backup og meta

အမျိုးသမီးတွေ ဆီးခုံမောက် တာ ဘာကြောင့်လဲ။

အမျိုးသမီးတွေ ဆီးခုံမောက် တာ ဘာကြောင့်လဲ။

ဆီးခုံမောက် တယ်၊ လူက ပိန်ပိန်လေးနဲ့ ဆီးခုံကျမှ ဘာလို့ လာမောက်နေတာလဲ မသိဘူး။ အောက်ပိုင်းလေးပဲ ကွက်ပြီး ဖောင်းနေတာ ကိုယ်ကျပ်တွေ ဝတ်ရင် ကြည့်ရဆိုးလိုက်တာ စသဖြင့် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှမဖြစ်တောင် ဒီလိုလေး ဖောင်းနေရင် အပျိုမှ စစ်ရဲ့လား၊ လိင်စိတ်ပြင်းပြတဲ့ သူမျိုးလား စသဖြင့် စွပ်စွပ်စွဲစွဲတွေ အပြောခံရပါတယ်။

အမျိုးသမီးတွေရဲ့ ဆီးခုံဖွဲ့စည်းပုံ

အမျိုးသမီးတွေက ကလေးမွေးရမှာ ဖြစ်လို့ သဘာဝအရ အမျိုးသားတွေထက် တင်ပဆုံရိုးကွင်း ပိုကြီးပါတယ်။ တင်ပိုကားပါတယ်။ ဆီးခုံရိုးဆက်ထားတဲ့ နေရာကလည်း ကလေးမွေးရင် ကလေးထွက်နိုင်အောင် ချဲ့ပေးရမှာဖြစ်လို့ အနည်းငယ်ပိုကျယ်ပါတယ်။ ဒါကြောင့် ဆီးခုံရိုးက နည်းနည်း ပိုသိသာပါတယ်။

ဒါပေမယ့် ဆီးခုံမောက်တဲ့ပြဿနာကတော့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။

ဆီးခုံမောက် တဲ့ နေရာက

ဆီးခုံရဲ့ အပေါ် (မြင်အောင် ပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာ)ကို mons pubis လို့ ခေါ်ပါတယ်။ အဆီတစ်ရှူးများတဲ့ နေရာပေါ့။ လူတိုင်းမှာ ရှိပေမယ့် အဆီပမာဏ သိပ်မများတဲ့အခါ မသိသာပါဘူး။ ပမာဏ များခဲ့ရင်တော့ သတိထားမိလာပြီး အဝတ်အစားအကျပ်တွေ  (ဥပမာ အသားကပ်ဘောင်းဘီ၊ ဂျင်းအကျပ်၊ ရေကူးဝတ်စုံ) ဝတ်တဲ့အခါ ဖုဖောင်းနေတတ်ပါတယ်။ ကံကောင်းတာက ဒါကို ခွဲစိတ်ပြုပြင်လို့ရပါတယ်။

ဘာလို့ အဆီတွေ များနေရတာလဲ။

ဒီနေရာမှာ ကွက်ပြီး အဆီများနေတာက ကြီးကြီးကျယ်ကျယ်ပြောရရင် မွေးရာပါ ကိစ္စပါတဲ့။ ပိန်ခြင်း၊ ဝခြင်းနဲ့လည်း မဆိုင်ပါဘူး။ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူ၊ နောက်ဆုံး ကိုယ်အလေးချိန်မပြည့်ဘဲ ပိန်နေတဲ့သူတောင် ဒီနေရာလေးပဲ ကွက်ပြီး အဆီများနေနိုင်ပါတယ်။ မျိုးဗီဇကြောင့် ဒီတစ်နေရာထဲမှာ အဆီတွေ စုနေတဲ့ သဘောပါပဲ။

ဆီးခုံမှာ အဆီများတဲ့ သူတိုင်းက ဝနေတာ မဟုတ်ပေမယ့် ဝနေတဲ့ သူရဲ့ ဆီးခုံမှာ အဆီတွေ များပြီး ဖောင်းနေတတ်ပါတယ်။ ဆိုလိုတာက တစ်ကိုယ်လုံး ဝနေမှတော့ ဆီးခုံတစ်နေရာပဲ ကွက်ပြီး အဆီမရှိတာ မဖြစ်နိုင်ပါဘူး။ ဆီးခုံအရေပြားကလည်း ပျော့တွဲကျနေနိုင်ပါတယ်။ ဒါကတော့ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ဝမ်းဗိုက်ချပ်ရပ်အောင် ခွဲစိတ်ပြုပြင်လိုက်မယ်ဆိုရင်လည်း ဗိုက်ကချပ်ပြီး ဆီးခုံကပိုပြီး ပေါ်လာနိုင်ပါတယ်။ ဆီးခုံမှာ အဆီပိုရှိနေလို့ မဟုတ်ဘဲ ဗိုက်ချပ်သွားတာကြောင့် ပိုသိသာသွားတဲ့ သဘောပါ။

ဝမ်းဗိုက်က အဆီတွေကို liposuction နည်းနဲ့ စုပ်ထုတ်ပြီးကာစဆိုရင်လည်း ဝမ်းဗိုက်ထဲက အရည်တွေ ဆီးခုံကို ရောက်လာတတ်လို့ ယာယီဖောင်းနေတတ်ပါတယ်။

များသောအားဖြင့်တော့ ခုနကလိုမျိုး ဝမ်းဗိုက်ကို ချပ်ရပ်အောင် ခွဲစိတ်အပြီးမှာ သတိထားမိတာ ပိုများပါတယ်။ ဆီးခုံက အဆီများနေလို့ မဟုတ်ဘဲ ဗိုက်ချပ်သွားလို့ အဆီများသယောင်ယောင် ထင်မိတာပေါ့။

ဆီးခုံမောက် နေတာကို ဘယ်လို ပြုပြင်မလဲ။

နည်းလမ်းတွေ အများကြီးရှီပြီး အများစုက ခွဲစိတ်ကုသမှု နည်းလမ်းတွေပါ။
  • Liposuction (အဆီစုပ်ထုပ်တာ)

ဝမ်းဗိုက်က အဆီတွေ စုပ်ထုပ်သလို ဆီးခုံက အဆီတွေကိုလည်း စုပ်ထုပ်လို့ရပါတယ်။ ထုံဆေးနဲ့ စုပ်ထုပ်တာပါ။ နဂိုအရေပြားတင်းတဲ့သူဆိုရင် ပိုပြီးကောင်းပါတယ်။ အရေပြားလျော့တွဲနေတဲ့သူဆိုရင်တော့ အဆီတွေ မရှိရင် ပိုပြီး လျော့ရဲလာတတ်ပါတယ်။

  • Monsplasty

အဆီစုပ်ထုပ်တာနဲ့ မလုံလောက်ဘူးဆိုရင် ဆီးခုံကို ပင့်တင်တဲ့ နည်းလမ်း monsplastyဆိုတာ ရှိပါသေးတယ်။ Monsplastyမှာတော့ အဆီပိုတွေအပြင် လျော့ရဲနေတဲ့ အရေပြားကိုပါ ပြန်ပြီး ပြုပြင်ပေးနိုင်တာကြောင့် တင်းတင်းရင်းရင်းဖြစ်စေပါတယ်။ အားသာချက်က ကိုယ်ဝန်ဆောင် ကလေးမွေးပြီးလို့ဖြစ်ဖြစ်၊ အသက်ကြီးလာလို့ ဖြစ်ဖြစ် ဆီးခုံက အရေပြားတွေ လျော့ရဲလာတာကိုလည်း ခွဲစိတ်ပြုပြင်လို့ရပါတယ်။

  • အမျိုးသားများလည်း ခွဲစိတ်ကြပါသတဲ့။

ဆီးခုံမောက် တာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေက အဓိက စိတ်အနှောင့်အယှက်ဖြစ်ကြပေမယ့် အမျိုးသားတွေကိုလည်း ချန်ထားလို့မရပါဘူး။ သူတို့ကျတော့ ဆီးခုံမှာ အဆီများပြီး မောက်လာတာနဲ့အမျှ လိင်တံကို ကွယ်သွားလို့ လိင်တံသေးတယ်လို့ ခံစားရလို့ပါတဲ့။ ဒါကြောင့် ခွဲစိတ်ကြပါသတဲ့။ သူတို့တွေလည်း အဆီစုပ်ထုပ်တဲ့နည်း၊ ဆီးခုံပင့်တင်နဲ့နည်းနဲ့ ခွဲစိတ်နိုင်ပါတယ်။

ခွဲစိတ်ပြီးနောက်

ဒါတွေကလည်း တခြားခွဲစိတ်မှုတွေလိုပဲ တစ်ရှူးရောင်စေတဲ့အတွက် ခွဲစိတ်ပြီးစမှာ အမျိုးသမီးဆို မိန်းမကိုယ် နှုတ်ခမ်းသား၊ အမျိုးသားဆို ကပ္ပာယ်အိတ် ဖောင်းနေတတ်ပါတယ်။ ဒါက ယာယီပါပဲ။ ၆ပတ်လောက်ထိကြာတတ်ပါတယ်။ ၃-၄လလောက်ဆိုရင်တော့ အဆင်ပြေသွားပါပြီ။

ခွဲထားတဲ့နေရာမှာ အညိုအမည်းစွဲတာမျိုးလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ၂ပတ် ၃ပတ်လောက်ဆို သက်သာသွားလို့ မစိုးရိမ်ရပါဘူး။

တခြား ခွဲစိတ်ပြီး နောက်ဆက်တွဲအနေနဲ့ အနာကောင်းကောင်း မကျက်တာ၊ ပိုးဝင်တာ၊ အနာကွဲတာ စတာတွေ ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ အနာကို ကောင်းကောင်း ဂရုမစိုက်နိုင်ရင်တော့ ဖြစ်လာနိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.verywellhealth.com/mons-surgery-2709827

https://www.express.co.uk/life-style/style/559125/Pubic-bone-mons-pubis-big-women-hate-body-part

 

ယခုပုံစံ

20/12/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Pubic Lice (ဆီးခုံသန်းများ )

အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement