backup og meta

အိမ်အပြင်မထွက်ရလဲ ပျော်အောင် နေလို့ရပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်အပြင်မထွက်ရလဲ ပျော်အောင် နေလို့ရပါတယ်

    COVID-19 ရောဂါကြီး ပျံ့နှံ့လာတော့ လူတွေလည်း အပြင်မထွက်ရ ဘာမထွက်ရ၊ ဟိုမသွားရ ဒီမသွားရနဲ့ ဖြစ်ကုန်ကြပါလေရော။ တစ်ချို့များဆိုရင် ရက်ထပ်နှစ်နဲ့ တိုက်တဲ့ သင်္ကြန်ကာလကို ကြုံရမှာမို့ အပြတ်ကဲဖို့ ပြင်ဆင်ထားပြီးမှ ခုတော့ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေရတယ်လို့ ဆိုနေကြတယ်။ ဒါပေမယ့်လည်း တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာကြီးမို့ ဘယ်သူမှ ဘာမှမတတ်နိုင်ကြဘူးလေ။

    တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ COVID-19 ဟာ ကမ္ဘာ့နိုင်ငံအားလုံးမှာ ကူးစက်ပြန့်နှံ့နေပြီးတော့ လူ ၆ သိန်းနီးပါး ကူးစက်ခံထားရပါတယ်။ သေဆုံးသူအရေအတွက် ၄ သောင်းနီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။

    ဒီကပ်ဘေးကို ကာကွယ်နိုင်ဖို့ လူချင်း ထိတွေ့မှု လျှော့ချဖို့၊ အိမ်ပြင်ကို တတ်နိုင်သမျှ မထွက်ဖို့၊ လက်ပုံမှန်ဆေးဖို့ စတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အပြင်မထွက်နဲ့ဆိုတဲ့ ကိစ္စက လူကြီးတွေအတွက် ထင်သလောက် ပြဿနာမရှိပေမယ့် လူငယ်တွေအတွက်တာ့ နေရထိုင်ရ အတော်ခက်တဲ့ ကိစ္စမျိုးပါ။

    နောက်ထပ်ပြဿနာက ထွက်ချင်လွန်းသပဆိုပြီး ထွက်ရင်တောင်မှ မြို့တစ်နံတစ်လျားမှာ ရုပ်ရှင်ရုံတွေ၊ ဈေးဝယ်စင်တာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ အားကစားကွင်းတွေ၊ ဘီယာဆိုင်တွေ၊ ဖျော်ဖြေရေးနေရာတွေ၊ စားသောက်ဆိုင်တွေက ပိတ်ကုန်ကြပါပြီ။ ဒီလိုအခြေအနေမှာ ထွက်လဲ လူမရှိတဲ့ မြို့ကြီးထဲ လျှောက်သွားနေသလိုအခြေအနေမျိုးပဲဖြစ်နေမှာပါ။

    ဒီအခြေအနေမှာ အိမ်တွင်းအောင်းရမယ့် လူငယ်တွေကတော့ အတော် စိတ်ညစ်ညူးစရာ ကာလတွေပါပဲ။ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ခုလို အိမ်တွင်းအောင်းနေပြီး နေနေရတာဟာ သူတို့တွေအတွက် စိတ်ဖိစီးမှုအပါအဝင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံရစေနိုင်ပါတယ်။ ဒီအချက်ကို သတိထားပေးဖို့ လိုပါတယ်။

    ဒီတော့ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် နေအိမ်ထဲမှာ နေနေတုန်း ပျင်းလာကြမှာကတော့ အမှန်ပါပဲ။ ဒီလိုဆို ဘယ်သူမှ ကြာကြာနေနိုင်မှာမဟုတ်ပါဘူး။ ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နည်းလမ်းလေးတစ်ချို့ အကြံပေးချင်ပါတယ်။

    နေအိမ်ထဲကနေ အပြင်မထွက်ရပေမယ့် ပျင်းစရာမရှိအောင် ဖြတ်သန်းနိုင်မယ့် နည်းလမ်းတွေကတော့ –

    ၁။ စိတ်ကြိုက် ရုပ်ရှင်တွေ၊ စီးရီးတွေကို အတိုးချကြည့်မယ်

    ဒီအချိန်လောက် အချိန်ပေါတာ ဒီအချိန်ပဲလေ။ မကြည့်ရသေးတာတွေရော အရမ်းကြိုက်ရတဲ့ ရုပ်သံစီးရီးတွေ၊ ရုပ်ရှင်စီးရီးတွေကိုရော အစအဆုံး တစ်ထိုင်တည်း ကြည့်ဖို့ အချိန်ကောင်းနော်။ နောက်ပြီး ခုချိန်မှာ Killing Eve၊ Call the Midwife တို့ Sherlock တို့ Money Heist တို့ Riverdale တို့လို အမိုက်စား Show တွေလည်းလာဖို့ ရှိနေတာမို့ အချိန်ကောင်းပါပဲ။

    ၂။ စိတ်ကြိုက် လေ့ကျင့်ခန်းလုပ်မယ်

    ကိုယ်လုပ်ချင်တဲ့ စတိုင်နဲ့ ကိုယ်လုပ်ချင်တဲ့ အချိန်ပမာဏတစ်ခုစာလောက် နေ့စဉ် လေ့ကျင့်ခန်းလုပ်သွားမယ်ဆိုရင် ပျင်းဖို့တောင် အချိန်ရှိမှာမဟုတ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေဦးမှာပါ။

    ၃။ စာဖတ်မယ်

    ရုပ်ရှင်ချည်းပဲ ကြည့်နေရင် ပျင်းလာမှာပါ။ စာဖတ်ချိန်လေးလည်းထားမယ်။ မဖတ်ဖြစ်တာကြာနေတဲ့ စာအုပ်တွေ၊ ပြန်ဖတ်သင့်တဲ့စာအုပ်တွေကို အေးအေးဆေးဆေးဖတ်ကြမယ်။ တနေ့ကို တစ်နာရီ၊ ၂ နာရီလောက်အချိန်ပေးပြီး ဖတ်ကြည့်ရင် ထူးခြားလာမှာပါ။ ဒါမှမဟုတ် ညအိပ်ယာဝင်ခါနီးမှာ ဖုန်းသုံးတာလျှော့ပြီး စာဖတ်ရင်လည်း ကျန်းမာရေးအတွက် ပိုအကျိုးရှိစေတယ်နော်။

    ၄။ နေအိမ်ကို သန့်ရှင်းရေးလုပ်မယ်

    ယောင်္ကျားလေးတွေကတော့ တွေးကြလိမ့်မယ်၊ သန့်ရှင်းရေးလုပ်တာ ငါတို့နဲ့ ဘာဆိုင်လို့လဲပေါ့။ ဒီလိုတော့ တသမတ်တည်းပြောလို့မရပါဘူး။ အနည်းဆုံး ကိုယ့်အခန်းကိုယ် သန့်ရှင်းကြည့်လို့တော့ ရပါတယ်။ အိမ်လေး၊ ကိုယ့်အခန်းလေး သန့်သန့်ရှင်းရှင်းဖြစ်နေရင် ရောဂါပိုးမကူးအောင် ကာကွယ်ရာလည်း ရောက်ပါတယ်။

    ၅။ ရေမှန်မှန်ချိုးမယ်

    ဟာ ပျော်အောင် နေတာနဲ့ ရေချိုးတာ ဆိုင်လို့လားလို့ မေးချင် မေးကြလိမ့်မယ်။ ဆိုင်ပါတယ်။ ရေချိုးတာဟာ လူကို လန်းဆန်းစေပါတယ်။ ခုလို နွေရာသီမှာ ပိုလို့တောင် ချိုးပေးသင့်ပါသေးတယ်။ ပျင်းရိငြီးငွေ့မှု တစ်စုံတစ်ရာ ရှိလာခဲ့ရင် ရေသာချိုးချလိုက်ပါ။ လန်းဆန်းသွားပါလိမ့်မယ်။

    ၆။ ဟင်းအမယ်သစ်လေးတွေ ချက်စားမယ်

    လူတိုင်းကတော့ ဟင်းချက်တတ်ချင်မှ ချက်တတ်မှာပါ။ ဒါပေမယ့် မိသားစုဝင်တွေ၊ အိမ်သူသက်ထားဇနီးမယားရှိသူတွေအနေနဲ့ အိမ်မှာ တပျော်တပါးချက်စားလို့ရပါတယ်။ တစ်ချို့ ချစ်သူစုံတွဲတွေဆိုရင် Video Call ခေါ်ပြီးတောင် ချက်ကြသေးတာနော်။

    ၇။ ဝါသနာအသစ်တွေ လေ့လာပါ

    တစ်ခါတစ်လေကျ ကိုယ်နှစ်သက်တဲ့ ဝါသနာအသစ်အဆန်းတွေ ရှိနေသေးတာကို ကိုယ်တိုင်တောင် သတိမထားမိတတ်ပါဘူး။ ခုလို အချိန်အားလပ်နေချိန်မျိုးမှာ ဝါသနာအသစ်အဆန်းတွေကို ပြန်လည်စဉ်းစားပြီး အကောင်အထည်ဖော်ကြည့်တာမျိုး၊ လေ့လာတာမျိုး၊ အသုံးချတာမျိုးတွေ လုပ်ဖို့ အကောင်းဆုံးအခိုက်အတန့်ဖြစ်ပါတယ်။

    ၈။ ဂိမ်းဆော့မယ်

    ဒါကတော့ မတိုက်တွန်းလဲ လုပ်ကြမယ်ဆိုတာ ယုံပါတယ်။ ဖုန်းနဲ့ပဲဖြစ်ဖြစ် ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်၊ PS4 တို့ XBOX တို့လို Console တွေနဲ့ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလို ကိုယ့်မှာရှိတဲ့၊ ကိုယ်အားသန်တဲ့ ပုံစံနဲ့ဆော့ကြမှာတော့ သေချာပါတယ်။ ဒီကနေ့ခေတ်မှာ လူငယ်တွေနဲ့ ဂိမ်းတွေနဲ့က ခွဲခြားဖို့ ခက်တယ်မဟုတ်လား။ ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ် ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ဂိမ်းတွေက ဆော့ကစားဖြစ်နေကြပါတယ်။

    FIFA ဘောလုံးပဲ ကန်ကန်၊ The Witcher လို ဇာတ်လမ်းသွားတွေပဲဆော့ဆော့၊ Ashphelt လို ကားတွေပဲပြိုင်ပြိုင်၊ CoD တို့ Battlefield တို့ပဲ ပစ်ပစ်၊ Sudoku တွေ Puzzles တွေနဲ့ပဲ ဉာဏ်စမ်း ဉာဏ်စမ်း ခုချိန်မှာ အပျင်းပြေစေဖို့ဆိုရင် ဗီဒီယိုဂိမ်းတွေ၊ မိုဘိုင်းဖုန်းဂိမ်းတွေက အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။

    တစ်ခုအကြံပေးချင်တာက ကိုယ့်မှာ Console ဂိမ်းစက်ကြီးရှိမနေလို့ အားမငယ်ပါနဲ့ Origin တို့ Stream တို့ တဆင့် Console မှာကစားလို့ရတဲ့ ဂိမ်းအများအပြားကို ကစားနိုင်နေပြီဖြစ်သလို မိုဘိုင်းဖုန်းတွေမှာလည်း အမြင့်စားဂိမ်းတွေ ရနေပြီမို့ ဘာနဲ့ကစား ကစား အထာကျကျဂိမ်းတွေ စိတ်ကြိုက်စားလို့ရနေပါပြီ။

    ၉။ Video Call တွေ ခေါ်မယ်

    ချစ်သူရည်းစားဆီကိုပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းတွေဆီကိုပဲဖြစ်ဖြစ် Video Call တွေ ခေါ်ပြီး ပျော်ပျော်ပါးပါး စကားလက်ဆုံကျလို့လည်း ရပါသေးတယ်။ လူချင်းမနီးကပ်ပေမယ့် အားလုံးအတူတူ ဆုံနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။

    ၁၀။ အစားအသောက် ပုံမှန်စားပါ

    အိမ်မှာ ဒီလောက် ခွေခေါက်ပြီး အကြာကြီးနေနေတာ အစားအသောက်ကတော့ စားဖြစ်မှာသေချာတယ်လို့ လူတွေက ဆိုတတ်ကြပါတယ်။ သေချာတာတစ်ခုကတော့ တစ်ချို့က အလွန်အကျွံစားနေကြတာဖြစ်ပြီးတော့ တစ်ချို့က အစာစားချင်စိတ်မပေါ်လာတာမျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း မှန်ကန်တဲ့ ပမာဏမျိုးနဲ့ စားပေးဖို့ တိုက်တွန်းတာပါ။ အာဟာရပြည့်ဝစွာစားသောက်နေရင် လူရောစိတ်ပါ ကျန်းမာရွှင်လန်းနေမှာပါ။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement