backup og meta

ဆီးကျိတ်ကင်ဆာဟာ ပျောက်ကင်းအောင်ကုသနိုင်သလား


Aye Thi Mon မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးကျိတ်ကင်ဆာဟာ ပျောက်ကင်းအောင်ကုသနိုင်သလား

    ဆီးကျိတ်ကင်ဆာဟာ အဖြစ်များပေမယ့် စောစီးစွာ စစ်ဆေးဖော်ထုတ်ကုသခြင်းအားဖြင့် မလိုလားအပ်တဲ့ အဖြစ်ဆိုးတွေကနေ ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။

    ဆီးကျိတ်ကင်ဆာဟာ ကမ္ဘာအနှံ့မှာ ခေါင်းထောင်ထလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။”အမေရိက၊ဥရောပနဲ့ ဩစတေးလျတိုက်တွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး စင်ကာပူနိုင်ငံမှာဆိုရင်တော့ အဆင့်သုံးချိတ်တယ်”လို့ Mount Elizabeth Novena ဆေးရုံမှ ဆီးလမ်းကြောင်းအထူးကုဆရာဝန် Dr Gerald Tan က ဆိုပါတယ်။

    “ဆီးကျိတ်ကင်ဆာဟာ သူဌေးရောဂါလို့လည်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြလေရဲ့” လို့ Dr Tan က ဆိုပါသေးတယ်။ ဘာလို့လဲဆိုတော့ ဥရောပအစားအစာတွေမှာ အဓိက ပါဝင်တဲ့ အနီရောင်အသားတွေ၊နို့ထွက်ပစ္စည်းတွေ နဲ့ gluten အမည်ရှိ ဓါတ်ပစ္စည်းတွေဟာ ဒီရောဂါကို ဖြစ်စေတဲ့ အဓိကလက်သည်တွေမို့ပါပဲ။ အထက်ပါ အစားအစာတွေဟာ အနောက်တိုင်း စားသောက်မှုပုံစံမှာ မပါမဖြစ် ပါဝင်တဲ့ အဓိကအစားအစာတွေပဲ ဖြစ်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ ဒီလိုအစားအစာတွေကို စားသုံးမှုနည်းပါးတာကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်းဟာ အင်မတန်မှ နည်းပါးတယ်လို့ Dr Tan က ထောက်ပြပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက် စားသုံးမှုပုံစံ တစ်ချက်တည်းကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားစေတာတော့လည်း မဟုတ်ပြန်ပါဘူး။

    “နောက်ထပ်တစ်ချက်ကတော့ မျိုးရိုးလိုက်တာပါ” လို့ Dr Tan က ရှင်းပြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားကင်ဆာအင်စတီကျု ရဲ့ ထုတ်ပြန်ချက်အရ ဆီးကျိတ်ကင်ဆာဝေဒနာရှင်တွေရဲ့ ၅ – ၁၀ ရာခိုင်နှုန်းဟာ မျိုးရိုးလိုက်တာကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။

    ဆီးကျိတ်ကင်ဆာ ရှိမရှိကို စောစီးစွာ သိရှိရအောင် ဘယ်လိုစစ်ဆေးရမလဲ

    ဆီးကျိတ်ကင်ဆာ ရောဂါလက္ခဏာမရှိသူတွေကို သွေးစစ်ဆေးမှုတွေ မကြာသေးမီက ပြုလုပ်ခဲ့ကြပါတယ်။ ဒီစစ်ဆေးမှုဟာ prostate-specific antigens (PSA) လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတစ်မျိုးရဲ့ သွေးတွင်းပမာဏကို တိုင်းတာတာဖြစ်ပြီး ၎င်းဟာ ဆီးကျိတ်မှထုတ်ပေးတဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပါတယ်။”PSA စစ်ဆေးမှုဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေရှိမရှိကို ဖော်ပြတဲ့ အမှတ်အသားတခုအဖြစ် တစ်ကမ္ဘာလုံးက ပညာရှင်တွေ လက်ခံယူဆထားကြပါတယ်” လို့ Dr Tan က ပြောပြပါတယ်။ သွေးတွင်း PSA ပမာဏများလေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ များလေပဲ ဖြစ်ပါတယ်။ သွေးတွင်း PSA ပမာဏ 10 ng/mL ထက်များရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းရှိနေပါတယ်။ ဒါပေမယ့် ဒီစစ်ဆေးမှုဟာ သင့်မှာ ဆီးကျိတ်ကင်ဆာ ရှိမရှိကိုတော့ ပြောမပြနိုင်ဘူးလို့ Dr Tan က ဆက်ရှင်းပြပါတယ်။

    တကယ်လို့ သင့်သွေးထဲမှာ ရှိနေတဲ့ PSA ပမာဏ အတော်လေးများပြားနေတယ်ဆိုရင်တော့ တယ်လီဗေးရှင်းဓါတ်မှန်နည်းပညာ (ultrasound)ကို အသုံးပြုကာ အူမကြီးမှတဆင့် အသားစယူခြင်းကဲ့သို့သော စစ်ဆေးစမ်းသပ်မှုတွေကို ဆက်လက်ပြုလုပ်ရမှာပါ။ ဒီစစ်ဆေးမှုမှာဆိုရင်တော့ အူမကြီးထဲကို အပ်ကလေးတစ်ချောင်းထည့်သွင်းကာ ဆီးကျိတ်တစ်ရှူးနမူနာကို ထုတ်ယူမှာ ဖြစ်ပါတယ်။

    ကုသခြင်း (ကနဦး စစ်ဆေးခြင်းမှသည် ခွဲစိတ်ကုသချိန်အထိ)

    အကယ်၍ လူတစ်ယောက်မှာ ဆီးကျိတ်ကင်ဆာဖြစ်နေပြီလို့ သိလိုက်ရမယ်ဆိုရင် အဆိုပါ ဆီးကျိတ်ကင်ဆာဟာ အမှန်တကယ် ပျောက်ကင်းသက်သာသွားအောင် ကုသလို့ရတဲ့ ရောဂါတစ်ခုဖြစ်တဲ့အကြောင်းကို လူနာအနေနဲ့ နားလည်သဘောပေါက်သိရှိဖို့ အထူးလိုအပ်ပါတယ်။”ဒီလူနာတွေမှာ ကင်ဆာကျိတ်ဟာ ဆီးကျိတ်အပြင်ဖက်ကို ပြန့်ဖို့ ရာခိုင်နှုန်း အင်မတန်နည်းပါတယ်”လို့ Dr Tan က ဆိုပါတယ်။”သူတို့ရဲ့ ကင်ဆာကြိတ် ပိုပြီးဆိုးရွားလာမလာကို သိရှိနိုင်ဖို့အတွက် လအနည်းငယ်ကြာတိုင်းမှာ PSA စစ်ဆေးတိုင်းတာမှုတစ်ခါ လုပ်ဖို့လိုအပ်သလို အသားစယူစစ်ဆေးတာကိုလည်း တစ်နှစ်တစ်ခါ ပြုလုပ်ပေးရပါမယ်။ ကင်ဆာကြိတ်ပျံ့တာကို စောစောသိလေ အာရုံကြောပျက်စီးမှု နည်းပါးလေပဲ ဖြစ်ပါတယ်”

    အထက်ဖော်ပြပါ စစ်ဆေးစမ်းသပ်မှုတွေကို ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် (မဆိုးရွားတဲ့) ဆီးကျိတ်ကင်ဆာဝေဒနာရှင်တွေအနေနဲ့ နှစ်ပေါင်းအတော်ကြာပြီးမှ ဆီးကျိတ်ရောဂါကုသမှုတွေကို စတင်ခံယူနိုင်ပါတယ်။ ဒီကြားထဲမှာတော့ ပုံမှန်အတိုင်း လူကောင်းပကတိအဖြစ် ပျော်ရွှင်စွာ နေထိုင်နိုင်မှာပါ။ ကုသဖို့လိုတဲ့ ဆီးကျိတ်ကင်ဆာအဆင့်ကို ရောက်ရှိလာပြီဆိုရင်တော့ ခွဲစိတ်ကုသမှုဟာ အကျိုးအများဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

    “ခွဲစိတ်ကုသမှုတစ်မျိုးတည်းနဲ့ ကုသတာ ဒါမှမဟုတ် ခွဲစိတ်ကုသခြင်းကို ဓါတ်ကင်ခြင်း သို့မဟုတ် ဟော်မုန်းအစားထိုးကုသခြင်းနဲ့ ပေါင်းစပ်ကုသတာ စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ဆီးကျိတ်ကင်ဆာကို ကုသနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းတွေဟာ ရေရှည်မှာ အင်မတန်အကျိုးများတဲ့ ကုသမှုနည်းလမ်းတွေ ဖြစ်နေလို့ပါပဲ”လို့ Dr Tan က ပြောပါတယ်။

    စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ခြင်းဟာ သွေးထွက်နည်းခြင်း၊သွေးသွင်းရနိုင်ချေ နည်းပါးခြင်း၊နာကျင်မှုသက်သာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာမို့ (ခွဲစိတ်ဒါဏ်ရာတတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ခွဲစိတ်တဲ့) MIS ခွဲစိတ်ကုသနည်း နဲ့ ပုံမှန်သမားရိုးကျနည်းလမ်းအတိုင်း ခွဲစိတ်ကုသနည်း တို့ထက် ပိုမိုသာလွန်နေပါတယ်။ ဒါကြောင့် စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ကုသခြင်းကို ရံဖန်ရံခါဆိုသလို ရွေးချယ်ကြလေ့ရှိပါတယ်။”စက်ရုပ်နည်းပညာဟာ ဆီးကျိတ်တဝိုက်မှာရှိတဲ့ တစ်ရှူးသေးသေးမျှင်မျှင်လေးတွေကို ကောင်းစွာမြင်နိုင်တဲ့အပြင် အရပ်မျက်နှာအားလုံးကို လိုသလို အလွယ်တကူ လှုပ်ရှားနိုင်ပါတယ်” လို့ Dr Tan က ထပ်လောင်းပြောကြားပါတယ်။

    ဒီလိုဆိုရင် ခွဲစိတ်ဆရာဝန်တွေအနေနဲ့ ကင်ဆာကျိတ်နေရာကို တိတိကျကျ သိရှိဖယ်ရှားနိုင်မှာမို့ အနီးတဝိုက်မှာရှိတဲ့ အာရုံကြောလေးတွေ ထိခိုက်မှုကိုလည်း အနည်းဆုံးဖြစ်စေမှာပါ (ဒီအာရုံကြောလေးတွေဟာ ဆီးထိန်းနိုင်ခြင်းနဲ့ လိင်အင်္ဂါထောင်မတ်နိုင်ခြင်းတို့အတွက် အဓိက အရေးပါ ပါတယ်)။

    ဒါကြောင့် လူနာတွေအနေနဲ့ ဆီးကျိတ်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ဆီးမလုံခြင်း (အလိုလျောက် ဆီးထွက်ကျခြင်း) နဲ့ ပန်းသေပန်းညှိုးခြင်းတွေကို အလျင်အမြန် သက်သာပျောက်ကင်းစေနိုင်မှာပဲ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement