ဘယ်ဘက်လက်တခြမ်း ထုံနေတာ နှလုံးကြောင့်ပဲလား

ဘယ်ဘက်လက်ကထုံလာတယ်ဆိုရင် ငါများလေဖြတ်တော့မှာလား၊ နှလုံးရောဂါများဖြစ်နေပြီလားလို့ စိုးရိမ်ကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်နော်။ အိပ်စက်တဲ့ပုံစံကြောင့်(ဥပမာ -တခြမ်းတည်းစောင်းပြီး ဖိအိပ်မိလို့)လည်းဖြစ်နိုင်သလို နှလုံးရုတ်တရုတ်ရပ်ဆိုင်းမှုအန္တရာယ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေဘာတွေရှိနိုင်မလဲ ဆက်ပြီးကြည့်ရအောင်။
ဘယ်ဘက်လက်တခြမ်းမှာ ထုံကျဉ်တဲ့ခံစားချက်က ခဏလောက်ဖြစ်တာဆို ပုံမှန်အားဖြင့်တော့ ဘာပြဿနာမှမရှိတတ်ပါဘူး။ သူ့အလိုလိုသက်သာသွားနိုင်တဲ့ဝေဒနာပါ။ ဒါပေမယ့် သူကမပျောက်ဘဲ ကြာရှည်နေတယ် ဒါမှမဟုတ် ရောဂါအကြောင်းရင်းတစ်ခုခုရှိနေမယ်လို့ သံသယရှိနေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းများ
သွေးလည်ပတ်မှုမကောင်းခြင်း
သွေးလွှတ်ကြောနဲ့သွေးပြန်ကြောတွေမှာပြဿနာရှိနေပြီဆိုရင် လက်မောင်းအတွင်း သွေးလည်ပတ်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာသွေးတိုး၊ဆီးချို ဒါမှမဟုတ် ကျောက်ကပ်ရောဂါ ရှိနေရင်လည်း သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ခြေပိုများတယ်။
ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အောက်ပါလက္ခဏာတွေပါ တွဲပြီးဖြစ်လာနိုင်ပါတယ်-
- နာကျင်ကိုက်ခဲမှု
- ရောင်ရမ်းခြင်း
- လက်ချောင်းထိပ်တွေ ပုံမှန်မဟုတ်ဘဲ အရောင်ပြောင်းလာခြင်း
- လက်နဲ့လက်ချောင်းတွေ အေးစက်ခြင်း။
အရိုးကျိုးအက်ခြင်း
လက်ထုံကျဉ်ခြင်းက အရိုးကျိုးအက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ နာကျင်ပြီး ရောင်ရမ်းလာမှာသေချာပါတယ်။
အင်းဆက်ကိုက်ခြင်း
အင်းဆက်ကိုက်ခံရတဲ့အခါ တချို့မှာ အရေပြားပေါ်ဓါတ်မတည့်ဝေဒနာတွေဖြစ်တယ်၊ တချို့မှာ အနည်းအကျဉ်းပဲဖြစ်တယ်။ တချို့ကျတော့ အကိုက်ခံရတဲ့နေရာတဝိုက်မှာ ထုံကျဉ်တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဖြစ်လာရင်တော့ ချက်ချင်းကုသမှုခံယူပါ –
- အသက်ရှူရခက်ခြင်း
- လည်ချောင်း၊ နှုတ်ခမ်း သို့မဟုတ် မျက်ခွံရောင်ခြင်း
- မအီမသာဖြစ်ခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း
- သတိလစ်ခြင်း စတဲ့လက္ခဏာတွေကို သတိထားပါ။
လည်ပင်းအရိုးဆစ်ပြားကျွံတဲ့အခါ လက်တစ်ဖက်မှာ ထုံတာ၊ ကျဉ်တာ၊ အားမသန်တာတွေဖြစ်လာတတ်ပါတယ်။ လက်မောင်း၊ လည်ပင်း ဒါမှမဟုတ် ပခုံးမှာ ဖြာထွက်သွားတဲ့ နာကျင်မှုကိုလည်းခံစားရနိုင်ပါတယ်။
ဒါကို သက်သာစေဖို့က အနားယူတာ၊ ရေနွေးအိတ်ကပ်တာ၊ အကိုက်အခဲပျောက်ဆေး စတာတွေနဲ့ ကုသလို့ရပါတယ်။ လက္ခဏာတွေ မသက်သာရင်တော့ ဆရာဝန်ပြရပါတယ်။ သင့်တော်တဲ့သောက်ဆေး၊ လိမ်းဆေး၊ လေ့ကျင့်ခန်းတွေနဲ့ မရတဲ့အခါ ခွဲစိတ်ဖို့လည်း လိုရင်လိုလာနိုင်ပါတယ်။
လက်မောင်းအာရုံကြောထိခိုက်မှု
လက်မောင်းအာရုံကြောတွေက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးကနေ လက်ဆီကို ဖြာဆင်းနေတာပါ။ ဒီအာရုံကြောတွေကို ထိခိုက်တဲ့အခါ ဦးနှောက်ကနေ လက်ဆီကိုပေးပို့မှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အာရုံခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ဒီပြဿနာက ပခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ဖျားတွေကိုလည်း ဝေဒနာဖြစ်စေနိုင်ပါတယ်။
အသေးစားလောက်က သူ့အလိုလိုသက်သာသွားတတ်ပေမယ့် ပြင်းထန်ရင်တော့ လေ့ကျင့်ခန်းကုထုံးနဲ့ သီတင်းပတ်အတော်ကြာ၊ လအတော်ကြာ ကုသဖို့လိုအပ်နိုင်ပါတယ်။ တစ်ခါတလေတော့ ခွဲစိတ်ဖို့လိုအပ်နိုင်ပါတယ်။
တခြားအာရုံကြောထိခိုက်မှုများ
အစွန်အဖျားအာရုံကြောအသုံးပြုတာများလွန်းတဲ့အခါ လက်မောင်း သို့မဟုတ် လက်ဖျံမှာ ထုံကျဉ်တာ၊ နာကျင်တာတွေဖြစ်လာစေနိုင်ပါတယ်။ ဥပမာ –
- carpal tunnel syndrome (လက်ဖျံအတွင်း အရွတ်နဲ့အရိုးကြားက ကြားခံအာရုံကြောထိခိုက်ခြင်း)
- cubital tunnel syndrome ( တံတောင်ဆစ်အနီးက ulnar အာရုံကြောထိခိုက်ခြင်း)
- radial tunnel syndrome (လက်မောင်းကနေ လက်ဖမိုးဆီကိုလာတဲ့ radial အာရုံကြော ထိခိုက်ခြင်း) တို့ကြောင့်ဖြစ်နိုင်တယ်။
လေဖြတ်ခြင်း
လေဖြတ်တယ်ဆိုတာ ပိတ်ဆို့မှုတစ်ခုခုကြောင့် ဦးနှောက်ကိုသွေးမရောက်လို့ဖြစ်လာတာပါ။ ဦးနှောက်ဆဲလ်တွေက မိနစ်အနည်းငယ်အတွင်းမှာ စတင်သေဆုံးနိုင်ပါတယ်။ လက္ခဏာတွေက ခန္ဓါကိုယ်တခြမ်းကိုထိခိုက်လေ့ရှိပြီး လက်တစ်ဖက်၊ ခြေထောက် ဒါမှမဟုတ် မျက်နှာအောက်တခြမ်းထုံကျဉ်ခြင်းတို့ပါဝင်ပါတယ်။ ပူးတွဲဖြစ်ပေါ်တတ်တဲ့ တခြားလက္ခဏာတွေကတော့ –
- စကားပြောဆိုမှုပြဿနာတွေ
- အာရုံရှုပ်ထွေးမှု
- ရုတ်တရက်ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- ခေါင်းမူးခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း တို့ပါဝင်ပါတယ်။
အာရုံကြောအားနည်းခြင်း
လက်မှာထုံကျဉ်တာက အာရုံကြောအားနည်းတဲ့ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ အစွန်အဖျားအာရုံကြောစနစ်ထဲမှာ ထိခိုက်မှုတချို့ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ တခြားပူးတွဲလက္ခဏာတွေကတော့ –
- ထုံကျဉ်သလို ပူသလိုခံစားရခြင်း
- ကြွက်သားအားနည်းခြင်း
- ထိတွေ့မှုအပေါ် တုံ့ပြန်မှုမူမမှန်ခြင်းတို့ဖြစ်ပါတယ်။
ဗီတာမင် B-12 ချို့တဲ့ခြင်း
ဗီတာမင် B 12 ချို့တဲ့နေရင်လည်း အာရုံကြောတွေ အားနည်းလာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် သွေးအားနည်းခြင်းပါ ဖြစ်လာတတ်ပါတယ်။ တခြားလက္ခဏာတွေက –
- လက်နဲ့ခြေထောက်မှာ ထုံကျဉ်၊နာကျင်ခြင်း
- အာရုံခံစားမှုအားနည်းခြင်း
- အထွေထွေအားနည်းခြင်း တို့ဖြစ်လာနိုင်ပါတယ်။
ခေါင်းတခြမ်းကိုက်ခြင်း
ခေါင်းတခြမ်းကိုက်ခြင်းကြောင့် ခန္ဓါကိုယ်တခြမ်းမှာ အားနည်းခြင်းကို ယာယီခံစားရနိုင်ပါတယ်။ ဒီလိုကနေ လက်ကို ထုံတာ၊ ကျဉ်တာတွေခံစားရစေနိုင်တယ်၊ ခေါင်းတခြမ်းမှာကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ အလင်းရောင်မခံနိုင်ခြင်းတို့လည်းဖြစ်လာနိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်ရမလဲ
အပေါ်ကအကြောင်းရင်းတွေမှာ ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့ လိုအပ်တဲ့အရေးပေါ်အခြေအနေတွေပါဝင်ပေမယ့် တော်တန်ရုံ ထုံကျဉ်မှုဝေဒနာအတွက် သက်သာစေမယ့်အကြံပြုချက်တချို့ကို ပြောပြလိုက်ပါတယ်။
- မနက်အိပ်ရာထချိန် လက်တွေထုံကျဉ်နေတတ်တယ်ဆိုရင် အိပ်စက်မှုပုံစံကို ပြောင်းလဲကြည့်ပါ။ လက်နဲ့ပခုံးကိုပဲ အမြဲဖိအိပ်နေသလား၊ လက်နဲ့ပခုံးကို ခေါက်လိမ်ပြီးအိပ်မိနေသလား ပြန်စဉ်းစားပါ။ သက်တောင့်သက်သာဖြစ်တဲ့ ခေါင်းအုံးနဲ့အိပ်ပါ။
- နေ့ဘက် နေရင်းထိုင်ရင်း ထုံကျဉ်လာတယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေမယ့် အလွယ်လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။
- ပခုံး၊ လက်မောင်း၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းလှုပ်ရှားမှုတွေ မလိုအပ်ဘဲ ထပ်ကာတလဲလဲလုပ်ခြင်းကို ရှောင်ပါ။ ပုံမှန်လေးလှုပ်ရှားရင်း မကြာခဏအနားပေးပါ။
လက်ထုံကျဉ်တာက ကိုယ့်ရဲ့နေ့စဉ်အလုပ်တွေကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်ပြဖို့သင့်ပါတယ်။ ဖြစ်စေတဲ့နောက်ခံအကြောင်းရင်းကိုမူတည်ပြီး ကုသမှုနည်းလမ်းက ကွာခြားသွားနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။