brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောရောင်ခြင်း (Hereditary Angioedema) အကြောင်းရင်း၊ လက္ခဏာ နဲ့ ကုသမှု

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောရောင်ခြင်း (Hereditary Angioedema) ဆိုတာ ကိုယ်ခံအားစနစ် ပြဿနာကြောင့် ဖြစ်ပေါ်တတ်တဲ့ အခြေအနေတစ်ခုပါ။ အရေပြားအောက်တွင် ရောင်ရမ်းခြင်းဖြစ်ပြီး ခန္ဓါကိုယ် နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။ မိသားစုမှာ မျိုးရိုးလိုက်တတ်ပြီး ရှားပါးတဲ့ရောဂါ ဖြစ်ပေမယ့် သင်နဲ့ သင့်မိသားစုကို ကာကွယ်ပေးနိုင်ရန်အတွက် အကြောင်းတရားတွေကို သိထားဖို့ လိုအပ်ပါတယ်။

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောရောင်ခြင်း (Hereditary Angioedema) အကြောင်းရင်း၊ လက္ခဏာ နဲ့ ကုသမှု

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောင်ရောင်ခြင်း (Hereditary Angioedema) ဖြစ်စေသော အကြောင်းရင်းများ

မျိုးရိုးလိုက် Angioedema ဆိုတာ အရေပြားမျက်နှာပြင်အောက်မှာ ရောင်ရမ်းခြင်း၊ ဖောခြင်းဖြစ်ပြီး ကိုယ်ခံအားစနစ်ကြောင့် ဖြစ်လာတတ်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်တယ်။ C1 inhibitor လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ထိန်းချုပ်တဲ့ ဗီဇမှာပြဿနာရှိတဲ့အခါ ထိုပရိုတင်း ပမာဏ မလုံလောက်ခြင်း၊ ဒါမှမဟုတ် အလုပ် ကောင်းကောင်း မလုပ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ထိုအခါသွေးကြောတွေကို ထိခိုက်လာတယ်။

မျိုးရိုးလိုက် Angioedema ဟာ ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဆိုးတတ်ပါတယ်။

မိသားစုထဲမှာ မျိုးရိုးလိုက်လေ့ရှိပြီး အမေ သို့မဟုတ် အဖေမှာ ထိုရောဂါရှိရင် သင့်မှာလည်း ထိုရောဂါ ဖြစ်ပွားနိုင်ချေ ၅၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါမှမဟုတ် သင့်မျိုးရိုးဗီဇမှာ အကြောင်းအရင်း သေချာမသိရဘဲ ပြောင်းလဲမှုတစ်ခုခု ဖြစ်သွားရင်လည်း ထိုရောဂါရနိုင်တယ်။

သွားနှုတ်ခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးမိခြင်း၊ ခွဲစိတ်မှု၊ စိတ်ဖိစီးမှု၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ဆေးကုသမှု တချို့ဟာ ထိုမျိုးရိုးလိုက် Angioedema ရဲ့ လက္ခဏာတွေပေါ်လာဖို့ အစပျိုးပေးတတ်ပါတယ်။

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောင်ရောင်ခြင်း (Hereditary Angioedema) ရဲ့လက္ခဏာများ

အများဆုံးတွေ့ရတတ်တဲ့ လက္ခဏာကတော့ ရောင်ရမ်းခြင်းဖြစ်တယ်။ ယားယံခြင်းတော့မရှိပါဘူး။

လက္ခဏာတွေဟာ လည်ချောင်း၊ လျှာ၊ နှုတ်ခမ်း၊ မျက်လုံး၊ လက်၊ လက်မောင်း၊ ခြေထောက်၊ အူ၊ မျိုးပွားအင်္ဂါလမ်းကြောင်းစသည်ဖြင့် ခန္ဓါကိုယ်အစိတ်အပိုင်း တော်တော်များများမှာ ဖြစ်ပေါ်လာတတ်တယ်။

  • လည်ချောင်းတွင်ရောင်ရမ်းခြင်း၊ ဖောခြင်းက အသက်ရှူလမ်းကြောင်းပိတ်စေပြီး အသက်ရှူရခက်ခဲစေနိုင်တယ်။
  • အူလမ်းကြောင်းရောင်ရမ်းခြင်းတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
  • မျက်နှာပေါ်မှာလည်း မယားယံတဲ့ အနီကွက်တွေအနေနဲ့ ပေါ်လာနိုင်တယ်။

ဒါပေမယ့် ရောင်ရမ်းခြင်းက ဦးဆုံးလက္ခဏာ မဟုတ်ဘဲ အခြားလက္ခဏာတွေလည်း အရင်တွေ့ကြုံရနိုင်ပါတယ်။

  • ကြွက်သားများနာကျင်ခြင်း
  • ဗိုက်နာခြင်း
  • ခေါင်းကိုက်ခြင်း
  • အရေပြားတွင်စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောင်ရောင်ခြင်း (Hereditary Angioedema) ကုသမှု

ရိုးရိုး Angioedema အတွက်ကုသမှုတွေက မျိုးရိုးလိုက် Angioedema အတွက်တော့ သိပ်အလုပ်မဖြစ်တတ်ပါဘူး။ အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတွေမှာတော့ epinephrine လို့ခေါ်တဲ့ ဆေးတစ်မျိုးသုံးနိုင်ပါတယ်။

မျိုးရိုးလိုက် Angioedema ရဲ့ လက္ခဏာတွေ တိုက်ခိုက်မှုတွေကို ကာကွယ်လျှော့ချဖို့ C1 esterase inhibitor ၊ berinert ၊ ruconest ၊ kalbitor နဲ့ firazyr စတဲ့ဆေးတွေ မှီဝဲရနိုင်တယ်။ အသက်အရွယ်နဲ့ လက္ခဏာဖြစ်ပေါ်ရာ နေရာပေါ်မူတည်ပြီး အရေပြားအောက် သို့မဟုတ် အကြောဆေးထိုးနိုင်ပါတယ်။

Danazol ကဲ့သို့ ဆေးမျိုးဟာလည်း C1 inhibitor ပရိုတင်းထုတ်ရာမှာ ကူညီနိုင်ဖို့သုံးနိုင်တယ်။ ဒါပေမယ့် ဆေးရဲ့ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်တဲ့ အမျိုးသမီးတွေနဲ ကလေးတွေမှာမသုံးသင့်ပါဘူး။

လက္ခဏာတွေ ပေါ်လာတဲ့အခါ ခံစားနေရတာကို သက်သာဖိုနဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ဖို့အတွက် ဆရာဝန်ဆီမှာ ကုသမှုခံယူနိုင်ပါတယ်။ တစ်ခါတလေ လက္ခဏာတွေ အစပျိုးစေနိုင်တဲ့ H pylori ဘက်တီးရီးယားကို တိုက်ဖို့ ပဋိဇီဝဆေးများလည်း မှီဝဲရနိုင်ပါတယ်။

မျိုးရိုးလိုက် Angioedema ဆိုတာ အရေပြားအောက်မှာ မကြာခဏဆိုသလို ရောင်ရမ်းတတ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ ဒါဟာပြင်းထန်ပြီး အသက်အန္တရာယ်ထိခိုက်သည်ထိဖြစ်နိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကူညီပေးနိုင်မယ့် ဆေးဝါးတွေရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
Written by Dr.Aye Myat Myat Noe · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။