backup og meta

Vagina တစ်ခုရဲ့ ရှုပ်ထွေးသောဖွဲ့စည်းပုံ


Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Vagina တစ်ခုရဲ့ ရှုပ်ထွေးသောဖွဲ့စည်းပုံ

    Vagina တစ်ခုရဲ့ ရှုပ်ထွေးသောဖွဲ့စည်းပုံ

    Vagina ကြောင့် ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလသို့ရောက်တာလား၊ မိန်းမအင်္ဂါအစေ့ (Clitoris) ကြောင့် ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံးကာလသို့ ရောက်တာလား။ G-spot ကြောင့်လား။ Vulva လို့ခေါ်တဲ့ မိန်းမကိုယ်အဝ ကြောင့်လား။ အထက်ပါ အမျိုးသမီး လိင်အင်္ဂါ အစိတ်အပိုင်းတွေဟာ လိင်ကိစ္စနဲ့ မျိုးပွားခြင်းဆိုင်ရာမှာ အရေးပါတဲ့အင်္ဂါတွေဖြစ်ပြီး ဒီအင်္ဂါတွေရဲ့ အကြောင်းတွေကိုလည်း လူသိနည်းကြပါတယ်။

    အခုလိုတိုးတက်လာတဲ့ Digital ခေတ်ကြီးထဲမှာ လိင်မှုကိစ္စနဲ့ အမျိုးသမီး ခန္ဓာကိုယ်တွေရဲ့ ပုံရိပ်တွေကိုလူအများစု ပိုပြီးမြင်လာတွေ့လာကြပေမဲ့ လူတိုင်း တိတိကျကျ နားမလည်ကြပါဘူး။ လိင်မှုကိစ္စဟာ လူတွေကို ပျော်ရွှင်စေပြီး သံယောဇဉ်ကြိုးတွေ နှောင်ဖွဲ့ရာမှာ အရေးပါတဲ့ အရာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်တာကြောင့် ဒီလို ပျော်ရွှင်မှုတွေ လိုချင်တဲ့လူတွေ အားလုံးသိထားသင့်ပါတယ်။

    အခု ဒီဆောင်းပါးထဲမှာတော့ အမျိုးသမီးလိင်အင်္ဂါတွေရဲ့ ဖွဲ့စည်းပုံနဲ့ လိင်မှုကိစ္စ ခံစားမှုမှာ ဘယ်လိုအခန်းကဏ္ဍကပါဝင်နေလဲဆိုတာကို ရှင်းလင်းပေးသွားမှာပါ။ ဒီစာပိုဒ်ထဲမှာ Vagina (အမျိုးသမီးမွေးလမ်းကြောင်း)၊ Vulva (အမျိုးသမီးအင်္ဂါနှုတ်ခမ်းဝ) နဲ့ Clitoris(အမျိုးသမီး အင်္ဂါစေ့)နဲ့ အရှာရခက်တဲ့ G-spot တို့အကြောင်း ဖော်ပြသွားမှာပါ။

    Vagina (အမျိုးသမီးမွေးလမ်းကြောင်း) နဲ့Vulva (အမျိုးသမီးအင်္ဂါနှုတ်ခမ်းဝ)

    Vagina ဆိုတာ အမျိုးသမီးအင်္ဂါ နှုတ်ခမ်းဝ (Vulva) ကနေ သားအိမ်ရဲ့အောက်ပိုင်းဖြစ်တဲ့ သားအိမ်ခေါင်း (Cervix) ကိုဆက်သွယ်ပေးထားတဲ့ ကြွက်သားပြွန်ချောင်းတစ်ခုဖြစ်ပါတယ်။ Vagina ကို မွေးလမ်းကြောင်းပြွန်လို့လည်းခေါ်ပြီး Vagina ကနေ ဓမ္မတာလာချိန်မှာ သွေးနဲ့ ဆဲလ်များ စီးဆင်းပြီး လိင်မှုကိစ္စလုပ်ဆောင်ချိန်မှာ သုတ်ကောင်များကို ဖြတ်သန်းစေတဲ့ အပြင် ကလေးမွေးဖွားခြင်းနဲ့ အချင်းကျခြင်းတို့ဖြစ်ပွားရာ အင်္ဂါတစ်ခုဖြစ်ပါတယ်။ ကလေးမွေးဖွားရာမှာ ဖြစ်ပေါ်တဲ့ နာကျင်မှု နည်းပါးစေရန်အတွက် Vagina မှာ နာဗ်ကြောများ အနည်းငယ်သာရှိပါတယ်။

    ကျွန်တော်တို့ Vagina လို့ထင်နေတဲ့ အမျိုးသမီးလိင်အင်္ဂါ ပြင်ပ အစိတ်အပိုင်းတွေဟာ Vulva လို့ခေါ်ပြီး Vulva ထဲမှာ Labia majora လို့ခေါ်တဲ့ အပြင်ဘက်နှုတ်ခမ်းသားနဲ့ Labia minora လို့ခေါ်တဲ့ အတွင်းဘက်နှုတ်ခမ်းသား၊ ဆီးလမ်းကြောင်းနဲ့ အမျိုးသမီး အင်္ဂါအစေ့တို့ ပါဝင်ကြပါတယ်။ Vulva တစ်ခုချင်းစီရဲ့ ပုံစံနဲ့ အရွယ်အစားတွေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။

    အစ္စရေးလ်နိုင်ငံ ဘန်ဂူရီယွန် တက္ကသိုလ် Soroka ဆေးပညာ ဌာမှ သားဖွားမီးယပ် ပါမောက္ခဖြစ်သူ ဒေါက်တာ ဟိမ်ကရစ်စီ (Dr. Haim Krissi ) လေ့လာခဲ့တဲ့ လေ့လာချက်တစ်ခုမှာ အမျိုးသမီး ၃၂ ယောက်ကို လေ့လာခဲ့ပြီး အမျိုးသမီးများရဲ့ Vulva ရဲ့အကျယ်နဲ့ အလျားဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြကြောင်းကိုတွေ့ရှိခဲ့ပါတယ်။

    မိန်းမအင်္ဂါအစေ့ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ ရာဂတက်ကြွခြင်းရဲ့ မုခ်တံခါးဝ

    လူတော်တော်များများကတော့ အမျိုးသမီး အင်္ဂါအစေ့ဟာ အမျိုးသမီး မွေးလမ်းကြောင်း အထက်နားက အင်္ဂါအစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြတယ်လို့ ထင်ကြပေမဲ့ Clitoris ဟာ ထင်ထားတာထက် ရှုပ်ထွေးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ Clitoris မှာ အထင်ရှားဆုံးကတော့ ဝိုင်းဝန်းနေတဲ့ ထိပ်ဖျား လေးဖြစ်ပြီး ဒီထိပ်ဖျားဟာ အလျား ၁၆ မီလီလီတာ ခန့်ရှည်လျားကာ လူအများစုက ဒီအပိုင်းကိုပဲ သိကြတာ ဖြစ်ပါတယ်။

    ဒီထိပ်ဖျားဝိုင်းကို အမျိုးသမီး အင်္ဂါထိပ်ငုံအရေပြားဖြင့် ဖုံးထားပြီး ဆီးတံအရိုးရဲ့ အောက်မှာတော့ အမျိုးသမီး အင်္ဂါအစေ့ရဲ့ ကျန် အစိတ်အပိုင်းများ ရှိပါတယ်။ အမျိုးသမီး အင်္ဂါစေ့တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံဟာ အမျိုးသားလိင်အင်္ဂါတွေရဲ့ ဖွဲ့စည်းပုံနဲ တူညီပြီး စုစုပေါင်းအလျားကတော့ ၉ စင်တီမီတာကနေ ၁၁ စင်တီမီတာ အထိရှိနိုင်ပါတယ်။

    Clitoris ဟာ ထောင်မတ်နိုင်တဲ့ အင်္ဂါတစ်ခုဖြစ်ပြီး အမျိုးသမီးတွေ လိင်စိတ်ထကြွရာမှာ အရေးပါဆုံး နေရာတစ်ခု ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါ့အပြင် Clitoris ဟာ ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလရောက်ဖို့အတွက် အဓိက အကျဆုံးနေရာ တစ်ခုလည်း ဖြစ်ပါတယ်။ Clitoris တစ်ခုမှာ နာဗ်ကြောပေါင်းများစွာပါဝင်ပြီး Glans လို့ခေါ်တဲ့ Clitoris ရဲ့ ထိပ်ဖျားအဝိုင်းလေးမှာ နာဗ်ကြောများက ပိုသိပ်သည်းစွာ တည်ရှိနေပါတယ်။

    ဒီနာဗ်ကြောတွေက လှုံ့ဆော်ခံရတဲ့အခါမှာ Clitoris ရဲ့ ထောင်မတ်နိုင်တဲ့ တစ်ရှုးများကို အသုံးပြုပြီး တုံ့ပြန်ကြပါတယ်။ Clitoris ရဲ့ ထိပ်ဖျားအဝိုင်းလေးမှာ နာဗ်ကြောတွေ သိပ်သည်းစွာ ရှိနေတဲ့အတွက် သွယ်ဝိုက်လှုံ့ဆော်ခြင်းကသာ လိင်စိတ်ဆိုင်ရာ ခံစားမှုကို မြင့်တက်စေမှာ ဖြစ်ပြီး တိုက်ရိုက်လှုံ့ဆော်မယ်ဆိုရင်တော့ နာဗ်ကြောတွေ များလွန်းတဲ့အတွက် တုံ့ပြန်မှုပြင်းအားများနိုင်ပြီး နာကျင်နိုင်ပါတယ်။

    သို့ပေမဲ့ အမျိုးသမီး လိင်စိတ်ဆိုင်ရာ ခံစားမှုကို လှုံ့ဆော်နိုင်တာ Clitoris တစ်ခုတည်းမဟုတ်ဘဲ အမျိုးသမီး မွေးလမ်းကြောင်း အတွင်းမှာရှိတဲ့ G-spot ကလည်း Clitoris နည်းတူ လိင်စိတ်ကို လှုံ့ဆော်ပေးနိုင်တယ်လို့ လူအများသိထားကြပါတယ်။

    G-spot ဆိုတာ တကယ်ရှိလား။

    G-spot ဆိုတာ ဂျာမန်သားဖွားပညာရှင် Ernst Gräfenberg ကို ဂုဏ်ပြုပြီး Gräfenberg spot (G-spot) လို့မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ G-spot နဲ့ ပတ်သတ်ပြီး ကွဲပြားနေတဲ့ အမြင်တွေ အများအပြားရှိပြီး Gräfenberg ဟာ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ခံစားမှုကို တိုးမြှင့်ပေးနိုင်တဲ့ G-spot ကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီအစိတ်အပိုင်းကို သူ့နာမည်နဲ့ ဂုဏ်ပြုခြင်း ခံထားရတာဖြစ်ပါတယ်။

    ဒီအသုံးအနှုန်းကိုတော့ ဒေါက်တာ ဖရန့် အက်ဒီယာဂို (Dr. Frank Addiego) နဲ့ လုပ်ဖော်ကိုင်ဖက်များက G-Spot ဆိုတဲ့အသုံးအနှုန်းကို Ernst Gräfenberg အား ဂုဏ်ပြုပြီး ၁၉၈၁ ခုနှစ်က လေ့လာချက်တစ်ခုမှာ ပထမဆုံးစတင်သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ မီးယပ်နဲ့သားဖွားပညာရပ်ဆိုင်ရာ နိုင်ငံတကာ ဂျာနယ်မှ ဒေါက်တာ အဒမ် အော်စရန် စကီ (Dr. Adam Ostrenski) ကတော့ G-spot ဟာ အမျိုးသမီး မွေးလမ်းကြောင်းရဲ့ ရှေ့ဘက်နံရံက နာဗ်ကြောတွေ တစ်စုတစ်စည်းတည်းရှိနေတဲ့ နေရာဖြစ်တယ် လို့ဆိုပါတယ်။

    ဂျာမနီနိုင်ငံ ကိုလုံး ဆေးရုံတက္ကသိုလ်မှ ပါမောက္ခ Anastasios Mpotsaris ကတော့ MRI (Magnetic Resonance Imaging) ပုံရိပ်များကို အသုံးပြုပြီး G-spot ရဲ့ နေရာ အတိအကျကို လေ့လာခဲ့ရာမှာတော့ G-spot ဟာ အမျိုးသမီး အယောက် ၁၀၀ မှာ ၆၂ ယောက်ခန့်ပဲ တူညီတဲ့ တစ်နေရာတစ်နေရာတည်းမှာပဲ ရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ပြောရရင် G-spot ရဲ့ နေရာ အတိအကျကို ဘယ်ဆေးပညာရှင်ကမှ တစ်လုံးတစ်ဝတည်း သဘောမတူကြပါဘူး။ အီတလီနိုင်ငံ ဘိုလောဂ့်နာ ဆေးတက္ကသိုလ်မှ Dr. Vincenzo Puppo ကတော့ G-spot တည်ရှိကြောင်း သိပ္ပံနည်းအရရော ဆေးပညာအရရော သက်သေမပြနိုင်သေးဘူးလို့ သူ့လေ့လာချက်တစ်ခုမှာ ရေးသားခဲ့ပါတယ်။

    ဒါ့အပြင်သူက သူ့ရဲ့လေ့လာချက်ထဲမှာ “ G-spot နဲ့ပတ်သတ်ပြီး နောက်ပိုင်းမှာ ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံလာကြပါတယ်။ အဲ့ဒါတွေကတော့ G-spot ကို ချဲ့ထွင်ခြင်း၊ G-spot ကြီးမားအောင်ပြုလုပ်ထားခြင်း၊ G-shot လို့ခေါ်တဲ့ G-spot ရှိတယ်လို့ ယုံကြည်ရတဲ့ နေရာကို ကြီးမားလာအောင်၊ အထိအတွေ့ပိုကောင်းလာအောင် ခွဲစိတ်ပြုပြင်ခြင်းလုပ်ငန်းတွေ ကိုလုပ်လာကြပါတယ်။” လို့ဆိုခဲ့ပါတယ်။

    Dr. Vincenzo Puppo ရဲ့ G-spot မရှိကြောင်း အယူအဆကို Dr. Paulsကလည်း ဆေးပညာအရရော၊ ခန္ဓာဗေဒဆိုင်ရာ ဖွဲ့စည်းပုံအရရော မှန်ကန်ကြောင်းထောက်ခံခဲ့ပါတယ်။ ဒါကြောင့် G-spot ဆိုတာ လက်တွေ့ သက်သေမပြရသေးတဲ့အရာတစ်ခုအဖြစ်သာ ကျန်ရှိနေပြီး G-spot ကြောင့် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ခံစားမှု မြင့်တက်တယ်ဆိုတာကလည်း လူပြောများပြီး လျှို့ဝှက်တဲ့ အရာတစ်ခု အဖြစ်သာ ကျန်ရှိနေပါသေးတယ်။

    ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံးကာလ (Orgasm) ရောက်ရင် ဘာဖြစ်လဲ။

    အမျိုးသမီးတွေ Orgasm ရောက်ဖို့အတွက် အဓိကကျတဲ့ နေရာတွေနဲ့ ဘာကြောင့် ရောက်ရလဲဆိုတာ အခုချိန်ထိ ဆက်လက် ငြင်းခုံနေကြဆဲ အပိုင်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေ Orgasm ရောက်တဲ့ အချိန်ဆိုတာ သိသာပြီး ရှင်းလင်းပေမဲ့ ဆေးပညာရှင်တွေကတော့ အမျိုးသမီးတွေ orgasm ရောက်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အဓိကကျတဲ့နေရာတွေအကြောင်း အခုထိ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရ ကြည့်ရမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာ ခံစားမှုမြင့်တက်ခြင်းဟာရှင်းပါတယ်။

    Dr. Pauls ကတော့ “ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာခံစားမှု မြင့်တက်ခြင်းဟာ တင်ပါးဆုံပိုင်းမှာ သွေးစီးဆင်းမှု မြင့်တက်ခြင်းကြောင့် ဖြစ်ရတာပါ။ အမျိုးသမီးတွေမှာဆိုရင် ဒီ သွေးစီးဆင်းမှု မြင့်တက်ခြင်းက clitoris ကို ကြီးထွားထောင်မတ်စေလာပြီး အမျိုးသမီး အင်္ဂါအဝတွေ ကြီးလာကာ မွေးလမ်းကြောင်း ချောဆီထွက်စေပါတယ်။ အာရုံခံစားမှု အတိုင်းအတာ တစ်ခုရောက်မယ်ဆိုရင် လိင်ခံစားမှုဆိုင်ရာအထွတ်အထိပ် ရောက်ခြင်းဖြစ်နိုင်ပါတယ်။ နာမ်ကြောများက လိင်ပိုင်းဆိုင်ရာ ခံစားမှု အပြင်းဆုံး အချိန်ကို ရောက်တဲ့အခါ တင်ပါးဆုံပိုင်းက ကြွက်သားတွေကို ဖြစ်ညှစ်စေပြီး လိင်ပိုင်းဆိုင်ရာကျေနပ်မှုကို ရရှိစေပါတယ်” လို့သူမက ဆိုပါတယ်။

    ဒါကြောင့် ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလ ရောက်ရှိတယ်ဆိုတာ နာဗ်ကြောတွေရဲ့ အလိုအလျောက်တုံ့ပြန်မှုလို့ သတ်မှတ်ရမှာပါ။

    မွေးလမ်းကြောင်း အထွတ်အထိပ်ရောက်ခြင်းလား။ အမျိုးသမီး အင်္ဂါစေ့အထွတ်အထိပ်ရောက်ခြင်းလား။

    မွေးလမ်းကြောင်းကြောင့် ခံစားမှု အထွတ်အထိပ်ရောက်တာလား၊ အမျိုးသမီး အင်္ဂါစေ့ကြောင့် အထွတ်အထိပ်ရောက်တာလားဆိုတာလည်း အခုချိန်ထိ ဆွေးနွေးနေကြရဆဲ ခေါင်းစဉ်တစ်ခုပါ။

    Dr. Vincenzo Puppo ကတော့ မွေးလမ်းကြောင်းကြောင့် လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်ဆိုတာ မှားယွင်းနေတယ်လို့ဆိုခဲ့ပြီး မွေးလမ်းကြောင်းမှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်စေတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ မရှိဘူးလို့ဆိုပါတယ်။ မွေးလမ်းကြောင်းမှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်ဆိုတာ ဘေးနားက Clitoris ကြောင့် ရောက်တာ ဖြစ်တယ်လို့ သူ ကဆိုပါတယ်။ လက်ချောင်းများနဲ့ မိမိကိုယ်ကို အာသာဖြေခြင်းကြောင့် လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်ဆိုတာ အမျိုးသမီးများမှာ ဖြစ်နိုင်ပြီး အဖော်တစ်ယောက်နဲ့ဆိုရင် ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလ ရောက်ဖို့အတွက် Clitoris ကို လှုံ့ဆော်ပေးဖို့လိုတယ်လို့ သူကဆိုပါတယ်။

    တစ်ခြားတစ်ဖက်မှာ ဆေးပညာပါမောက္ခများက အမျိုးသားအင်္ဂါနဲ့ အမျိုးသမီး အင်္ဂါတို့ ထိတွေ့ဆက်ဆံခြင်းက ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံးကာလကို ရောက်စေနိုင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အမျိုးသမီး အင်္ဂါ အစိတ်အပိုင်းတွေဟာ တစ်ခုနဲ့ တစ်ခု နီးကပ်နေတဲ့အတွက် လိင်ဆက်ဆံချိန်မှာ Clitoris ကို ထိခြင်း၊ တုန်ခါခြင်းနဲ့ လှုံ့ဆော်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်အရာကြောင့် ခံစားမှု အထွတ်အထိပ်ရောက်လဲဆိုတာ ပြောရခက်ပါတယ်။ အမျိုးသမီးတွေ တစ်ယောက်နဲ့ တစ်ယောက်လိင်ခံစားမှုဆိုင်ရာ အထွတ်အထိပ်ရောက်တယ်ဆိုတာကလည်း မတူကြပါဘူး။ လတ်တလောမှာ လေ့လာခဲ့တဲ့ လေ့လာချက်အရ အမျိုးသမီး ၆ ရာခိုင်နှုန်းကသာ

    လိင်ဆက်ဆံချိန်တိုင်း ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလကိုရောက်ကြတယ်လို့ ဆိုထားပါတယ်။ လိင်ပိုင်းဆိုင်ရာ ခံစားမှုရရှိတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ Clitoris ကြောင့် ခံစားမှုအထွတ်အထိပ်ရောက်တာပဲဖြစ်ဖြစ်၊ တစ်ခြားလမ်းကြောင်းတွေကြောင့် အထွတ်အထိပ်ရောက်တာပဲ ဖြစ်ဖြစ် လိင်ခံစားမှုကို တိုင်းတာဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တိုင်ပါဝင်ပတ်သတ်ခဲ့သူတွေရဲ့ အတွေ့အကြုံအရပဲ တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement