backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Empty sella syndrome (Empty Sella ရောဂါစု)


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Empty Sella ရောဂါစုဆိုတာ ဘာလဲ။

Empty Sella ရောဂါစုဆိုတာ sella turcica ခေါ် ဦးခေါင်းခွံအောက်ခြေ sphenoid အရိုးထဲက ပီကျူထရီဂလင်းတည်ရှိရာ မြင်းကုန်းနှီးသဏ္ဍာန် အချိုင့်ရာတစ်ခု ပုံမှန်ထက်အရွယ်အစားကြီးနေတဲ့ ဒါမှမဟုတ် ပုံသဏ္ဍာန်မမှန်တဲ့ ရှားပါးရောဂါစုတစ်မျိုး ဖြစ်ပါတယ်။

ဒီရောဂါရှိသူအချို့ရဲ့ sella turcica ထဲမှာ cerebrospinal fluid (CSF) ခေါ် ဦးနှောက်အာရုံကြောအရည်ကြည်တွေ ရှိနေပြီး အောက်ခြေကြမ်းပြင်မှာ အလွန်သေးငယ်တဲ့ ပီကျူထရီဂလင်းကို တွေ့မြင်နိုင်ပါတယ်။ အချို့လူတွေမှာတော့ sella turcica တစ်ခုလုံး CSF တွေပြည့်နေပြီး ပီကျူထရီဂလင်းကို လုံးဝမြင်ရမှာမဟုတ်ပါဘူး။

အကြောင်းအရင်းမရှိဘဲ သူ့အလိုလိုဖြစ်ပေါ်လာတဲ့ empty sella ရောဂါစုကို primary empty sella ရောဂါစုလို့ခေါ်ပြီး အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ အမျိုးအစားကိုတော့ secondary empty sella ရောဂါစုလို့ ခေါ်ပါတယ်။

Empty Sella ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Primary empty sella ရောဂါစုဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း ၄ဆ ပိုများပါတယ်။ အဝလွန်ပြီး သွေးတိုးရောဂါရှိတဲ့ လူလတ်ပိုင်းအမျိုးသမီးတွေမှာ ပိုအတွေ့ရများပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

Empty Sella ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဒီရောဂါစုမှာ သိသာထင်ရှားတဲ့ လက္ခဏာတစ်စုံတစ်ရာ မရှိပေမယ့် secondary empty sella ရောဂါစု ဖြစ်ပွားတဲ့သူတွေမှာတော့ နဂိုရှိပြီးသား ကျန်းမာရေးပြဿနာရဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

Empty sella ရောဂါရှိသူ လူနာအများစုဟာ နာတာရှည်ခေါင်းကိုက်ဝေဒနာကို ခံစားရလေ့ရှိပြီး Empthy sella ရောဂါစုကြောင့်ပဲ ခေါင်းကိုက်ရသလား၊ နဂိုရောဂါအခံဖြစ်တဲ့ သွေးတိုးရောဂါကြောင့် ခေါင်းကိုက်ရသလားဆိုတာကို သေသေချာချာ မရှင်းပြနိုင်သေးပါဘူး။

ရှားရှားပါးပါဆိုသလို ဒီရောဂါရှိသူတွေမှာ ဦးခွံတွင်းဖိအားမြင့်တက်ပြီး

  • နှာခေါင်းတွင်းမှ CSF များ လျှံကျခြင်း
  • အမြင်အာရုံကြောရောင်ရမ်းခြင်း
  • အမြင်အာရုံဆိုင်ရာပြဿနာများ ဖြစ်လာနိုင်ပါတယ်။
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ

    ဘာတွေက Empty Sella ရောဂါစု ဖြစ်ပွားစေသလဲ။

    Primary Empty Sella ရောဂါစု

    Primary Empty Sella ရောဂါစုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျမသိရသေးဘဲ sella turcica ကိုဖုံးအုပ်ထားတဲ့အမှေးပါး (diaphragma sellae) မွေးရာပါချို့ယွင်းမှုကြောင့်ဖြစ်ရတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ အချို့လူတွေရဲ့ diaphragma sellae အမှေးပါးမှာ မွေးကတည်းက ကွဲကြောင်းငယ်တစ်ခု ပါလာတဲ့အတွက် sella turcica ထဲ CSF တွေ စိမ့်ဝင်နိုင်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအချက်က empty sella ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းလား ရောဂါဖြစ်နိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်း သက်သက်ပဲလားဆိုတာကို သေသေချာချာ မပြောနိုင်သေးပါဘူး။

    National Organization for Rare Disorders (နိုင်ငံလုံးဆိုင်ရာရှားပါးရောဂါစုများအဖွဲ့အစည်း)ရဲ့ ထုတ်ပြန်ချက်အရ ဒီရောဂါစုဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း ၄ဆ ပိုများပြီး အဝလွန်တဲ့၊ သွေးတိုးရောဂါရှိတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဒါပေမယ့် ဒီရောဂါရဲ့ သဘောသဘာဝအရ ရောဂါလက္ခဏာ ထူးထူးခြားခြားပြလေ့မရှိတဲ့အတွက် ရောဂါဖြစ်လို့ဖြစ်နေမှန်း မသိသူတွေလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် လိင်၊ အဝလွန်ခြင်း၊ အသက်အရွယ်၊ သွေးဖိအား စတဲ့အကြောင်းအချက်တွေကို ရောဂါဖြစ်ပွားနိုင်ချေမြင့်စေတဲ့ အကြောင်းရင်းတွေအဖြစ် သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။

    Secondary Empty Sella ရောဂါစု

    Secondary Empty Sella ရောဂါစု ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့

    • ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
    • ပိုးဝင်ခြင်း
    • ပီကျူထရီအကျိတ်များ
    • ဓါတ်ရောင်ခြည်ကုထုံး ခံယူရခြင်း သို့မဟုတ် ပီကျူထရီဂလင်းအနီးတဝိုက်တွင် ခွဲစိတ်ကုသမှုခံယူရခြင်း
    • ဦးနှောက် သို့မဟုတ် ပီကျူထရီဂလင်းဆိုင်ရာ ရောဂါများ ဥပမာ Sheehan ရောဂါစု၊ ဦးခေါင်းတွင်းသွေးဖိအားများခြင်း၊ neurosarcoidosis၊ ပီကျူထရီဂလင်း သို့မဟုတ် ပီကျူထရီဂလင်းအညှာ ရောင်ရမ်းခြင်း

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

    ဘယ်အရာတွေက Empty Sella ရောဂါစု ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Empty Sella ရောဂါစု ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    အထက်မှာပြောခဲ့သလိုပဲ Empty Sella ရောဂါစုဟာ အများအားဖြင့် ဘာရောဂါလက္ခဏာမှ မဖြစ်ပေါ်စေတဲ့အတွက် ရောဂါရှိနေမှန်း သိဖို့ခက်ပါတယ်။ အကယ်၍ သင့်ဆရာဝန်က သင့်မှာဒီရောဂါရှိနေတယ်လို့ သံသယရှိခဲ့ရင် ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီး သင့်ကျန်းမာရေးရာဇဝင်ကို ပြန်လှန်စစ်ဆေးမှာဖြစ်ပါတယ်။ ကွန်ပျူတာဓါတ်မှန် (CT scan) နဲ့ သံလိုက်ဓါတ်မှန် (MRI scan) ရိုက်ဖို့လည်း အကြံပြုနိုင်ပါတယ်။

    CT နဲ့ MRI အဖြေကိုကြည့်ပြီး သင့်ဆရာဝန်က သင့်မှာ partial empty sella ရောဂါစု သို့မဟုတ် total empty sella ရောဂါစုရှိမရှိ စဉ်းစားဆုံးဖြတ်မှာ ဖြစ်ပါတယ်။ Partial empty sella ရောဂါစုဆိုတာက sella တစ်ဝက်နည်းပါး CSF နဲ့ပြည့်နေပြီး ပီကျူထရီဂလင်းအထူ ၃မီလီမီတာကနေ ၇မီလီမီတာရှိတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပြီး Total empty sella ရောဂါစုဆိုတာကတော့ sella တစ်ဝက်ကျော်ကျော်ဟာ CSF တွေနဲ့ပြည့်နေပြီး ပီကျူထရီဂလင်းအထူ ၂မီလီမီတာအောက်နည်းတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။

    Empty Sella ရောဂါစုကို ဘယ်လိုကုသလဲ။

    Empty Sella ရောဂါ ရှိသူတွေအနေနဲ့ ရောဂါလက္ခဏာမပြမချင်း အထူးတလည် ကုသမှုခံယူစရာ မလိုပါဘူး။

    အခြေအနေအရ လိုအပ်နိုင်တဲ့ ကုသမှုတွေကတော့

    နှာခေါင်းထဲမှာ CSF လျှံထွက်ခြင်းကို ခွဲစိတ်ပြုပြင်ခြင်း

    ခေါင်းကိုက်သက်သာစေရန် Ibuprofen (Advil, Motrin) ကဲ့သို့ ဆေးဝါးများသောက်သုံးခြင်းတို့ပဲ ဖြစ်ပါတယ်။

    အကယ်၍သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် secondary empty sella ရောဂါစု ဖြစ်လာခဲ့ရင် သင့်ဆရာဝန်အနေနဲ့ ၎င်းပြဿနာကိုကုသဖို့ ဒါမှမဟုတ် ၎င်းရဲ့လက္ခဏာတွေ သက်သာပျောက်ကင်းစေဖို့ အဓိကဦးစားပေးသွားမှာ ဖြစ်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Empty Sella ရောဂါစုကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement