backup og meta

သားဥပြွန်ကင်ဆာ


Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥပြွန်ကင်ဆာ

    သားဥပြွန်ကင်ဆာဆိုတာ ဘာလဲ။

    သားအိမ်နဲ့သားဥအိမ်ကြား ဆက်ထားတဲ့ပြွန်ကို သားဥပြွန်လို့ ခေါ်ပါတယ်။ ခန္ဓါကိုယ်မှာရှိတဲ့ သားဥပြွန်နှစ်ချောင်းအနက် တစ်ချောင်းမှာ ပုံမမှန်ဆဲလ်ကြီးထွားမှု ဖြစ်ပေါ်တဲ့အခါ သားဥပြွန်ကင်ဆာ ဖြစ်လာရပါတယ်။ ၎င်းဟာ ဖြစ်လေ့ဖြစ်ထနည်းတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပြီး ကင်ဆာဆဲလ်တွေဟာ သားဥပြွန်မှာ စတင်ဖြစ်ပေါ်တာထက်စာရင် ခန္ဓါကိုယ်ရဲ့ အခြားတစ်နေရာကနေ သားဥပြွန်ဆီ ပျံ့ပွားလာကြတာများပါတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် အသက် ၅၀နဲ့ ၆၀ကြား အရွယ်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

    သားဥပြွန်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။

    သားဥပြွန်ကင်ဆာဟာ ရှားပါးတဲ့ရောဂါတစ်ခု ဖြစ်တဲ့အလျောက် ဒီရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး အထောက်အထားပြနိုင်မှု မရှိသလောက် နည်းနေပါသေးတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီရောဂါဟာ မျိုးဗီဇနဲ့ဆက်စပ်မှုရှိပြီး BRCA 1 သို့မဟုတ် BRCA 2 မျိုးဗီဇဖောက်ပြန်တဲ့ အမျိုးသမီးတွေမှာ သားဥပြွန်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ပိုများတယ်လို့ ယံကြည်ကြပါတယ်။ ဒါ့ကြောင့် သားဥပြွန်ကင်ဆာရောဂါ ရှိတွေဟာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာရောဂါများ ရှိမရှိကိုပါ စစ်ဆေးသင့်ပါတယ်။

    သားဥပြွန်ကင်ဆာရှိမရှိ ဘယ်လိုသိနိုင်မလဲ။

    သားဥပြွန်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့

    • မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အထူးသဖြင့် ရာသီသွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း
    • ဗိုက်အောင့်ခြင်း
    • ဝမ်းဗိုက်တပြင်လုံး တင်းနေသလို ခံစားရခြင်း
    • မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်း
    • ဆီးစပ်သို့မဟုတ် ဝမ်းဗိုက်တွင် အလုံးပေါ်ခြင်း

    ဒီလက္ခဏာတွေရှိလာတိုင်း သားဥပြွန်ကင်ဆာဖြစ်နေပြီလို့ တပ်အပ်မပြောနိုင်ဘူးဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ အခြားသော မီးယပ်ရောဂါတွေကြောင့်လည်း အဆိုပါလက္ခဏာတွေ ဖြစ်လာနိုင်ပေမယ့် ဆရာဝန်ဆီ သွားရောက်ပြသဖို့တော့ လိုအပ်ပါတယ်။

    သားဥပြွန်ကင်ဆာရှိမရှိ ဘယ်လိုနည်းလမ်းတွေနဲ့ ရောဂါရှာဖွေအတည်ပြုနိုင်သလဲ။

    သားဥပြွန်ကင်ဆာဟာ ရှာဖွေစစ်ဆေးအတည်ပြုဖို့ ခက်ခဲတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ဆေးကုသမှုမှတ်တမ်းနဲ့ ရောဂါလက္ခဏာတွေအကြောင်း မေးမြန်းပြီး ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု ပြုလုပ်မှာဖြစ်ပါတယ်။ သင့်ရဲ့ မိန်းမကိုယ်၊ သားအိမ်၊ သားဥပြွန်၊ သားဥအိမ်၊ ဆီးအိမ်နဲ့ အစာဟောင်းအိမ်တို့ကိုလည်း စမ်းသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် သင့်သွေးထဲမှာ CA125 လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တစ်မျိုး ပါဝင်မှုအတိုင်းအတာကို ဓါတ်ခွဲစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ CA125 ပမာဏ မြင့်တက်ခြင်းကို သားဥပြွန်ကင်ဆာအပါအဝင် မီးယပ်ရောဂါတစ်ခုခု ရှိနေကြောင်းညွှန်ပြတဲ့ လက္ခဏာတစ်ခုအဖြစ် ယူဆနိုင်ပါတယ်။ သားဥပြွန်ကင်ဆာဟုတ်မဟုတ် ကောက်ချက်ချရာမှာ CT scan နဲ့ အာလ်ထရာဆောင်းအသုံးပြုပြီး ပုံရိပ်ဖော်စစ်ဆေးမှု ပြုလုပ်ဖို့လည်း လိုအပ်နိုင်ပါတယ်။

    သားဥပြွန်ကင်ဆာရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ။

    သားဥပြွန်ကင်ဆာကို ခွဲစိတ်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးတွေ အသုံးပြုပြီး ကုသနိုင်ပါတယ်။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖယ်ရှားပစ်ရမယ့် အတိုင်းအတာကို ကျွမ်းကျင်သူဆရာဝန်များက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    အကယ်၍ ကင်ဆာဆဲလ်တွေဟာ သားဥပြွန်ကနေ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ မပျံ့နှံ့သေးဘူးဆိုရင် သားအိမ်၊ သားဥအိမ်နဲ့ သားဥပြွန်တွေကို ခွဲစိတ်ဖယ်ရှားရမှာဖြစ်ပြီး ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေပြီဆိုရင်တော့ ပတ်ပတ်လည်က ပြန်ရည်ကျိတ်တွေကိုပါ ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

    ခွဲစိတ်ပြီး ကျန်ရှိနေနိုင်တဲ့ ကင်ဆာဆဲလ်တွေ သေစေဖို့အတွက် ဓါတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံးများကိုပါ တပါတည်း ခံယူရဖို့ အလားအလာရှိပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement