brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးရတယ်ဆိုတာ သင်လည်းသိပြီးဖြစ်မှာပါ။ အရက်ဟာ အသည်းပျက်စီးရတဲ့ အဓိကအကြောင်းရင်းထဲက တစ်ခုပါ။ အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ ကို ပြောပြပေးချင်ပါတယ်။

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အသည်းဆိုတာဘယ်လိုအင်္ဂါမျိုးလဲ

အသည်းဟာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း နံရိုးတွေရဲ့အောက်မှာ တည်ရှိပါတယ်။

အသည်းဟာ ခန္ဓာကိုယ်အတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ဒါတွေကတော့

  • အရက်၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို ချေဖျက်ပေးခြင်း
  • အဆီတွေကိုချေဖို့ရန်အတွက် သည်းခြေရည် ထုတ်လုပ်ပေးခြင်း
  • ဂလူးကို့စ်နဲ့ အခြားလိုအပ်တဲ့ ဗီတာမင်တွေကို သိုလှောင်သိမ်းဆည်းပေးထားခြင်း
  • သွေးခဲဖို့ရန် လိုအပ်တဲ့ ပရိုတင်းများကို ပြုလုပ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အသည်းကို ပျက်စီးစေနိုင်တဲ့အရာတွေကတော့ အများကြီးပါပဲ။ အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာ အသစ်ပြန်ဖြစ်ပါတယ်။ သို့သော်လည်း ပျက်စီးခြင်းနဲ့ အသစ်ပြန်လည် ဖြစ်ပေါ်ခြင်းတွေ ကြိမ်ဖန်များစွာဖြစ်လာရင်တော့ အသည်းမှာ အမာရွတ်တွေ တင်ကျန်လာမှာပါ။ အမာရွတ်တွေနဲ့ ဆဲလ်တွေဟာ မူလဆဲလ်အကောင်းတွေလောက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်နိုင်ပါဘူး။

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အရက်သောက်လိုက်တဲ့အခါ အရက်ကိုချေဖျက်ဖို့ရန် အသည်းကနေ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ အဆိပ်တွေကို ချေဖျက်တဲ့ဖြစ်စဉ်က ထွက်လာတဲ့ဘေးထွက်ပစ္စည်းတွေ ကြိမ်ဖန် များစွာဖြစ်လာတဲ့အခါ အသည်းကို စတင်ထိခိုက်လာပါတော့တယ်။ ဦးစွာပထမအနေနဲ့ အသည်းမှာ အဆီတွေ စုပုံလာမယ်။ ဒီနောက်မှာတော့ အသည်းဟာ ရောင်ရမ်းလာပြီး အမာရွတ်တွေ ဖြစ်လာပါတော့တယ်။ အသည်းစတင်ပျက်စီးနေချိန်မှာ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် သင်ဟာ မိမိကိုယ်မိမိ ကျန်းမာနေတယ်လို့ပဲ ထင်မိမှာပါ။

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ အနေနဲ့ လက္ခဏာပြခဲ့ရင်တော့ အောက်ပါလက္ခဏာတွေခံစားရမှာပါ။

  • အသည်းရောင်ရမ်းခြင်းကြောင့် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာ မအီမသာဖြစ်နေခြင်း
  • မောပန်းလွယ်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့အန်ခြင်းတွေ ခံစားရတတ်ပါတယ်။

အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေကိုအသေးစိတ်ပြောပြချင်ပါတယ်။

(၁) အရက်ကြောင့် အသည်းအဆီဖုံးရောဂါ

အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းဟာ ပုံမှန်လုပ်ငန်းဆောင်တာဖြစ်တဲ့ အဆီချေဖျက်ပေးခြင်းကို ကောင်းစွာမလုပ်နိုင်တော့ပါဘူး။ ဤနည်းအားဖြင့်အသည်းမှာ အဆီတွေ စုပုံလာပါတယ်။ အသည်းအဆီဖုံးခြင်းဟာ အရက်အလွန်အကျွံသောက်သုံးသူတွေမှာ အဖြစ်များပါတယ်။ ၉၉ ရာခိုင်နှုန်းသော အရက်အလွန်အကျွံသောက်သုံးသူတွေမှာ ဒီရောဂါရှိနေတတ်ပါတယ်။ လက္ခဏာတွေကတော့

  • ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာ မအီမသာဖြစ်နေခြင်း
  • မောပန်းလွယ်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ပဲ ဖြစ်ပါတယ်။

တချို့တွေမှာ ဘာလက္ခဏာမှမပြဘဲလည်း ရှိနေနိုင်ပါတယ်။ အသည်းအဆီဖုံးခြင်းဟာ အရက်ဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ပြန်ကောင်းနိုင်ပါတယ်။ ပြန်ကောင်းရန် ကြာချိန်ကတော့ တစ်ဦးနဲ့ တစ်ဦးကွဲပြားနိုင်ပါတယ်။ အရက်ဖြတ်တယ်လို့ဆိုရာမှာ အပြီးဖြတ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

(၂) အသည်းရောင်ရောဂါ

အရက်ကို မဖြတ်ဘဲ အလွန်အကျွံ ဆက်လက်သောက်သုံးမယ်ဆိုရင်တော့ အသည်းရဲ့ ဧရိယာတွေဟာ ရောင်ရမ်းလာပြီး အသည်းရောင်ရောဂါ စဖြစ်ပွားပါပြီ။

ဒီအခါ အောက်ပါလက္ခဏာတွေ ရှိလာနိုင်ပါတယ်။

  • အသည်းနေရာက နာလာခြင်း
  • မောပန်းလွယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဖျားခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အသားဝါခြင်း (အရေပြား၊ မျက်လုံးဝါခြင်း)

အသည်းရောင်ရောဂါဟာ သာမန်အဆင့်ကနေ ပြင်းထန်တဲ့အထိ ဖြစ်နိုင်ပါတယ်။ သာမန်အပျော့စားဆိုရင်တော့ နှစ်ပေါင်းများစွာ အရက်ကိုမဖြတ်ဘဲ ဆက်သောက်ပါမှ အသည်းဟာ ပျက်စီးမှာပါ။ ပြင်းထန်အသည်းရောင်ရောဂါကတော့ အရက်ကို ပမာဏများစွာ ဆက်တိုက် သောက်ရာမှ ဖြစ်ပွားရပြီး အသက်ဆုံးရှုံးရသည်အထိ ပြင်းထန်ပါတယ်။

ရောဂါသက်သာဖို့ဆိုရင်တော့ အရက်ကိုအပြီးတိုင် ဖြတ်လိုက်မှရမှာပါ။ အလွန်ဆိုးရွားတဲ့ အသည်းရောင်ရောဂါ ပျောက်ကင်းဖို့ဆိုရင်တော့ အသည်းအစားထိုးကုသမှပဲ ရမှာပါ။

(၃) အသည်းခြောက်ရောဂါ

အရက်ကို အဆက်မပြတ်သောက်သုံးရာကတစ်ဆင့် ကျန်းမာတဲ့ အသည်းဆဲလ်တွေနေရာမှာ အမာရွတ်တွေနဲ့ အစားထိုးခံရပြီး အသည်းတစ်ခုလုံး ထူထဲလာရာကနေ နောက်ဆုံးမှာတော့ အသည်းခြောက်လာမှာပါ။ အသည်းခြောက်ရောဂါရဲ့လက္ခဏာတွေကတော့ အပေါ်မှာ ပြောခဲ့ပြီးသားဖြစ်တဲ့ အသည်းရောင်လက္ခဏာတွေအပြင်

  • အသည်းဆိုင်ရာ သွေးလည်ပတ်မှုစနစ်မှာ သွေးဖိအားတက်ခြင်း
  • ရေဖျဉ်းစွဲခြင်း
  • သွေးတွင်းအဆိပ်ဓာတ် မြင့်တက်ခြင်းကြောင့် ဦးနှောက်ဆဲလ်ပျက်စီးခြင်း (အမူအရာများပြောင်းလဲလာခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း)
  • ရောဂါပိုးဝင်လွယ်ခြင်း
  • အစာအိမ်သွေးကြောပေါက်ခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • အသည်းကင်ဆာတို့ ဖြစ်ပွားနိုင်ပါတယ်။

အသည်းခြောက်ခြင်းကို ကုသဖို့ဆိုရင် တစ်နည်းပဲရှိပါတယ်။ အသည်းအစားထိုးမှ ရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ထပ်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တတ်နိုင်သလောက် ကုသရင်းပဲနေရမှာပါ။

အချုပ်ပြောရရင် အရက်ဟာ သင့်ခန္ဓာကိုယ်အတွက် အဆိပ်ပါ။ အရက်ကြောင့် အသည်းပျက်စီးခြင်းရောဂါတွေမှာ အစပိုင်းဘာလက္ခဏာမှမပြဘဲ ဖြစ်နိုင်သလို အထက်ပါ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ ဒီလက္ခဏာတွေအကြောင်း သိထားရင်း အရက်ကို ချင့်ချိန်သောက်သင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။