brand logo
Discover
Health Tools
Communities

Share

Stay home ကာလမှာ စိတ်ကျန်းမာအောင် နေကြမယ်။

ယခုလို covid အချိန်ကာလမှာ လူတိုင်းလူတိုင်း စိတ်ပင်ပန်းနေကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီအချိန်က ရောဂါဖြစ်ပွားနှုန်းများနေတဲ့ crisis အချိန်ဖြစ်တာကြောင့် လူအတော်များများ stay home နေကြရပြီး ကြောက်လန့်စိတ်တွေနဲ့ စိတ်ပူပန်တာတွေ၊ စိတ်ဓာတ်ကျလာတာတွေ ပိုပြီးများလာပါတယ်။ အထူးသဖြင့် မိသားစုနဲ့ဝေးနေပြီး တစ်ယောက်တည်းနေရတဲ့သူတွေ၊ စိုးရိမ်တတ်သူတွေ၊ စားဝတ်နေရေးအဆင်မပြေတဲ့သူတွေ အတွက်ဆိုရင် ပိုပြီး ခက်ခဲပင်ပန်းနေနိုင်ပါတယ်။

Stay home ကာလမှာ စိတ်ကျန်းမာအောင် နေကြမယ်။

စာရေးသူလိုပဲ stay home ရင်း စိတ်ပင်ပန်းနေကြတဲ့သူတွေ အားလုံးအတွက် ကျန်းမာပျော်ရွှင်အောင် အတတ်နိုင်ဆုံး ဘယ်လို စိတ်မျိုးမွေးပြီး နေကြမလဲဆိုတဲ့အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ မျှဝေပေးသွားချင်ပါတယ်။ ဒီဆောင်းပါးလေးက အခုလိုအချိန်မှာ လူတိုင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Stay home ကာလမှာ စိတ်ကျန်းမာစေဖို့

အကောင်းဘက်ကတွေးပါ။ တစ်နည်းအားဖြင့် positive mindset မျိုးမွေးပါ။

ဘယ်အချိန်မှာမဆို လူတိုင်းအတွက် စိတ်ပင်ပန်းတာတွေကို တိုက်ထုတ်နိုင်ဖို့ အရေးကြီးဆုံးအချက်က positive mindset ရှိဖို့ပါ။ covid ကပ်ဆိုးဖြစ်နေတဲ့အချိန်မှာ လူတိုင်းက covid ကြောင့် စိတ်ညစ်ရပါတယ်။ ဒါပေမယ့် covid ဖြစ်နေတယ် စိတ်ညစ်လိုက်တာ၊ အရင်လို သူငယ်ချင်းတွေနဲ့ မတွေ့ရဘူး၊ အပြင်မှာ မုန့်သွားမစားရဘူး၊ အရင်လို အလုပ်မလုပ်ရတော့ဘူး ဆိုပြီး မလုပ်ရတာတွေ၊ negative တွေကို တွေးပြီး စိတ်ညစ်နေမယ့်အစား stay home အချိန်မှာ အိမ်မှာနေလို့ရတဲ့အချိန်လေးကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။

မလုပ်ရတာတွေကိုတွေးမယ့်အစား ပြောင်းပြန်ပြန်တွေးကြည့်ပါ။ အရင်ကဆို ကျောင်းသွား၊ အလုပ်လုပ်ရလို့ အိပ်ကောင်းခြင်း မအိပ်ရပေမယ့် အခုဆို အနားယူချိန်ပိုရတယ်၊ ကိုယ့်ကိုကိုယ် ပိုပြီး ဂရုစိုက်နိုင်တယ်၊ ကိုယ်ဝါသနာပါတာလေးတွေ နဲ့ ကိုယ်ချစ်တဲ့ မိသားစုအတွက်ပိုအချိန်ပေးနိုင်တယ် စသဖြင့်ပေါ့။ မိသားစုနဲ့ အတူတူ stay home ရတဲ့ သူတွေဆိုရင် ဒါဟာ အရမ်းကို ကံအကောင်းဆုံးပါပဲ။

မိသားစုနဲ့ အတူမနေနေတဲ့သူတွေဆိုရင်လည်း စိတ်ညစ်နေစရာမလိုပါဘူး။ ကိုယ်စိတ်ဝင်စားတာလေးတွေကို အချိန်ပေးပြီး အေးအေးဆေးဆေး လေ့လာလို့ရတာပေါ့။ ဒါ့ကြောင့် စိတ်ညစ်တဲ့ စိတ်လေးဝင်လာပြီဆိုရင် အရာအားလုံးကို ကောင်းတဲ့ ဘက်ကလှည့်ပြီးတွေးကြည့်ဖို့ မမေ့ကြပါနဲ့နော်။ ပျော်ရွှင်တဲ့ ဘဝကိုရဖို့က positive mindset က အရေးကြီးဆုံးပါပဲ။

social media သုံးတဲ့အခါ

stay home ကာလမှာလူတွေက social media တွေကို ပိုပြီး အသုံးပြုလာကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အထူးသဖြင့် facebook ကို လူတိုင်းနီးနီးသုံးလာကြပါတယ်။ facebook ကနေ ကိုယ်ချစ်တဲ့ သူတွေနဲ့ ဆက်သွယ်မယ်၊ သိချင်တာတွေရှာမယ် စတဲ့ ကောင်းတဲ့အချက်တွေကြောင့် အများကြီး ပျော်ရွှင်ကြရပေမယ့် ရေးချင်ရာရေး၊ account မျိုးစုံနဲ့ တင်ချင်ရာတင်နေတဲ့ သတင်းအမှားတွေကလည်း stay home ကာလမှာ လူတွေကို စိတ်ဖိစီးစေနိုင်ပါတယ်။

ဒါ့အပြင် social media မှာတွေ့ရတဲ့ အခြားကိစ္စပေါင်းစုံကလည်း အင်မတန်စိတ်ရှုပ်စရာ ကောင်းပါတယ်။ ဒါ့ကြောင့် social media သုံးတဲ့အခါမှာ တွေ့ရတဲ့ သတင်းမျိုးစုံကြောင့် စိတ်ညစ်မခံနေဘဲ ကိုယ့်အတွက် ပညာရစရာတွေပဲယူ၊ ရယ်မောစရာတွေပဲ လက်ခံပြီး ကောင်းတဲ့ဘက်က အသုံးပြုတတ်ဖို့၊ စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။

နေ့စဉ်လုပ်ဆောင်မယ့် list ကို သေချာပြင်ဆင်ထားပါ။

တစ်နေ့တစ်နေ့ အိမ်မှာပဲ အိပ်လိုက်၊ စားလိုက် ဘာplan မှမရှိဘဲ နေမယ်ဆိုရင် ကြာလာတဲ့အခါမှာ depression ဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် မနက် အိပ်ရာထမယ့်အချိန်ကစပြီး အိပ်ချိန်အဆုံးထိ တစ်နေ့တာ လုပ်ဆောင်မယ့် အရာတွေကို list လုပ်ထားပြီး routine အတိုင်းပုံမှန်လေးလုပ်ဆောင်သင့်ပါတယ်။ daily routine အတွက် plan လုပ်တဲ့အခါ ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေကို မဖြစ်မနေ ထည့်သွင်းထားဖို့ အကြံပေးချင်ပါတယ်။

အကျိုးရှိတာတွေကို နေ့စဉ်လုပ်ဖြစ်နေတဲ့အခါ အချိန်အနည်းငယ်ပဲလုပ်ဖြစ်ရင်တောင် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီ လောက်ပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေး၊ အသိပညာနဲ့ အလုပ်အကိုင် စတာတွေအတွက် အကျိုးရှိမယ့် အရာတွေကို မဖြစ်မနေအချိန်ပေးသင့်ပါတယ်။ ဥပမာ- စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဘာသာစကားတွေ လေ့လာတာ၊ လုပ်ငန်းပိုင်းနဲ့ ပတ်သတ်တာတွေ လေ့လာတာ၊ စာရေးတာ၊ တရားထိုင်တာ စသဖြင့်ပေါ့။

ကိုယ်ချစ်ရတဲ့သူတွေကို ဂရုစိုက်ဖို့ အချိန်ပေးပါ။

ကိုယ့်ကိုကိုယ် ဂရုစိုက်တဲ့အပြင် ကိုယ်ချစ်ရတဲ့သူတွေကိုလည်း ဂရုစိုက်ပေးတာက ဂရုစိုက်ခံရတဲ့သူကလည်း ပျော်ရွှင်ရသလို ကိုယ်လည်း ပီတိဖြစ်ရမှာပါ။ covid အချိန်မှာ တစ်ယောက်ပြီး တစ်ယောက်လောကကြီးက စွန့်ခွာသွားကြတာ ကြည့်မယ်ဆိုရင် အင်မတန်တရားရစရာ ကောင်းပါတယ်။ ဘယ်သူမဆို အချိန်မရွေး ထွက်သွားနိုင်တာကြောင့် ခဏတာဆုံကြတဲ့အချိန်လေးမှာ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ကြဖို့ကို ဘယ်တော့မှ ဝန်မလေးကြပါနဲ့နော်။ တူတူနေရင်ပဲဖြစ်ဖြစ်၊ အဝေးကပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ပြီး ချစ်ပေးကြမယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားဖို့ ပိုပြီးလွယ်ကူလာမှာပါ။

Hello ဆရာဝန် ပရိသတ်တွေလည်း covid ကပ်ဆိုးကာလကြီးကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြဖို့ ဒီဆောင်းပါးလေးက တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။

ရေးသားသူ – Khine Phoo Ngon

[covid_19]

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Dr. Htet Htet Zaw Win · Updated 20/10/2020