ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်

    ပိတ်ရက်တွေရောက်လာပြီဆို အပီအပြင်လည်ဖို့ ဒါမှမဟုတ် ခရီးထွက်ဖို့ စီစဉ်ထားကြမှာပဲ။ ဒါပေမယ့် ခရီးကိုရောက်တာ တစ်ရက်ပဲရှိသေးတယ် နေမကောင်းဖြစ်သွားရပြီဆို ပလန်တွေအကုန် ပလုံသွားမှာနော်။

    အရေးကြီးဆုံးက လမ်းမှာ ဒါမှမဟုတ် ခရီးရောက်တဲ့အခါ စားမယ့်အစားအသောက်ကိစ္စပါပဲ။ ခရီးသွားရင်း ပျော်ရင်းရွှင်ရင်း လမ်းမှာစားစရာဆိုင်တွေ့ရင်ပဲ ရတနာတွေ့သလို ပြေးဝယ်စားကြ၊ သောက်ကြ တာ ပျော်စရာ။ ဒါပေမယ့် တွေ့ရာစားဖို့ ကိုယ့်ဗိုက်ကရော ကောင်းလို့လား။ ဘယ်အချိန်မဆို ဆင်ခြင်စားသင့်တဲ့ အစားအသောက်စာရင်းကို သတိပေးလိုက်ပါဦးမယ်။

    ဆီကြော်စာ

    ဆီကြော်တွေက ချေဖျက်ရခက်ရတဲ့အထဲ နေရာဒေသအပြောင်း၊ ရာသီအပြောင်းမှာ အစာပိုပြီးမကြေတော့ပါဘူး။ နဂိုတည်းက အစာခြေရည်ပြန်ဆန်တက်တတ်တဲ့၊ ဒါမှမဟုတ် အစာမကြေဖြစ်လွယ်၊ လေထတတ်တဲ့ ဗိုက်ဆို ပိုဆိုးပါတယ်။ ကားမူးတာနဲ့ပေါင်းရင် ပိုဆိုး။

    ပြုပြင်စီမံထားတဲ့အစားအစာ

    ဟော့ဒေါ့လို့ ခေါ်တဲ့ အချောင်းလေးတွေက ပြုပြင်စီမံထားတဲ့အစားအစာတွေပေါ့။ နောက်ပြီး ယူတို့လမ်းမှာ ဖောက်စားတတ်ကြတဲ့ အာလူးကြော် ဘာညာလည်း ဒီထဲပါတာပဲ။ အဲဒါတွေက လေပွစေနိုင်တယ်၊ ဗိုက်အောင့်စေနိုင်တယ်၊ မအီမသာဖြစ်စေနိုင်တယ်နော်။

    အစပ်

    ကမ်းခြေရောက်ပြီ၊ ပင်လယ်စာတွေ တွယ်ပြီဆိုပြီး အပူအစပ်တွေတရှူးရှူးစားခြင်းက ယူတို့ကို စမတ်မဖြစ်စေပါဘူး။ အခန့်မသင့်ရင် ဗိုက်အောင့်မယ်နော်။ အရမ်းစပ်အောင်မစားပါနဲ့။ အရင်တည်းက အစာအိမ်ပြဿနာရှိရင် သတိထားရမယ့်အချက်ပါ။

    အကင်

    အကင်တွေက အမြည်းလုပ်ရတာ အရသာရှိပေမယ့် မသန့်ရင်၊ မလတ်ရင် အစာအိမ်ကို E.coli လို ရောဂါပိုးတွေအတွက် လမ်းဖွင့်ပေးလိုက်နိုင်ပါတယ်။ အဲဒီဘက်တီးရီးယားဝင်ရင် ဝမ်းလျှောမယ်၊ ဗိုက်အောင့်မယ် Listeria ဆိုရင် ဖျားမယ်၊ခေါင်းကိုက်မယ်၊ ဗိုက်အောင့်မယ်။ ကဲ ပျော်နိုင်ပါတော့မလား။ ဒါ့ကြောင့် ကမ်းခြေရောက်လို့ စားမယ်ဆို ချက်ချင်းလတ်လတ်ဆတ်ဆတ်ကင်ခိုင်းတာ အကောင်းဆုံးပါ။

    မလတ်ဆတ်တဲ့အစားအစာ

    မလတ်ဆတ်တဲ့ အစားအသောက်တွေစားမိရင် ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်ဗိုက်နာတွေအပြင် အစာအဆိပ်သင့်တာတွေအထိပါ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ပင်လယ်စာဖြစ်ဖြစ်၊ ဒေသစာဖြစ်ဖြစ် ဘာကိုစားစား အခြေအနေကောင်းမှ၊ လတ်ဆတ်သန့်ရှင်းမှုရှိမှ ဝယ်စားပါ။

    အရက်

    အယ်ကိုဟောပါတာတွေ အရက်ဘီယာအတူတူပဲနော်။ ဝိုင်လည်းအရက်မဟုတ်ဘူးလို့ ကပ်မငြင်းနဲ့။ အယ်ကိုဟောဆိုတာ အစာအိမ်ကိုပူလောင်စေတာအမှန်ပဲကို။ နည်းနည်းသောက်ရင်တောင် ရင်ပူတာ၊ အစာအိမ်အက်စစ်ပြန်ဆန်တက်တာတွေ ဖြစ်လာစေနိုင်တယ်။ သောက်တာများရင် အစာအိမ်နံရံတွေကို ရောင်ရမ်းစေလိမ့်မယ်။

    ကော်ဖီ

    ရေကူးပြီးလို့ ချမ်းတဲ့အချိန် ကော်ဖီလေးသောက်လိုက် နွေးသွားတာပဲမလား။ ဒါပေမယ့် အစာမရှိဘဲ သောက်လိုက်ရင် အစာအိမ်နံရံကို ဆွသလိုဖြစ်စေနိုင်ပါတယ်။ ကော်ဖီကြောင့် ရင်ပူတာ၊ အစာအိမ်အက်စစ်ပြန်ဆန်တက်တာ၊ ဗိုက်အောင့်တာ စတာတွေ ဖြစ်လာတတ်တယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement