backup og meta

ကာကွယ်ဆေး တွေအတွက် သိုလှောင်အပူချိန်က ဘယ်လောက်ထိအရေးကြီးသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေး တွေအတွက် သိုလှောင်အပူချိန်က ဘယ်လောက်ထိအရေးကြီးသလဲ။

    ကာကွယ်ဆေးတွေက သိပ်ကို အစွမ်းထက်ပြီး ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကလည်း မရှိသလောက် နည်းပါတယ်။ ဒီလို ဖြစ်အောင်လည်း ငွေအား၊ လူအားတွေ အများကြီးသုံးပြီး အချိန်ကုန်ခံပြီး တီထွင်ထားရတာပါ။

    ကာကွယ်ဆေးမှာ ထိရောက်မှုရှိဖို့နဲ့ ဘေးထွက်ဆိုးကျိုးနည်းဖို့လိုမျိုးပဲ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ သိမ်းဆည်းပုံပါ။ ကာကွယ်ဆေးတွေမှာ သိမ်းဆည်းရမယ့် အပူချိန်ဆိုတာ ရှိပါတယ်။ ဒါကို မလိုက်နာရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

    ကာကွယ်ဆေးတွေကို သိုလှောင်ရမယ့် အပူချိန်အတိုင်း မသိမ်းဆည်းဘူးဆိုရင်

    ကာကွယ်ဆေးတွေကို သူ့အပူချိန်နဲ့ သူ မသိမ်းဘူးဆိုရင် ပျက်စီးတတ်ပါတယ်။ ဆေးထိုးပေမယ့် အာနိသင်မရတာမျိုး၊ ဆေးမအောင်တာမျိုးပေါ့။ လူနာမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒီအခါ လူနာက သိမ်းဆည်းပုံကြောင့်လို့ မသိဘဲ ကာကွယ်ဆေးကြောင့် ထင်သွားတတ်ပါတယ်။ နောက်လူတွေကပါ အထင်လွဲပြီး ကာကွယ်ဆေးထိုးရခက်ကုန်ပါတယ်။

    ဆေးအာနိသင်မရတဲ့အခါကျတော့ ဆေးတွေ ပြန်ထိုးရတာ၊ ငွေကုန်ကြေးကျများတာတွေ ဖြစ်လာပါတယ်။ သိမ်းဆည်းမှု မမှန်လို့ ကာကွယ်ဆေးတွေ အစွမ်းမထက်တော့ရင် ပစ်လိုက်ရုံပဲ ကျန်ပါတော့တယ်။ ဒီအခါ ငွေအား၊ လူအားတွေ ပိုပြီး ပြုန်းတီးကုန်ပါတယ်။

    WHOကတော့ ဒီလို အပူချိန်သိုလှောင်ပုံမမှန်တဲ့ ကာကွယ်ဆေးတွေကို ထိုးမယ့်အစား ဘာမှမထိုးဘဲ နေတာက ပိုကောင်းတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အပူချိန်မှာ ထိန်းသိမ်းဖို့က အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။

    ကာကွယ်ဆေးအတွက် သိုလှောင်အပူချိန်ဆိုတာ

    ကာကွယ်ဆေးတွေရဲ့ အပူချိန် ထိန်းသိမ်းမှုကို Cold chainလို့ ဆိုကြပါတယ်။ တစ်နေရာထဲမှာပဲ အပူချိန်ထိန်းရမှာမျိုး မဟုတ်ဘဲ ကာကွယ်ဆေးထိုးတဲ့ chain တောက်လျှောက်လုံး ဆက်တိုက် ထိန်းရမှာမို့လို့ပါ။ ကာကွယ်ဆေးထုတ်တဲ့ နေရာက စပြီး သယ်ယူပို့ဆောင်တာအလယ် နောက်ဆုံး သိမ်းဆည်းတာ၊ ထိုးတဲ့အချိန်အထိ တစ်သမတ်တည်း အပူချိန်ထိန်းပေးရပါတယ်။

    ဘယ်လိုကာကွယ်ဆေးတွေကို ဘယ်လိုသိမ်း

    ကာကွယ်ဆေးတွေက အထိခိုက်မခံပါဘူး။ ဥပမာ အားပျော့တဲ့ ပိုးပါတဲ့ live vaccineတွေဆို ခဲထားမှ ရပါတယ်။ အပြင်အပူချိန်နဲ့ ထိတွေ့မိရင် ခဏလေးနဲ့ ပျက်စီးသွားနိုင်ပါတယ်။ ပိုးအသေပါတဲ့ ကာကွယ်ဆေးတွေကတော့ အပူချိန်အတက်အကျကို မခံနိုင်ပါဘူး။ ပူလွန်းတာ၊ ခဲလွန်းတာဆိုရင် ပျက်စီးသွားနိုင်ပါတယ်။

    သူနဲ့ မဆိုင်တဲ့ အပူချိန်မှာ အကြာကြီး ထားမိရင် အာနိသင်မရတာအပြင် ဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေမှာ ဘယ်ဆေးကို ဘယ်အပူချိန်မှာထားပါဆိုပြီး တစ်ခါတည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ အများစုကတော့ အောက်က အခြေအနေနှစ်ခုမှာ သိမ်းဆည်းလို့ရပါတယ်။

    အေးခဲသေတ္တာမှာ ထားရမယ့် ကာကွယ်ဆေး (အပူချိန် -၅၈မှ ၅ ဒီဂရီ ဖာရင်ဟိုက်/ -၅၀မှ -၁၅ ဒီဂရီ စင်တီဂရိတ်)

    ( ရေကျောက်ကာကွယ်ဆေး၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေးတွေကို သိမ်းဆည်းလေ့ရှိပါတယ်။ )

    ရေခဲသေတ္တာမှာ ထားရမယ့် ကာကွယ်ဆေး ( အပူချိန် ၃၅မှ ၄၆ ဒီဂရီ ဖာရင်ဟိုက်/ ၂မှ ၈ ဒီဂရီ စင်တီဂရိတ်)

    (တုပ်ကွေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ အသည်းရောင် အသားဝါ အေပိုး၊ ဘီပိုး ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေး)

    ကာကွယ်ဆေးတွေကို သိုလှောင်အပူချိန်အတိုင်း ဘယ်လို သိမ်းဆည်းမလဲ။

    အဓိကကတော့ ကာကွယ်ဆေးပေါ်မှာ ရေးထားတဲ့အတိုင်း အေးခဲသေတ္တာ၊ ရေခဲသေတ္တာစသဖြင့် သက်ဆိုင်ရာအပူချိန်မှာ သိမ်းဆည်းရပါမယ်။ ဒီအပူချိန်အတိုင်း တောက်လျှောက်ရှိနေရဲ့လားဆိုတာကိုလည်း စောင့်ကြည့်နေဖို့ လိုပါတယ်။

    ဒီအတွက် digital data logger (DDL) ဆိုတဲ့ ပစ္စည်းလေး လိုလာပါတယ်။ ဒီပစ္စည်းလေး

    -ကာကွယ်ဆေးတွေရဲ့ အပူချိန်ကို နာရီဝက်တစ်ခါ မှတ်ထားပေးပါတယ်။

    -အပူချိန်မမှန်တော့ရင် alarm ထမြည်ပါတယ်။

    -လက်ရှိအပူချိန်ရော၊ အရင်ကတိုင်းခဲ့တဲ့ အများဆုံးနဲ့ အနည်းဆုံး အပူချိန်ကိုရော ဖော်ပြပေးနိုင်ပါတယ်။

    -အပူချိန်ကွာခြားချက်က +/-0.5°C (+/-1°F)ပဲ ရှိပါတယ်။

    အပူချိန်ကို ဆက်တိုက်တိုင်းပေးနေတာ ဖြစ်လို့ အပြောင်းအလဲ တစ်ခုခုဖြစ်တိုင်း ချက်ချင်းသိနိုင်ပါတယ်။

    ဒီလို စောင့်ကြည့်တာအပြင် သိမ်းဆည်းတဲ့ ရေခဲသေတ္တာတွေ၊ အေးခဲသေတ္တာတွေက ကောင်းကောင်းအလုပ်လုပ်ရဲ့လား။ လျှပ်စစ်ဓာတ်ရော ပုံမှန်ရရဲ့လား။ မရတဲ့အခါ ဘယ်လို အစားထိုးနည်းလမ်းတွေကို သုံးမလဲ စတာတွေကို စဉ်းစားထားရပါမယ်။ နောက်ထပ်တစ်ချက်က ကာကွယ်ဆေးသိမ်းတဲ့ ရေခဲသေတ္တာကို မလိုအပ်ဘဲ ခဏခဏ မဖွင့်သင့်ပါဘူး။ ပြင်ပအပူချိန်နဲ့ ထိတွေ့တဲ့အခါ အပူချိန်အတက်အကျ ဖြစ်သွားနိုင်လို့ပါ။

    လက်ရှိ ဥပမာ တစ်ခုပြရရင် ကိုဗစ်ကာကွယ်ဆေး အဆင့်၃ကို အောင်မြင်သွားတဲ့ Pfizerနဲ့ Moderna ကုမ္ပဏီ နှစ်ခုမှာဆိုရင် Pfizerက ဆေးက အပူချိန် -၇၀၊  -၈၀ လောက်မှာ သိမ်းဆည်းထားရမှာဖြစ်ပြီး Modernaက ဆေးကတော့ ၂-၈ ဒီဂရီလောက်ဆို ရပါပြီ။ ကာကွယ်ဆေးက အစွမ်းထက်တာ မှန်ပေမယ့် ကမ္ဘာ့နိုင်ငံအများအပြားကို ပို့ရမယ်ဆိုရင် ဒီသိုလှောင်အပူချိန်နဲ့ အဆင်ပြေပါ့မလားဆိုတာ စဉ်းစားရမယ့် အချက်ဖြစ်လာပါပြီ။

    ဒါကြောင့် ကာကွယ်ဆေးထိုးတဲ့နေရာမှာ ကာကွယ်နိုင်စွမ်းနဲ့ ဘေးကင်းဖို့က အရေးကြီးသလို သိုလှောင်သိမ်းဆည်းပုံကလည်း အရေးပါတယ်ဆိုတာ မေ့မထားသင့်ပါဘူး။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement