backup og meta

မျက်နှာလေး Glow ချင်တဲ့ ပျိုမေတွေအတွက် အလွယ်ဆုံးဘတ်ဂျက်နည်းလမ်း (၇) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာလေး Glow ချင်တဲ့ ပျိုမေတွေအတွက် အလွယ်ဆုံးဘတ်ဂျက်နည်းလမ်း (၇) ခု

    မိတ်ကပ်တွေ ထပ်စရာမလို၊ရောင်စုံတွေတင်စရာမလို ဝင်းလက်ကြည်လင်နေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်တာကတော့ မိန်းကလေးတိုင်းရဲ့ဆန္ဒပါ။ ဒါ့ကြောင့်ပဲ အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေက မိတ်ကပ်ထက်ဈေးပိုများပြီး ရွေးစရာလည်းပိုများနေတာဖြစ်ပါတယ်။အောက်ခံအသားအရေကို ဂရုမစိုက်ဘဲ လိုအပ်မှ မိတ်ကပ်တွေ ဘယ်လောက်ထပ်လိမ်းလိမ်း အဆင်မပြေနိုင်ပါဘူး။

    အသားလှဖို့ဆိုတာ ဟိုးအရင်ကတွေးကြသလို အတိတ်ဘဝဆုတောင်းကောင်းခဲ့လို့ ဆိုတာမျိုး၊ ငါတို့ယှဉ်လို့ဘယ်ရမလဲ သူ့အသားလေးက နဂိုလှတာကိုးဟယ် ဆိုတာမျိုး၊ ကိုယ်တွေတော့ ဒီလိုမလှနိုင်လောက်ပါဘူးဆိုတာမျိုး မဟုတ်ပါဘူး။ သင်အသားမလှတာ မဟုတ်ပါဘူး၊သေချာဂရုမစိုက်ရသေးလို့ပါ လို့ပြန်ဖြေရမှာပါပဲ။ အသားလေးကြည်ပြီး လှနေတဲ့ သဘာဝအလှကို ရနိုင်ဖို့ဆိုတာဈေးကြီးတဲ့ အရေပြားအလှကုန်တွေ set လိုက်ဝယ်သုံးနိုင်မှ မဟုတ်ပါဘူး။ အကုန်အကျနည်းတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူ ဂရုစိုက်ပေးလို့လည်းရပါတယ်ဆိုတာ ပျိုမေတို့ကို အကြံကောင်းပေးချင်တာပါ။ ဘာလို့ဆို နာမည်ကြီးအသားအရေထိန်းပစ္စည်းတွေဟာ ဒီသဘာဝပစ္စည်းတွေကနေ အခြေခံပြီး နည်းပညာနဲ့ ထုတ်နှုတ်ဖန်တီးထားတာကိုး။

    ဒီပါဝင်ပစ္စည်းတွေနဲ့ပေါင်းတင်နည်းတွေကို နားရည်ဝပြီးသားဖြစ်ရင်ဖြစ်နိုင်ပေမယ့်ဈေးကအလွယ်ဝယ်ပြီး တစ်ပတ်တစ်ကြိမ်လောက် နည်းလမ်းအလဲအလှယ်လုပ်လို့ရတဲ့ပစ္စည်းတွေချည်းစုစည်းထားတာဖြစ်တာကတစ်ကြောင်း(ဒီပစ္စည်းတွေချည်းပဲဆိုတော့ တစ်ခါပဲဝယ်ပြီး တစ်ပတ်တစ်နည်းလုပ်လို့ရတယ်)၊ဖျော်စပ်နည်းလည်း အနည်းငယ်ကွာတာက တစ်ကြောင်း စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

    ၁။ ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ကို ဝယ်လို့ရရင်လည်းရပေါ့၊ မရလည်း သဘာဝပစ္စည်းနဲ့ထုတ်လုပ်တဲ့(ဓါတုဆေးပြင်းမပါတဲ့) ရှားစောင်းဂျယ်လ်ဘူးနဲ့လည်းသုံးလို့ရတယ်။ ရှားစောင်းအနှစ် တစ်ဇွန်း၊ နနွင်း လက်တစ်ဆိတ်စာလောက်၊ ပျားရည်တစ်ဇွန်း၊ နွားနို့တစ်ဇွန်းကိုရောမွှေပါ။ မျက်နှာနဲ့လည်ပင်းမှာ သုတ်လိမ်းပါ။ မိနစ် ၂၀လောက်ထားပြီး ကြက်သီးနွေးရေနဲ့မျက်နှာသစ်ပါ။ တစ်ပတ်နှစ်ကြိမ် လုပ်လို့ရပါတယ်။

    ရှားစောင်းအနှစ်က အသားအရေကို အားဖြည့်ပေးပြီး အနာအဆာမှန်သမျှ ကုစားပေးနိင်လို့ နုပျိုမှုရယ်၊ ဝင်းလက်မှုရယ်ပေးနိုင်တာသေချာပါတယ်။

    ၂။ မုန့်ဖုတ်ဆိုဒါ (Baking Soda)

    မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း၊extra virgin သံလွင်ဆီ တစ်ဇွန်း၊ ပျားရည်ဇွန်းတစ်ဝက်ကိုရောမွှေပါ။ မျက်နှာမှာလိမ်းပြီး စက်ဝိုင်းပုံသဏ္ဍာန်ခပ်ဖွဖွနှိပ်လိမ်းပါ။ ၁၀ မိနစ်ထားပြီးရေအေးနဲ့ မျက်နှာသစ်ပါ။ ဒီနည်းကိုတစ်ပတ်တစ်ကြိမ် လုပ်နိုင်ပါတယ်။

    မုန့်ဖုတ်ဆိုဒါက အရေပြားဆဲလ်သေတွကိုဖယ်ရှားပြီး အသားအရေကိုချောမွတ်စေတယ်၊ရောင်ရမ်းမှုတွေကို သက်သာစေတယ်ဆိုတော့ ဝက်ခြံရှိရင်တောင် ချပ်သွားပါလိမ့်မယ်။

    ၃။ သံပရိုသီး

    သံပရိုသီးအရည်နှစ်ဇွန်း၊ သကြားနှစ်ဇွန်းကိုရောမွှေပြီး မျက်နှာမှာလိမ်းပါ။ မျက်လုံးထဲတော့မဝင်စေနဲ့ပေါ့။ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပြီး ၁၀ မိနစ်ထားပါ။ ကြက်သီးနွေးရေနဲ့မျက်နှာသစ်ပါ။ တစ်ပတ်နှစ်ကြိမ်လုပ်နိုင်ပါတယ်။

    သကြားက ဆဲလ်သေတွေကိုဖယ်ရှားပေးတယ်။ သံပရိုသီးက အသားအရေကို သန့်စင်ပေးတယ်၊ချေးချွတ်ပေးတယ်၊နေလောင်တာတွေ သက်သာစေတယ်။ နှစ်မျိုးလုံးက အသားကိုဝင်းလက်တောက်ပစေတဲ့ အစွမ်းထက်ပစ္စည်းတွေပါ။

    ၄။ သင်္ဘောသီး

    သင်္ဘောသီးမှည့် သုံးလေးတုံး၊ စန္ဒကူးအမှုန့်တစ်ဇွန်း (မရှိလည်းရ)၊ပျားရည်တစ်ဇွန်းကို အနှစ်ဖြစ်တဲ့အထိရောမွှေပါ။ မျက်နှာ်နဲ့လည်ပင်းမှာ လိမ်းပြီး မိနစ် ၂၀ ထားပါ။ရေအေးနဲ့မျက်နှာသစ်ပါ။ တစ်ပတ်တစ်ကြိမ်လုပ်နိုင်ပါတယ်။

    သင်္ဘောသီးမှာ ဆဲလ်သေဖယ်ရှားနိုင်တဲ့papain အင်ဇိုင်းပါဝင်လို့ မျက်နှာပေါ်ကဆဲလ်သေတွေကို ညင်သာစွာဖယ်ရှားသန့်စင်ပေးနိုင်တယ်၊ အသားအရေကြည်လင်စေပြီး အရွယ်တင်နုပျိုစေတယ်။ ဝက်ခြံဖြစ်စေနိုင်တဲ့ အညစ်အကြေးတွေနဲ့အဆီတွေကိုလည်း သန့်စင်စေနိုင်တယ်။ ပျားရည်က သဘာဝmoisturizerဖြစ်လို့ အစိုဓါတ်ထိန်းပေးနိုင်တယ်၊ အသားအရေတင်းရင်းစေတယ်။

    ၅။ သခွားသီး

    သခွားသီး တစ်လုံး၊ ဒိန်ချဉ် နှစ်ဇွန်း သို့မဟုတ် သုံးဇွန်းကို ကြိတ်စက်နဲ့ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းမှာလိမ်းပါ။ ၅ မိနစ်လောက်ခြောက်အောင်ထားပြီးရေအေးနဲ့မျက်နှာသစ်ပါ။ ဒီနည်းကိုတော့ သုံးလေးရက်တစ်ကြိမ်လောက် လုပ်လို့ရပါတယ်။

    သခွားသီးက အသားကိုအေးမြစေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် အမည်းစက်တွေပျောက်ကင်းစေပြီး နုပျိုစေတယ်။ အသားဖြူစေတယ်။

    ၆။ နွားနို့

    နွားနို့နှစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ကုလားပဲစိမ်းမှုန့်တစ်ဇွန်းကို အနှစ်ဖြစ်အောင်ရောမွှေ၊ မျက်နှာနဲ့လည်ပင်းကို လိမ်းပါ။ မိနစ် ၂၀ ထားပြီးခြောက်ရင် ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်နှစ်ကြိမ်လုပ်ပါ။

    အသားအရေအတွက် အားဖြည့်ပေးတဲ့ အရင်တည်းကသုံးခဲ့ကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ကလီယိုပက်ထရာရဲ့ အလှအပထိန်းသိမ်းနည်းတွေမှာ အမြဲတမ်း ပျားရည်နဲ့နွားနို့ပါဝင်တယ်လို့ပြောကြပါတယ်။ နွားနို့အစိမ်းမှာပြည့်ဝဆီ၊ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ဗီတာမင်စီ တို့လို အသားအရေအတွက်ကောင်းတဲ့အရာတွေပါဝင်တယ်။ ပျားရည်မှာက အစိုဓါတ်ထိန်းပေးတဲ့အာနိသင်နဲ့ ဘက်တီးရီးယားသေစေတဲ့အစွမ်းတွေပါဝင်ပါတယ်။

    ၇။ ငှက်ပျောသီး

    ငှက်ပျောသီးမှည့်တစ်လုံး၊ နွားနို့နှစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာနဲ့လည်ပင်းကိုလိမ်းပါ။ ၁၅ မိနစ်ထားပြီး မျက်နှာသစ်ပါ။ရေခဲတုံးတစ်တုံးနဲ့ မျက်နှာအနှံ့ စက္ကန့်အနည်းငယ်ကြာအောင် ခဏပွတ်ပေးပါ။ တစ်ပတ်နှစ်ကြိမ်အထိ လုပ်လို့ရပါတယ်။

    ငှက်ပျောသီးက ဗီတာမင် အေ၊ ဘီ၊ စီ နဲ့ အီး တို့အပြင် ပိုတက်ဆီယမ်လို သတ္တုဓါတ်တွေကြွယ်ဝပြီး အသားအရေကိုရေဓါတ်ဖြည့်ပေးပါတယ်။ အသားအရေကို နူးညံ့စေပြီး ဝင်းလက်စေတယ်။

    နောက်ဆုံးတစ်ချက်ကတော့ ဘယ်နည်းပဲသုံးသုံး အစိုဓါတ်ထိန်းနိုင်ဖို့ Moisturizer သုံးဖို့တော့လိုပါတယ်။

    ထောင်သောင်းချီပြီးငွေမကုန်ရဘဲ ဒီနည်းလေးတွေနဲ့ Glowပြီး အရမ်းတွေလှသွားတယ်ဆို Hello ဆရာဝန်ကိုတော့ မမေ့နဲ့နော်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement