အဓိပ္ပါယ်ဖွင့်ဆိုချက်
ဆီးသွားလျှင်နာကျင်ခြင်း (သို့မဟုတ်) ဆီးအောင့်ခြင်း ၊ ဆီးကျင်ခြင်းသည် အဖြစ်များသော ရောဂါဖြစ်ပြီး လူနာများသည် ဆီးသွားသောအခါ မသက်မသာဖြစ်၍ နာကျင်ခြင်းကို ခံစားရသည်။
ခံစားရလေ့ရှိသူများ
ဆီးသွားလျှင်နာကျင်ခြင်းကိုမည်သူတို့ကခံစားရလေ့ရှိသနည်း
အမျိုးသားများနှင့်ယှဉ်လျှင် အမျိုးသမီးများက ပို၍ဖြစ်နိုင်ချေရှိသည်။ အမျိုးသားများ အနေဖြင့်လည်း အသက်ကြီးသူများက အသက်ငယ်သူများ ထက်ပို၍ အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များ ၊ ဆီးချိုဝေဒနာရှင်များနှင့် ဆီးအိမ်ရောဂါရှိသူများသည် ဆီးသွားလျှင် နာကျင်ခြင်းကို အခံစားရဆုံးသူများဖြစ်ကြသည်။
လက္ခဏာများ
ဆီးသွားလျှင်နာကျင်ခြင်း၏လက္ခဏာများ
ရောဂါဖြစ်သူ အမျိုးသားရော အမျိုးသမီးများပါ ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း ၊ နာကျင်ခြင်း ၊ ယားယံခြင်းတို့ကို ခံစားရလေ့ရှိသည်။ အချို့သူများတွင် ဆီးစွန့်ရာထွက်ပေါက်မှ နာကျင်မှုမျိုးလည်း ရှိတတ်သည်။ အချို့တွင်မူ ခန္ဓါကိုယ် အတွင်းပိုင်းနှင့် ဆီးအိမ် ၊ ဆီးကျိတ်တို့ တည်ရှိရာ နေရာတွင် နာကျင်တတ်သည်။ ရောဂါဖြစ်ပွားစဉ် ကာလတွင် လူနာသည် ဆီးခဏခဏ သွားလိုခြင်းကိုပါ ခံစားရသည်။
ဖြစ်ပွားနိုင်ချေမြင့်မားစေသောအကြောင်းရင်းများ
ဆီးသွားလျှင်နာကျင်ရခြင်း၏အကြောင်းအရင်းများ
ဆီးကျင်ခြင်း ၊ ဆီးအောင့်ခြင်းသည် အချို့သော ရောဂါများနှင့် ဆီးလမ်းကြောင်း ပြင်ပမှ အကြောင်းအချက်များကြောင့် အောက်ပါအတိုင်း ဖြစ်ပွားရသည်။
- ဆီးအိမ်တွင် ကျောက်တည်ခြင်း
- ဆီးကိုကုန်အောင် မသွားနိုင်သောအခါ ဆီးအိမ်ထဲတွင် အနည်အမှုန်များ စုပုံပြီး ကျောက်တည် လာတတ်သည်။ ထိုကျောက်များက ဆီးလမ်းကြောင်းကို ပိတ်ဆို့၍ ဆီးကျင်ခြင်းကို ခံစားရသည်။
- ဆီးအိမ်ရောင်ရမ်းခြင်း
- ဆီးစွန့်ပြွန်မှတစ်ဆင့် ဘတ်တီးရီးယား ပိုးများဝင်ရောက်ပြီး ဆီးအိမ် ရောင်ရမ်းခြင်းကို ဖြစ်စေသည်။
- ဆီးကျိတ်ရောင်ခြင်း
- အမျိုးသားများတွင် ဆီးကျိတ်ကို ရောဂါပိုးဝင်၍ ရောင်ရမ်းခြင်း ဖြစ်ပွားပြီး နာကျင်ခြင်းနှင့် ဆီးပေါက်ရခက်ခြင်းကို ခံစားရသည်။
- မိန်းမကိုယ်ရောင်ရမ်းခြင်း
- သဘာဝအတိုင်း ညီမျှနေသော မိန်းမကိုယ်ရှိ အဏုဇီ၀ ပိုးလေးများတွင် အပြောင်းအလဲ ဖြစ်သောအခါ မိန်းမကိုယ်ရောင်ရမ်းပြီး အဖြူဆင်းခြင်း ၊ ယားယံခြင်း ၊ ဆီးအောင့်ခြင်းကို ခံစားရသည်။
- ဆီးစွန့်ပြွန်ရောင်ခြင်း
- ဆီးအိမ်မှ ခန္ဓါကိုယ်အပြင်သို့ ဆီးစွန့်သည့် ပြွန်လမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်သည်။
- ကျေက်ကပ်ရောဂါပိုးဝင်ခြင်း
- ဆီးလမ်းကြောင်းသို့ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်သည်။
- ကျောက်ကပ်တွင် ကျောက်တည်ခြင်း – ကျောက်ကပ်အတွင်း ဆားအမှုန်အမွှားများနှင့် အနည်များ စုပုံပြီးမာကျောသည့် ကျောက်များ ဖြစ်ပေါ်လာသည်။ ထိုကျောက်များက ကျောက်ကပ်ကို ထိခိုက်စေပြီး ဆီးသွားလျှင် နာကျင်၍ ဆီးထဲတွင် သွေးပါခြင်းလည်း ဖြစ်တတ်သည်။
- လိင်ဆက်ဆံရာမှ ကူးစက်သောရောဂါများ- ကလိုင်မိုင်ဒီးယားရောဂါ ၊ ဆီးပူညောင်းကျရောဂါနှင့် လိင်အင်္ဂါရေယုန်တို့ ဖြစ်ကြသည်။ လူနာသည် နာကျင်ခြင်း ၊ ယားယံခြင်း ၊ ဆီးပူခြင်းနှင့် လိင်အင်္ဂါ တစ်ဝိုက်အနာပေါက်ခြင်း ၊ အရေကြည်ဖုများ ထခြင်းနှင့် ပြည်ထွက်ခြင်းတို့ ခံစားရသည်။
- ဆီးလမ်းကြောင်းတွင် သာမန်အဖုအကျိတ်များနှင့် ကင်ဆာအကျိတ်များ ဖြစ်ပေါ်ခြင်း။
- ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးကို ခံစားရခြင်း
- မိန်းမကိုယ်နှင့် ဓါတ်မတည့်ခြင်း
- အချို့သော ရေချိုးဆပ်ပြာများ ၊ ရေချိုးအဆီများ ၊ သန့်စင်ခန်းသုံးစက္ကူ နှင့် ရေမြှုပ်များ ၊ ဖော့များ ၊ သန္ဓေတားဆေးများသည်လည်း ပါဝင်သည်။
မည်သည့်အခါတွင်ဆရာဝန်နှင့်ပြသရမည်လဲ
အောက်ပါလက္ခဏာများခံစားရလျှင်ဆရာဝန်နှင့်ပြသရမည်။
- ဆီးကျင်ခြင်းကိုတစ်ရက်ထက်ပို၍ခံစားရခြင်း၊
- ဆီးထဲတွင်သွေးပါခြင်း၊
- ကိုယ်ဝန်ဆောင်စဉ်ဆီးအောင့်ခြင်း၊
- ဆီးကျောက်များထွက်ကျခြင်း၊
- မိန်းမကိုယ်နှင့်အမျိုးသားလိင်အင်္ဂါ (လိင်တံ) မှပြည်ထွက်ခြင်းတို့ဖြစ်သည်။
ကုသမှု
ဆီးအောင့်ခြင်းကိုရောဂါရှာခြင်းနှင့်ကုသပုံ
ဆီးအောင့်သော လူနာကို ဆရာဝန်ကရောဂါ ရာဇဝင်မေးခြင်း ၊ ယခင်ဖြစ်ဖူးသော ရောဂါလက္ခဏာများနှင့် လိင်ဆက်ဆံသည့် အမူအကျင့်တို့ကို မေးခြင်းတို့ပြုလုပ်ပြီး လိုအပ်ပါကဆီးကိုစစ်ဆေးခြင်း ၊ ဆီးအိမ်နှင့် ဆီးကျိတ်တို့ကို စစ်ဆေးခြင်းတို့ ပြုလုပ်ပေမည်။ ရောဂါဖြစ်ရသော အကြောင်းအရင်းကို လိုက်၍ လိုအပ်သော ကုသမှုပေးပါမည်။ အိမ်တွင် သင်ကိုယ်တိုင်က ရေများများ သောက်ခြင်းနှင့် အချို့သောဆေးဝါးများ မှီဝဲခြင်းဖြင့်လည်းယားယံခြင်း ၊ အနေရခက်ခြင်း ၊ ပူစပ်ပူလောင်ဖြစ်ခြင်းတို့ကို သက်သာ လျော့ပါးစေနိုင် ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]