brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

COVID-19 ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကူးစက်မှုကို စောစီးစွာသိဖို့ အရေးကြီးဆုံးပါ။ ဒါမှသာ အမြန်ဆုံးဆေးကုသမှု ခံယူနိုင်မှာပါ။

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

COVID-19 သံသယရှိနေသူတွေကို ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးကြလဲ။

နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Nasopharyngeal swab, Throat swab) ယူကြ ပါတယ်။ ယူပြီး စစ်ဆေးခံဖူးသူတွေသိမှာပါ။ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။

ထိုပန်းရောင်အရည်တွေဟာ ဘာတွေလဲ၊ ဘာအတွက် ထည့်ရတာလဲ ဆိုတာကို လူအများစုက သိချင်နေကြပါတယ်။ စိတ်ဝင်စားနေ ကြပါတယ်။

အရင်ဦးဆုံး Viral Transport Medium Kit (VTM Kit) ဆိုတဲ့ ဗိုင်းရပ်စ် သယ်ယူထိန်းသိမ်းရေးပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်။

VTM Kit ထဲမှာဘာတွေပါလဲ။

  • အရည်ပမာဏ (၁၅) မီလီလီတာခန့် ထည့်လို့ရတဲ့ အဖုံးပါပလတ်စတစ် ပြွန်တစ်ခု
  • နားကြပ်တံကဲ့သို့ နူးညံ့တဲ့ အတံ တစ်ချောင်း (သို့) နှစ်ချောင်း

( COVID-19 အတွက်အသုံးပြုတဲ့ VTM Kit မှာတော့ နှစ်ချောင်းပါပါတယ်။ နှာခေါင်းတို့ပတ်ယူဖို့ အတွက်တစ်ချောင်း၊ အာခေါင်တို့ပတ်အတွက် တစ်ချောင်းပါ။)

  • Viral Transport Medium လို့ခေါ်တဲ့ပန်းရောင်အရည် ၃ မီလီလီတာလောက် ပါဝင်ပါတယ်။

Viral Transport Medium ဆိုတဲ့ ပန်းရောင်အရည်ကို ဘာအတွက်ထည့်ထားရတာလဲ။

ယူထားတဲ့နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ကို Gene Xpert လို့ခေါ်တဲ့ အဆင့်မြင့်စက်ထဲ ထည့်ပြီးစစ်ရပါတယ်။ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူတဲ့ နေရာကနေ စက်ရှိတဲ့နေရာကိုရောက်ဖို့ စနစ်တကျ သိမ်းဆည်း သယ်ယူရပါတယ်။ လက်လွတ်စပယ် သယ်ဆောင်လာလို့မရပါဘူး။

နည်းစနစ်တကျ မသယ်ယူလာရင် လမ်းခရီးမှာတင် ဗိုင်းရပ်စ်က သေသွားမှာပါ။ စက်မှာ စစ်ဆေးတဲ့အခါ မပေါ်တော့ပါဘူး။ လူ့ခန္ဓာကိုယ်မှာ COVID-19 ဗိုင်းရပ်စ်ရှိနေလျက်နဲ့ စနစ်တကျ မသိမ်းဆည်း၊ မသယ်ဆောင်လာတဲ့အခါ အဖြေဟာ Negative လို့ပဲထွက်လာမှာပါ။ အဖြေမှားတဲ့ အတွက် အားလုံးဒုက္ခရောက်ကြရမှာပါ။

နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ပေါ်က ဗိုင်းရပ်စ်အသက်ရှင်လျက် ပါလာဖို့အတွက် ပြွန်ထဲကပန်းရောင်အရည်ဟာ မရှိမဖြစ်အရေးကြီးပါတယ်။ ထိုပန်းရောင်အရည်ကို Viral Transport Medium လို့ခေါ်ပါတယ်။ ဆားပျော်ရည်ပါ။

ပန်းရောင်ဆားပျော်ရည်ထဲမှာ ဘယ်လို ဓာတုပစ္စည်းတွေပါလဲ။

၁) HBSS ဆိုတဲ့ ဆားပျော်ရည်

ကယ်လ်ဆီယမ် (Calcium) နဲ့ မက်ဂနီဆီယမ်(Magnesium) ဆားတွေပါဝင်ပါတယ်။

COVID-19 ဗိုင်းရပ်စ်ဟာ လူခန္ဓာကိုယ်နည်းတူ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ခန္ဓာကိုယ်ပြင်ပ ရောက်လာတဲ့ ဗိုင်းရပ်စ်ဆဲလ်တွေဟာ အချိန်ကြာလာတဲ့အခါ ပျက်စီးသွားနိုင်ပါတယ်။ HBSS ဆားပျော်ရည်ဟာ ဗိုင်းရပ်စ်ရဲ့ ဆဲလ်တွေ မပျက်စီးသွားအောင် ကာကွယ်ပေးထားနိုင်ပါတယ်။

၂) Phenol Red

ဆိုးဆေးတစ်မျိုးပါ။ ဆားပျော်ရည်ရဲ့ ဂုဏ်သတ္တိဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး သွားတာမျိုးရှိနိုင်ပါတယ် (ဥပမာ သိမ်းသင့်တဲ့ အပူချိန်မှာ မသိမ်းဆည်းမိတာမျိုး၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောနှောသွားတာမျိုးဆိုရင် အာနိသင်မရှိတော့ပါဘူး)။ ဒါဆိုဗိုင်းရပ်စ်ဟာ ထည့်လိုက်တာနဲ့ သေသွားမှာပါ။

ဒီဆိုးဆေးကို ထည့်ထားတာကြောင့် ဆားပျော်ရည် ပျက်စီးသွားခဲ့ရင် အလွယ်တကူ သိနိုင်ပါတယ်။ ပျက်စီးသွားတာနဲ့ ပန်းရောင်ကနေ တခြားအရောင်ပြောင်းသွားမှာပါ။ အရောင်ပြောင်း သွားခဲ့ရင် အဆိုပါ ပလတ်စတစ်ပြွန်ကို မသုံးသင့်တော့ပါ။ အဖြေမှားသွားမှာမို့ပါ။

ဒါကြောင့် Phenol Red ဆိုးဆေးဟာ မှန်ကန်တိကျတဲ့ အဖြေရဖို့ အကူအညီပေးနိုင်ပါတယ်။

၃) Fetal Bovine Serum ဆိုတဲ့ပရိုတိန်းတစ်မျိုး

နွားရဲ့သွေးရည်ကြည်ပါ။ ပရိုတိန်းပါဝင်ပါတယ်။ ထိုပရိုတိန်းကြောင့် ဗိုင်းရပ်စ်ဆဲလ်တွေ ထပ်မံပွားလာပြီး စက်ထဲထည့်စစ်တဲ့အခါ အလွယ်တကူပေါ်စေပါတယ်။ တိကျမှန်ကန်တဲ့ အဖြေရဖို့ အင်မတန်မှ အကူအညီပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးပါပဲ။

၄) Gentamicin Sulfate ဆိုတဲ့ ပိုးသတ်ဆေး နှင့် Amphotericin B ဆိုတဲ့ မှိုသတ်ဆေး

လူ့ခန္ဓာကိုယ်မှာ COVID-19 ဗိုင်းရပ်စ် တစ်မျိုးပဲ ရှိတာမဟုတ်ပါဘူး။ အခြား ဘက်တီးရီးယားတွေ၊ မှိုရောဂါပိုးတွေ ရှိနေနိုင်ပါသေးတယ်။ ထိုရောဂါပိုးတွေဟာ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူတဲ့အခါ ကပ်ပါလာမှာပါ။ စက်ထဲထည့်စစ်တဲ့အခါ ထိုဘက်တီးရီးယားတွေ၊ မှိုတွေနဲ့ ရောနေတာကြောင့် COVID-19 ဗိုင်းရပ်စ်ကို ထင်ထင်ရှားရှား မတွေ့ရပါဘူး။ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

အထက်ပါ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ ထည့်ထားတာကြောင့် ကပ်ငြိပါလာတဲ့ ပိုးတွေဟာ သေသွားပြီး COVID-19 ဗိုင်းရပ်စ်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်မှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် Gentamicin Sulfate နဲ့ Amphotericin B ဆေးတွေဟာ ဓာတ်ခွဲစစ်ဆေးရာမှာ များစွာ အထောက်အကူ ပြုပါတယ်။

၅) Cryoprotectant

နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီးတာနဲ့ ထည့်ထားတဲ့ပြွန်ကို ပြင်ပအပူချိန်အတိုင်း သယ်ယူလာလို့ မရပါဘူး။ (၂)ဒီဂရီဆယ်လ်စီးရပ်ကနေ (၈)ဒီဂရီဆယ်လ်စီးရပ် အပူချိန်ရှိတဲ့ပုံးထဲမှာ ထည့်ပြီး သယ်ရတာပါ။ ဒါကြောင့် ဗိုင်းရပ်စ်ဟာခဲပြီး သေသွားနိုင်ပါတယ်။

Cryoprotectant ဆိုတဲ့ ဓာတုပစ္စည်းဟာ ဗိုင်းရပ်စ် မအေးခဲသွားစေဖို့နဲ့ အရည်မပျော် သွားစေဖို့ တာဝန်ယူပေးပါတယ်။

နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူတဲ့အခါ တွေ့ရတဲ့ ပလတ်စတစ်ပြွန်ထဲမှ ပန်းရောင်ဆားပျော်ရည်ဟာ ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်းများထဲမှ တစ်ခုပါ။ မှန်ကန်တဲ့ ဓာတ်ခွဲအဖြေရဖို့အတွက် အဓိကကျတဲ့ ဓာတုပစ္စည်းဖြစ်ကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

ရေးသားသူ- ဒေါက်တာမှူးခင်

[covid_19]

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 12/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။