backup og meta

ဆီးကျိတ်ကင်ဆာမှာ ရှေ့ပြေးလက္ခဏာတွေရှိသလား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးကျိတ်ကင်ဆာမှာ ရှေ့ပြေးလက္ခဏာတွေရှိသလား

    ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းဟာ ခုနစ်ယောက်မှာ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ သက်တမ်းတစ်လျှောက် ဘယ်အသက်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ကုသနိုင်ပေမယ့် တတ်နိုင်သမျှ စောစော ရောဂါသိရှိဖို့လိုအပ်ပါတယ်။

    ကံမကောင်းစွာနဲ့ပဲ ဆီးကျိတ်ကင်ဆာမှာ စောတဲ့ ရောဂါလက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် အမျိုးသားအတော်များများမှာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ ဘယ်အရာတွေကို သတိထားရမလဲဆိုတာနဲ့ ဘယ်အချိန်မှာ ဆရာဝန်ကို ခေါ်ရမလဲဆိုတာကို သိထားသင့်ပါတယ်။

    ဆီးကျိတ်ကင်ဆာ လက္ခဏာများ

    ဆီးကျိတ်ကင်ဆာ အတော်များများဟာ ပြင်းထန်တဲ့ ပြဿနာတွေ မဖြစ်တတ်ပဲ ရာခိုင်နှုန်းအနည်းငယ်ကသာ ပြင်းထန်မှု ရှိပါတယ်။ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာမှာ အတွေ့များတဲ့ လက္ခဏာတွေကို ဆီးသွားတဲ့အခါမှာ တွေ့ရတတ်ပါတယ်။

    ဒီလက္ခဏာတွေဟာ အခြား ရောဂါတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိရင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။

    ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကတော့

    • ဆီးသွားခြင်းဆိုင်ရာ အကျင့်ပြောင်းလဲခြင်း (အဓိက ညဘက်မှာ ဆီးခဏခဏ သွားခြင်း)
    • ဆီးအလွန်သွားချင်ခြင်း
    • ဆီးစတင်သွားရန် (သို့) ရပ်ရန် ခက်ခဲခြင်း
    • ဆီးမသွားနိုင်ခြင်း
    • ဆီးကြောင်း သေးခြင်း
    • ဆီး ပြတ်တောင်း ပြတ်တောင်း သွားခြင်း
    • ဆီးအိမ်ကုန်အောင် ဆီးမသွားနိုင်ခြင်း
    • ဆီးသွားစဉ် နာကျင်ခြင်း (သို့) ပူလောင်ခြင်း
    • ဆီးအတွင်း (သို့) သုက်ပိုးအတွင်း သွေးပါခြင်း
    • သုက်လွှတ်စဉ် နာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။

    နောက်ကျတဲ့ လက္ခဏာတွေကိုတော့ ကင်ဆာက အခြားအစိတ်အပိုင်းတွေကို ပြန့်သွားရင် တွေ့ရပါတယ်။

    • အရိုးနာကျင်ခြင်း
    • ကိုယ်အလေးချိန် ကျဆင်းခြင်း
    • ပင်ပန်းလွယ်ခြင်း
    • သွေးအားနည်းခြင်း
    • ခြေထောက် (သို့) ခြေဖဝါး အားနည်းခြင်း (သို့) ထုံကျင်ခြင်း
    • ဆီး ဝမ်း မထိန်းနိုင်ခြင်း

    ဆီးကျိတ်ကင်ဆာ လက္ခဏာတွေကို ရှာဖွေနေမယ့်အစား ရောဂါရှာဖွေမှုကို ပြုသင့်ပါတယ်။ ကင်ဆာရှိတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်တွေက အကျိတ်ရှိလား၊ မရှိလား၊ ဘာကင်ဆာအမျိုးအစားလည်းဆိုတာ အတည်ပြုပေးမှာဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေက ကြာပြီး စိတ်ရှုပ်ထွေးဖွယ်ကောင်းပေမယ့် အခြားရောဂါဖြစ်နိုင်ခြေကို ကင်ဆာလို့အမည်မတပ်ခင်မှာ ဖယ်ထုတ်သင့်ပါတယ်။

    ဆီးကျိတ်ကင်ဆာကို အောက်ပါနည်းလမ်းတွေနဲ့ ရှာဖွေ အတည်ပြုနိုင်ပါတယ်။

    • ကျန်းမာရေး ရာဇဝင်နဲ့ စမ်းသပ်စစ်ဆေးခြင်း – ဆီးကျိတ်ကင်ဆာ လက္ခဏာတွေနဲ့ မိသားစု ရာဇဝင် မေးမြန်းခြင်း
    • စအိုတွင်း လက်ချောင်းထည့် စမ်းသပ်ခြင်း – ဆရာဝန်ဟာ လက်အိတ်ဝတ်ထားတဲ့ လက်ချောင်းနဲ့ စအိုရဲ့ နံရံကိုဖြတ်ပြီး ဆီးကျိတ်ကို စမ်းသပ်မှာ ဖြစ်ပါတယ်။
    • PSA test – ဆီးကျိတ်က ထုတ်လုပ်တဲ့ PSA လို့ ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို စစ်ဆေးမှာ ဖြစ်ပါတယ်။
    • စအိုတွင်း Ultrasound ရိုက်ခြင်း – စအိုတွင်း ultrasound probe ထည့်ပြီး ဆီးကျိတ်ရဲ့ သဏ္ဍာန်ကို ကြည့်ရှုတာ ဖြစ်ပါတယ်။
    • အသားစယူခြင်း – လက်ချောင်းထည့် စမ်းသပ်စဉ် (သို့) စအိုတွင်း ultrasound ရိုက်စဉ် ပုံမမှန်တာ တစ်ခုခုတွေ့တယ်ဆိုရင် အသားစ ယူနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ အသက်ထက် PSA ပိုများနေတယ်ဆိုရင် (သို့) ရုတ်တရက် တက်လာတယ်ဆိုရင်လည်း အသားစယူနိုင်ပါတယ်။
    • သွေးစစ်ဆေးခြင်း – သွေးဖြူဥ၊ သွေးနီဥနဲ့ Platelet တွေရဲ့ အရေအတွက်နဲ့ အရည်အသွေးကို စစ်ဆေးနိုင်ပါတယ်။
    • Blood chemistry test – သွေးအတွင်းမှာ ရှိတဲ့ ဓါတုပစ္စည်းတွေကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်အင်္ဂါတွေက ဘယ်လောက်ကောင်းကောင်း အလုပ်လုပ်လဲဆိုတာ ဖေါ်ပြပြီး ပုံသဏ္ဍာန် မမှန်မှုတွေကို ရှာဖွေပေးပါတယ်။
    • Bone Scan – ရေဒီယို သတ္တိကြွ bone scan ဟာ ကင်ဆာဆဲလ်တွေ အရိုးကို ပြန့်သွားပြီလားဆိုတာ သိရှိဖို့ အသုံးပြုပါတယ်။

    ဆီးကျိတ်ကင်ဆာကို ဘယ်လိုကာကွယ်မလဲ။

    ဆီးကျိတ်ကင်ဆာကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံတွေကို ရွေးချယ်ခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ အဆီအနည်းငယ်သာပါတဲ့ အစားအစာကို ရွေးချယ်ပါ။ အဆီပါတဲ့အစားအစာတွေကတော့ အသား၊ အခွံမာသီး၊ ဆီ၊ နဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

    တိရစ္ဆာန်ထွက် ပစ္စည်းတွေထက် အပင်ထွက် ပစ္စည်းတွေကို စားသောက်ပါ။ တိရိစ္ဆာန်ဆီကိုစားသုံးတဲ့သူတွေဟာ ဆီးကျိတ်ကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ အဆီပါဝင်တဲ့ တိရစ္ဆာန်ဆီတွေကတော့ အသား၊ ဝက်ဆီနဲ့ ထောပတ်တို့ပဲဖြစ်ပါတယ်။

    ငါးစားပါ။ ဆယ်မွန်ငါး၊ တူနာငါးနဲ့ ဟာရင်းငါးတို့ဟာ အိုမီဂါ ၃ fatty acid ပါဝင်ပြီးတော့ ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို လျှော့ချပေးပါတယ်။ အခု ငါးမစားဘူးဆိုရင် သင့်အစားအစာတွေထဲမှာ ထည့်သွင်းစားသောက်ဖို့ စဉ်းစားသင့်ပါတယ်။ omega 3 fatty acid ကို အစားအစာတွေထဲ ထည့်ဖို့ နောက်တစ်နည်းကတော့ flaxseed စားသုံးခြင်းပဲ ဖြစ်ပါတယ်။

    နေ့စဉ်စားသုံးတဲ့ နို့ထွက်ပစ္စည်းပမာဏကို လျှော့ချပါ။ နို့၊ ချီးစ်၊ ဒိန်ချိန်အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် စားသောက်သူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်း အမြင့်ဆုံးဖြစ်နေတာကို လေ့လာမှုတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီလေ့လာမှုတွေရဲ့ အဖြေတွေက ရောထွေးနေပြီး နို့ထွက်ပစ္စည်းတွေနဲ့ ဆက်စပ်မှုကတော့ သေးငယ်တယ်လို့ ထင်ရပါတယ်။

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိရင် နေ့စဉ် လေ့ကျင့်ခန်း ပြုလုပ်ပါ။ အသီးအရွက်၊ ဂျုံ အစရှိတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားသောက်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အလေးချိန်ကို လျော့ကျစေရုံသာမက ထိန်းသိမ်းပေးပါတယ်။

    လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းလျော့ကျတယ်လို့ လေ့လာမှုတွေက ဆိုကြပါတယ်။ ဒါ့ပြင်လေ့ကျင့်ခန်း လုပ်ခြင်းဟာ နှလုံးရောဂါနဲ့ အခြားကင်ဆာရောဂါဖြစ်နှုန်းကို လျှော့ချပေးတဲ့ အကျိုးကျေးဇူးတွေလဲ ရှိပါသေးတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement