backup og meta

မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

    အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက သိပ်ကိုအရေးကြီးတယ်နော်။ ဒီလိုမျိုး မိန်းမကိုယ်သန့်ရှင်းပြီး အနံ့အသက်ကင်းကင်းနဲ့ ကျန်းမာနေဖို့ဆိုရင် အတွင်းခံကို မှန်ကန်စွာ ဝတ်ဆင်တတ်ဖို့နဲ့ မိန်းမကိုယ်အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူတတ်ဖို့လည်း လိုပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

    မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

    မိန်းမကိုယ် ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ ဆိုတော့

    ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။

    မိန်းမကိုယ်က အမြဲလိုလို စိုစွတ်နေတတ်ပြီး ထိခိုက်ယားယံဖို့ လွယ်ကူလွန်းတာကြောင့် အတွင်းခံတွေကိုရွေးတဲ့အခါ ပါးလွှာပြီး ချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံတွေကိုရွေးချယ်သင့်ပါတယ်။ တစ်နေကုန် အပြင်သွားလာရလို့ အဲ့နေရာမှာ ချွေးတွေအရမ်းထွက်လာရင်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်။ နိုင်လွန်၊ စပန့်သားနဲ့ လုပ်ထားတဲ့ အတွင်းခံတွေကတော့ လေဝင်လေထွက်ရခက်သလို အပူကို အထဲမှာအောင်းထားသလို ဖြစ်စေတဲ့အတွက်ကြောင့် အရေပြား ပြဿနာဖြစ်လွယ်လို့ မရွေးချယ်သင့်ပါဘူး။

    အတွင်းခံတွေကိုပုံမှန်လဲပေးပါ။

    လိင်အင်္ဂါ တစ်ဝိုက်ဆိုတာ ကျန်တဲ့ နေရာတွေထက် ချွေးလည်း ပိုထွက်သလို ဘက်တီးရီးယားတွေလည်း ခိုနားရာနေရာဖြစ်တာကြောင့် အတွင်းခံတွေ ဝတ်ပြီးတာနဲ့ ချက်ချင်းလဲလိုက်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်ပဲသွားသွား ပြန်ရောက်ပြီ ဆိုတာနဲ့ ဝတ်ထားတဲ့ အတွင်းခံကို ချွတ်လဲပေးဖို့ မမေ့လိုက်ပါနဲ့။ ဝတ်ပြီးသား အတွင်းခံကို ပစ်ထားပြီး နောက်တစ်ကြိမ် ပြန်ဝတ်တာကိုတော့ မလုပ်သင့်ပါဘူး။

    ညဘက်တွေမှာ အတွင်းခံ ဝတ်ပြီး မအိပ်ပါနဲ့။

    တတ်နိုင်ရင် ညအိပ်တဲ့အခါ အတွင်းခံဝတ်ပြီး အိပ်တာကို ရှောင်သင့်ပါတယ်၊၊ အထူးသဖြင့် မိန်းမကိုယ်မှိုစွဲနေတဲ့ သူတွေဆိုရင်တော့ ညဘက်တွေကို အတွင်းခံနဲ့ မအိပ်သင့်ပါဘူး။ ညဘက်တွေမှာ ဘက်တီးရီးယားတွေ ပိုပွား များနိုင်တာကြောင့် အတွင်းခံ မပါဘဲ လွတ်လွတ်လပ်လပ်အိပ်တာက လေဝင်လေထွက်ကောင်းပြီး မိန်းမကိုယ် ချွေးပြန်တာ၊ စိုစွတ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်လို့ပါ။ မဖြစ်မနေဝတ်ရမှ ဖြစ်မယ်ဆိုရင် အတွင်းခံအစား ညဝတ်ဘောင်းဘီအပါးတွေ ရွေးဝတ်လို့ရပါတယ်။

    အတွင်းခံတွေကို လျှော်တဲ့အခါ ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့။

    တခြား အဝတ်အစားတွေလို မဟုတ်ဘဲ ထိခိုက်ယားယံလွယ်တဲ့ နေရာနဲ့ အမြဲ ထိကပ်နေရတာ ဖြစ်ပြီး ချွေးလည်း အရမ်း ထွက်တာကြောင့် အတွင်းခံ လျှော်တဲ့ဆပ်ပြာကို သေချာ ဂရုစိုက်သင့်ပါတယ်။ ဘက်တီးရီးယားပိုး သေစေပြီး ဓာတုဗေဒပစ္စည်းတွေလည်း သိပ်မပါသလို အမွှေးရနံ့ အရမ်းမပြင်းတဲ့ ဆပ်ပြာနဲ့ သေချာလျှော်ပေးရပါမယ်။

    အတွင်းခံကို အသစ်လဲပေးပါ။

    နေ့တိုင်းလိုလို ဝတ်ဆင်နေပြီး လိင်အင်္ဂါနဲ့ အမြဲထိတွေ့နေရတဲ့ အတွင်းခံဆိုတာ အကြာကြီး ဝတ်လို့ မကောင်းတဲ့ အရာပါ။ ဘယ်လောက်ကြာရင် တစ်ခါလဲရမလဲဆိုတာ အတိအကျ မရှိပေမယ့် တစ်နှစ်တစ်ကြိမ်လောက်တော့ အဟောင်းတွေကို လွှင့်ပစ်ပြီး အသစ် လဲသင့်ပါတယ်။ အထူးသဖြင့် အတွင်းခံတွေမှာ ဖားဥ စွဲပြီး အမည်းစက်တွေ ကပ်နေတာ၊ အရောင် ပြယ်သွားတာ၊ ဆွေးမြေ့ပြီး အပေါက်အပြဲ ဖြစ်နေတယ်ဆိုရင်တော့ ဆက်ပြီး မဝတ်ပါနဲ့တော့။

    အတွင်းခံ ဆိုတာလည်း အမျိုးသမီး တစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဆက်စပ် အကျိုးပြုနေတဲ့ အရာဖြစ်တာကြောင့် သေချာ ရွေးဝယ်ဖို့နဲ့ အမြဲလိုလို သန့်ရှင်းနေအောင် ဂရုစိုက်ဖို့တော့ လိုမယ်နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement