူနှင့် အိမ်သာခွက်ပေါ်တွင် သွေးစက်များ ပေကျံနေခြင်း
  • စအိုကွဲနာမှထွက်လာသောသွေးများသည် နီရဲနေပြီး ဝမ်းနှင့်ရောမနေခြင်း
  • နာကျင်ခြင်း၊ ဝမ်းသွားလျှင် အလွန်နာကျင်ခြင်း
  • ဝမ်းသွားပြီးလျှင် အတန်ကြာနာကျင်နေခြင်း
  • စအိုတဝိုက်တွင် ယားခြင်း
  • စအိုပတ်လည်တွင် ကွဲကြောင်းကိုမြင်နေရခြင်း
  • စအိုကွဲကြောင်းအနီးတွင် အသားပိုလုံးများကိုတွေ့ရခြင်း တို့ဖြစ်သည်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Anal Fissure (စအိုကွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်များသော အကြောင်းများမှာ

  • ဝမ်းမာမာသွားခြင်းနှင့် များများသွာခြင်း
  • ဝမ်းချုပ်ခြင်းနှင့် ဝမ်းသွားလျှင်ညှစ်ရခြင်း
  • ကြာရှည်စွာ ဝမ်းလျှောခြင်း
  • စအိုတဝိုက်တွင် ရောင်ရမ်းခြင်း
  • အူလမ်းကြောင်းရောင်ရမ်းသောရောဂါများဖြစ်ခြင်း (ဥပမာ- ခရုန်းရောဂါ)
  • စအိုတဝိုက်တွင်သွေးလျှောက်မှုနည်းခြင်း
  • ကလေးမွေးခြင်းဖြင့် စအိုတဝိုက်ကိုထိခိုက်မိခြင်း တို့ဖြစ်ပါသည်။

ဖြစ်နိုင်ခြေများ

Anal Fissure (စအိုကွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • ၁ နှစ်အာက် ကလေးများ
  • အသက်အရွယ်အိုမင်းသူများ
  • ဝမ်းချုပ်ခြင်း
  • ကလေးမွေးခြင်း
  • ခရုန်းအူရောင်ရောဂါ
  • စအိုဖြင့် လိင်ဆက်ဆံခြင်း တို့သည် စအိုကွဲစေနိုင်သည့် အချက်များဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anal Fissure (စအိုကွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် သင့်ရောဂါရာဇဝင်ကိုမေးမြန်းပြီး သင့်စအိုကွဲကြောင်းကို ကြည့်ရှုစစ်ဆေးမှုများပြုလုပ်လိမ့်မည်။ အချို့သောလူနာများတွင် စအိုထဲသို့လက်အိတ်ဖြင့်နှိုက်ပြီး စမ်းသပ်ခြင်း၊ စအိုလမ်းကြောင်းကိုကြည့်သော ကိရိယာဖြင့်စမ်းသပ်ခြင်းတို့ကို ပြုလုပ်လိမ့်မည်ဖြစ်သည်။

သင့်အနာသည် အလွန်နာကျင်နေပါက ဆရာဝန်က အနာကျက်အောင်ဆေးပေးပြီးမှ စမ်းသပ်ခြင်း၊ တိုတောင်းသောမှန်ပြောင်းဖြင့် ကြည့်ခြင်းတို့ကို ပြုလုပ်ပေးလိမ့်မည်။

ထိုသို့ကြည့်ရှုစစ်ဆေးခြင်းဖြင့် ခရုန်းရောဂါကဲ့သို့သော အူရောင်သည့်ရောဂါများကိုတွေ့ရှိနိုင်မည်ဖြစ်သည်။ အခြားပြုလုပ်နိုင်သော စမ်းသပ်မှုများမှာ

  • အကွေးအဆန့်ပြုလုပ်နိုင်သော အူကြည့်မှန်ပြောင်း
  • ထိုစမ်းသပ်မှုကို အသက်၅၀အောက်နှင့် အူသိမ်၊ အူမကြီးရောဂါရှိနိုင်ချေမရှိသောသူများတွင် အသုံးပြုနိုင်သည်။

    • အူမကြီးကြည့်မှန်ပြောင်း

    ထိုစမ်းသပ်မှုကို အသက်၅၀အထက်နှင့် အူမကြီးရောဂါရှိနိုင်ချေမရှိသောသူများ၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့မရှိမှ ပြုလုပ်နိုင်သည်။

    Anal Fissure (စအိုကွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

    ရေတိုအားဖြင့် အစားအသောက်စားရာတွင် အမျှင်ဓါတ်များစားခြင်း၊ ရေများများသောက်ခြင်းတို့ပြုလုပ်လျှင် ရက်သတ္တပတ်အနည်းငယ်အတွင်း အနာကျက်စေရုံသာမက ဝမ်းလည်းပျော့စေပါသည်။

    သို့သော် စအိုကွဲခြင်းကို တောက်လျှောက်ခံစားနေရပါက အခြားသောကုသမှုများပြုလုပ်ရန်လိုအပ်ပေသည်။

    • Nitrogltcerin (Rectiv) လိမ်းခြင်း
    • Lidocaine hydrochloride (Xylocaine) စသည့် ထုံဆေးများ လိမ်းခြင်း
    • Botox ထိုးခြင်း
    • Nifedipine (Procardia), Diltiazem(Cardizem) စသည့်သွေးပေါင်ကျဆေးများသောက်ခြင်း
    • ကြာရှည်စွာခံစားနေရလျှင် ခွဲစိတ်မှုခံယူခြင်း တို့ပြုလုပ်နိုင်ပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် စအိုကွဲခြင်းဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ

    အောက်ပါအိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်စအိုကွဲခြင်းဖြစ်သူများအတွက် အကူအညီဖြစ်စေနိုင်ပါသည်။

    • အမျှင်ဓါတ်များသော အစားအစာများစားခြင်း

    အသီးအနှံများ၊ ဟင်းရွက်များ ၊ပဲများ၊ အစေ့အဆန်များကိုနေ့စဉ်စားသုံးပေးပါ။

    • ဝမ်းမချုပ်စေရန် ရေများများသောက်ပါ။
    • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

    လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်အစာအိမ်လှုပ်ရှားမှုကိုကောင်းမွန်စေပြီး သွေးလည်ပတ်မှုကောင်းစေသဖြင့် အနာကျက်မြန်စေသည်။

    • ဝမ်းသွားလျှင် ညှစ်မပေါက်ပါနှင့်။ ဝမ်းညှစ်ပေါက်လျှင် စအိုကွဲကြောင်းတွင် ဖိအားပိုဖြစ်စေသောကြောင့် အနာကျက်နှေးခြင်း၊ ထပ်ကွဲခြင်းတို့ဖြစ်စေပါသည်။ ထို့ကြောင့် သင်ဝမ်းသွားလျှင် မညှစ်ပါနှင့်။ အချိန်ယူပါ။

    သင် ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement