brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အလွန်အေးတာတွေ စားမိရင် ကြုံရတတ်တဲ့ Brain Freeze ဝေဒနာ

Brain freeze ဆိုတာကို မြန်မာလို တိုက်ရိုက်ပြန်ဆိုရင် ဦးနှောက်အေးခဲခြင်းလို့ ဆိုရမယ်။ နာမည်ကြားရုံနဲ့ ကြောက်စရာကြီးပါ။

အလွန်အေးတာတွေ စားမိရင် ကြုံရတတ်တဲ့ Brain Freeze ဝေဒနာ

ဒါပေမယ့် တကယ်တမ်း ဒီဝေဒနာက နာမည်နဲ့ ဆန်းကျင်ဘက်ပါပဲ။ ဦးနှောက်ကြီးခဲသွားတာတော့ မဟုတ်ပါဘူး။ ဦးနှောက်က အရမ်းအေးတယ်လို့ ခံစားမိသွားတဲ့ ဝေဒနာတစ်မျိုးသာဖြစ်ပါတယ်။

Brain freeze ဆိုတာက ရေခဲမုန့်လို၊ အလွန်အေးတဲ့ အအေးတွေလို၊ ရေခဲတုန်းတွေလိုအရာတွေကို စားသောက်ပြီးတဲ့ အခါမှာ ရုတ်တရက် ဦးခေါင်းအတွင်းပိုင်းတစ်ခုလုံး အေးစိမ့်ကျိန်းတက်သွားတဲ့ ဝေဒနာကို ဆိုလိုတာဖြစ်ပါတယ်။

ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုးဖြစ်စဉ် ဖြစ်ပါတယ်။ အဲ့ဒါကို Brain freeze ဒါမှမဟုတ် Ice Cream Headache လို့ခေါ်ပါတယ်။ ဆေးပညာအမည်ကတော့ Sphenopalatine Ganglioneuralgia ပါတဲ့။

ဘာကြောင့် Brain freeze ဖြစ်သလဲ

Brain freeze ဖြစ်ဟာ အလွန်အေးတဲ့ အစားအစာတွေကို စားမိလိုက်တဲ့အချိန်မျိုးမှာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးသွားစေပြီး ဒီအချက်ကို မူတည်ပြီး ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးစက်နေတယ်လို့ ယူဆသွားတာပါ။

ယျေဘုယျအားဖြင့် Brain freeze ဟာ အေးတဲ့အစားအစာတွေကို စားမိချိန်တွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ဒီတစ်ချက်တည်းကြောင့်တော့ ခုလို ဝေဒနာမကြုံရတတ်ပါဘူး။ တခြားအကြောင်းအရင်းတွေလည်း ရှိနေပါသေးတယ်။ အအေးဓာတ်ကို နှိုးဆွပေးနိုင်တဲ့အရာတိုင်းကြောင့်ဖြစ်နိုင်ပါတယ်။

Cold Stimulus ကြောင့် ဦးနှောက်နဲ့ နှာခေါင်းကို ဆက်သွယ်ပေးထားတဲ့ လေလမ်းကြောင်းအတွင်းက ဆံချည်မျှင်သွေးကြောတွေ အေးစက်လာတဲ့အခါ သွေးကြောနံရံတွေကျဉ်းမြောင်းလာတတ်ပါတယ်။ ဒီလိုအခြေအနေမှာ ရုတ်တရက်ပူနွေးလာခဲ့မယ်ဆိုရင် သွေးကြောနံရံတွေ အလျှင်အမြန်ပြန်ကျယ်သွားမှာဖြစ်ပြီးတော့ ဒီအခြေအနေကြီးဟာ Brain freeze ဖြစ်အောင် တွန်းပို့ပါတယ်။

နောက်ထပ် Brain freeze ဖြစ်စေနိုင်တဲ့ အချက်တစ်ချက်ကတော့ ဦးနှောက်အတွင်းက သွေးကြောတချို့ သွေးလည်ပတ်စီးဆင်းနှုန်း အလွန်အမင်းမြင့်တက်လာချိန်မျိုးမှာဖြစ်ပါတယ်။ ဒီအခြေအနေမှာလည်း Brain freeze ဖြစ်နိုင်ပါတယ်။

Brain freeze ဝေဒနာ သက်သာစေဖို့ဆိုရင်

  • လျှာကို ပါးစပ်အပေါ်နံရံအတိုင်း အပြားလိုက် ဖိကပ်ထားတာမျိုးလုပ်ပေးရင် သက်သာနိုင်ပါတယ်။ လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးဖို့တော့ လိုအပ်ပါတယ်။
  • နောက်ထပ်တစ်နည်းကတော့ ရေခပ်နွေးနွေးသောက်ပေးတာပါပဲ။
  • တတိယနည်းလမ်းကတော့ နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ အုပ်ပေးပြီး လေပူတွေကို ရှုရှိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။

ဒီနည်းလမ်းတွေက Brain freeze ဝေဒနာခံစားနေရချိန်မှာ အလျင်အမြန် ပျောက်ကင်းသက်သာစေဖို့ ကူညီနိုင်ပါတယ်။

အန္တရာယ်ရှိတဲ့ ဝေဒနာလား

ယေဘုယျအားဖြင့် Brain freeze ကို အန္တရာယ်ရှိတဲ့ ဝေဒနာမျိုးလို့ သတ်မှတ်မထားပါဘူး။ အသက် အန္တရာယ်ကို မခြိမ်းခြောက်နိုင်သလို လူ့ကျန်းမာရေးကို ထိခိုက်စေတာမျိုးတွေလည်း မဖြစ်စေနိုင်ပါဘူး။ သဘာဝအလျောက် တုန့်ပြန်မှုတစ်ခုလို့သာ သတ်မှတ်ထားကြပါသေးတယ်။

ဒါပေမယ့် သတိထားဖို့ လိုအပ်တာက လက်ရှိအချိန်အထိ Brain freeze နဲ့ ပတ်သက်တဲ့ အချက်အလက်နဲ့ အကြောင်းအရာတော်တော်များများကို စူစမ်းရှာဖွေနိုင်ခြင်းမရှိသေးတာကြောင့်လည်း အန္တရာယ်မရှိဘူးလို့ သတ်မှတ်ထားသေးတာဖြစ်ပါတယ်။

နောက်ဆုံး ရှာဖွေတွေ့ရှိချက်တွေအရ Brain freeze ဟာ ခေါင်းကိုက်ခြင်းနဲ့ ဆက်စပ်နေနိုင်ပြီး နာတာရှည် ဒါမှမဟုတ် မကြာခဏ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်သူတွေ သတိထားသင့်တဲ့ ကျန်းမာရေး အခြေအနေတစ်မျိုးဖြစ်တယ်လို့ ဆိုလာကြပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ ဦးနှောက်ထိခိုက်မှုဝေဒနာတွေ၊ အမျိုးအမည်စုံ ခေါင်းကိုက်ဝေဒနာတွေဟာ ဦးနှောက်တွင်း သွေးစီးဆင်းလည်ပတ်မှုနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေဖြစ်တာမို့ Brain freeze ဝေဒနာနဲ့ ပတ်သက်စပ်နွယ်မှုရှိနေနိုင်ပြီး သတိထားသင့်တဲ့ အခြေအနေဖြစ်တယ်လို့လည်း သတိပေးမှုတွေ ရှိနေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/07/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။