backup og meta

Matte lipsticks အလွန်အကျွံသုံးရင် ဘာတွေဆိုးကျိုးရှိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Matte lipsticks အလွန်အကျွံသုံးရင် ဘာတွေဆိုးကျိုးရှိနိုင်မလဲ

    အလှမကြိုက်တတ်တဲ့ မိန်းကလေးဆိုတာ သိပ်မရှိလောက်ပါဘူး။ မိန်းကလေးတိုင်းလိုလိုက အလှအပကိုမြတ်နိုးတတ်ကြပါတယ်။ ယနေ့ခေတ်မှာဆိုရင် အလှအပအတွက် အလှကုန်ပစ္စည်းတွေက အမျိုးအစားတွေစုံလင်လွန်းလှပြီးမြင်မြင်သမျှလိုချင်စရာတွေပါပဲ။ အလှအပခြယ်သမှုတွေထဲမှာလည်း မိန်းကလေးတစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ အချို့က မျက်လုံးအလှကိုပိုမိုပေါ်လွင်အောင်လုပ်ရတာကိုကြိုက်သလို အချို့ကလည်း နှုတ်ခမ်းသားလေးတွေကိုလှပအောင်ပြင်ဆင်ရတာကို နှစ်သက်ပါတယ်။ နှုတ်ခမ်းနီဆိုးလိုက်မှ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရသွားတယ်ဆိုတဲ့လေဒီတွေတောင်ရှိကြပါတယ်။ ဒီတစ်ခါတော့နှုတ်ခမ်းနီကြိုက်တဲ့ပျိုမေတွေအတွက် သတိထားစရာအချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

    နှုတ်ခမ်းသားက ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းက အရေပြားတွေနဲ့မတူဘဲmucous membraneတွေနဲ့ အဓိကဖွဲ့စည်းတားပြီးတော်တော့်ကို နူးညံ့တဲ့အစိတ်အပိုင်းပါ။ နှုတ်ခမ်းရဲ့ အပေါ်ယံအလွှာက တော်တော်လေး ပါးလွှာပါတယ်။ နှုတ်ခမ်းရဲ့အပေါ်ယံလွှာမှာလူးထားတဲ့ အစိုဓါတ်ကလည်း ခပ်မြန်မြန်နဲ့ကို ခြောက်သွားတတ်ပါတယ်။ နှုတ်ခမ်းသားရဲ့ သဘာဝကိုကအခြောက်မြန်တာပါ။

    အခြားအရေပြားတွေလိုပဲ နှုတ်ခမ်းသား ကိုလည်းစောင့်ရှောက်မှုတွေပေးဖို့လိုပါလိမ့်တယ်။ ယနေ့ခတ်မှာ နှုတ်ခမ်းနီ တွေကလည်း အမျိုးအစားစုံလင်လှတာကြောင့် နှုတ်ခမ်းလှလှလေးဖြစ်ချင်တဲ့ ပျိုမေလေးတွေက နှုတ်ခမ်းနီတွေကို အမျိုးမျိုးပြောင်းဆိုးမိနေမယ်ထင်ပါတယ်။ အခုနောက်ပိုင်းပျိုမေတွေကြားမှာခေတ်စားလာတာက ဆိုးလိုက်တဲ့အခါ နှုတ်ခမ်းကပိုကြီးပြီး ပိုလှတယ်လို့ထင်ရစေတဲ့ matte အမျိုးအစားနှုတ်ခမ်းနီတွေပါ။ matte နှုတ်ခမ်းနီက ဆိုးထားရင် လှတယ်လို့ ခံစားရပေမယ့် နှုတ်ခမ်းသားကိုခြောက်သွေ့စေတဲ့အပြင် ကွဲအက်တာမျိုး၊ အပေါ်ယံ အရေပြား ကွာကျတာနဲ့၊ နှုတ်သားဓါတ်မတည့်တာမျိုးတွေအထိ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့လေဒီတွေ သိပ်မသိလောက်ဘူးထင်ပါတယ်။

    အခုလိုဆောင်းရာသီလို ပုံမှန်ထက်အသားပိုခြောက်တဲ့ရာသီမှာ matte ဆိုးမယ်ဆိုရင် အတော်လေးကို ဘေးထွက်ဆိုးကျိုး များပါတယ်။ ပုံမှန်အတိုင်း နည်းစနစ်မှန်မှန်နဲ့ matte ဆိုးမယ်ဆိုရင်တောင်မှာ နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရတာ၊ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုး လိမ်းရတာမျိုး နဲ့ lip gloss လိုမျိုးနောက်ထပ်နှုတ်ခမ်းနီတစ်မျိုး ထပ်ဆိုးရတာ အပြင် အခြားထိန်းသိမ်းစောင့်ရှောက်မှုလေးတွေလုပ်ပေးရတာမျိုးရှိပါတယ်။

    နှုတ်ခမ်းသားကိုအောက်ပါအလေ့အကျင့်တွေက ထိခိုက်စေနိုင်ပါတယ်။

    • နှုတ်ခမ်းသားထိန်းသိမ်းမှု မလုပ်တာ
    • နေရောင်နဲ့ထိတွေ့တာ
    • နှုတ်ခမ်းနီခဏခဏဆိုးတာ
    • ရာသီဥတုအခြေအနေ
    • အစိုဓါတ်မပါတဲ့နှုတ်ခမ်းနီဆိုးတာ
    • SPF မပါတဲ့နှုတ်ခမ်းနီဆိုးတာ
    • နှုတ်ခမ်းနီမဖျက်ဘဲ ညအိပ်ရာဝင်တာ
    • အစိုဓါတ်ထိန်းပေးတာနဲ့ အဆီမပါတဲ့ matte နှုတ်ခမ်းနီတွေ အမြဲဆိုးထားတာ
    • နှုတ်ခမ်းသားအတွက်ထုတ်ထားတဲ့ primer နဲ့နေလောင်ကာခရင်မ်တွေ မသုံးမိတာ
    • နှုတ်ခမ်းနီကို အချိန်အကြာကြီးဆိုးထားတာ
    • ဆေးလိပ်နဲ့အရက်တွေသောက်တာ
    • အပူအစပ်တွေ အရမ်းစားတာ
    • ရေလုံလောက်အောင်မသောက်တာ တွေပါ။

    ပင်ကိုယ်ကကို ခြောက်သွေ့လွယ်တဲ့ နှုတ်ခမ်းသားပေါ်မှာ matte ဆိုးရင်ဘာတွေဖြစ်လာနိုင်သလဲ

    matte နှုတ်ခမ်းနီက နှုတ်ခမ်းမှာ အဆီပြန်တာမျိုး ကွက်တာမျိုး မရှိစေဘဲခြောက်ခြောက်သွေ့သွေ့နဲ့ လှပစေတာ ကြောင့်လေဒီတိုင်းရဲ့နှုတ်ခမ်းမှာ ပြောင်းလဲနေရာယူလာနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် matte ဆိုးတဲ့အခါ အပေါ်မှာ ပြောခဲ့သလို နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာ၊ အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးရတာ၊ နေလောင်ကာခရင်မ်နဲ့ အဆီဓါတ်ပါဝင်တဲ့ primer တစ်ခုခုသုံးပေးပြီးမှ ဆိုးမှသာ နှုတ်ခမ်းကိုထိခိုက်မှု မရှိစေဘဲလှပမှာပါ။နောက်တဆင့်အနေနဲ့က matte ဆိုးပြီးရင် Lip gloss တစ်ခုခုအပေါ်ကထပ်ဆိုးပေးဖို့လိုသလို နှုတ်ခမ်းတဝိုက်ကို concealer သုံးပေးရတာနဲ့ နှုတ်ခမ်းအနားသတ်ကို အရောင်ရင့်ရင့်တစ်မျိုးနဲ့ ဆွဲပေးရတာမျိုးတွေ လုပ်ပေးဖို့လိုပါတယ်။ ဒီလိုမှမလုပ်ဘူးဆိုရင် အစိုဓါတ်ပါဝင်မှုမရှိတဲ့ matte နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသား ခြောက်သွေ့တာ၊ နှုတ်ခမ်းအပေါ်ယံအရေပြားကွာကျတာ၊ နှုတ်ခမ်းကွဲတာ၊ နှုတ်ခမ်းသားအရောင်မွဲခြောက်တာ၊ နှုတ်ခမ်းသားကွဲတာကနေတဆင့် ပိုးဝင်တာ၊ နှုတ်ခမ်းသား ဓါတ်မတည့်မှုကြောင့်ရောင်ရမ်းတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဆီနဲ့အစိုဓါတ်ထိန်းပေးတဲ့ matte မျိုးအသုံးပြုပေးမယ်ဆိုရင်တော့ နှုတ်ခမ်းသားထိခိုက်မှုကိုနည်းစေမှာပါ။

    ခုလိုမျိုးဆောင်းရာသီမှာ နှုတ်ခမ်းသားထိခိုက်မှုနည်းစေဖို့အတွက်က အဆီနည်းနည်းလောက်ပါတဲ့ နှုတ်ခမ်းနီမျိုး ကိုသုံးပေးဖို့တော့ လိုမှာပါ။ နှုတ်ခမ်းနီကလည်း အမျိုးသမီးတွေရဲ့ အလှကိုပိုမိုပေါ်လွင်စေတဲ့ အလှကုန်တစ်မျိုးပါ။ မျက်နှာတစ်ခုလုံး ပြင်ဆင်ခြယ်သထားပေးမယ့် နှုတ်ခမ်းနီမဆိုးထား ရင်လည်းကြည့်လို့မလှပါဘူး။ နှုတ်ခမ်းနီလေးဆိုးလိုက်မှပြီးပြည့်စုံတဲ့အလှကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးဖြစ်ရတာဂုဏ်ယူစရာကောင်းတဲ့အချက်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့နှုတ်ခမ်းနီလေးကိုထုတ်ပြီး ဟန်ကျပန်ကျလေး ဆိုးလို့ရနိုင်တာပါပဲ။ ဒီအတွက် အကြာကြီးခံတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့နှုတ်ခမ်းနီတွေကို ဆိုးနေစရာမလိုတော့ဘူးလေ။

    နှုတ်ခမ်းနီဆိုးတဲ့ပျိုမေတွေအနေနဲ့မေ့မထားသင့်တဲ့နောက်တစ်ချက်က ညအိပ်ရာဝင်မယ်ဆိုရင် နှုတ်ခမ်းသားပေါ်က နှုတ်ခမ်းနီတွေကို ကုန်စင်အောင်ဖျက်ပစ်ပြီး နှုတ်ခမ်းသားကိုထိန်းသိမ်းပေးတဲ့ အဆီတစ်မျိုးမျိုးလူးအိပ်ပေးဖို့ပါ။ နှုတ်ခမ်းသားကိုလည်း အသားအရေထိန်းသိမ်းသလိုမျိုး ထိန်းသိမ်းမှုတွေလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ နှုတ်ခမ်းသား အစိုဓါတ်ထိန်းပေးတာမျိုးလုပ်ပေးဖို့လည်းလိုပါတယ်။နောက်တစ်ချက်က နှုတ်ခမ်းကို ခဏခဏ လျှက်တာမျိုးမလုပ်မိဖို့လည်းသတိထားပါ။ တံတွေးက နှုတ်ခမ်းသားကိုပိုမိုခြောက်သွေ့ပြီး ပျက်စီးနိုင်စေပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်ပြီး ရာသီဥတုအနေအထားနဲ့လိုက်ဖက်မယ့် နှုတ်ခမ်းနီလေးတွေကိုရွေးချယ်အသုံးပြုပြီး နှုတ်ခမ်းနီကြိုက်တဲ့လေဒီတိုင်းပြီးပြည့်စုံတဲ့အလှအပတရားကိုပိုင်ဆိုင်နိုင်စေဖို့ ဒီဆောင်းပါးလေးက အသုံးတည့်မယ်လို့လည်းထင်ပါတယ်။ အထက်ကအချက်လေးတွေကိုလိုက်လုပ်ကြည့်ရင်းဆောင်းရာသီရဲ့ အအေးဒဏ်ကိုအံတုနိုင်မယ့် နှုတ်ခမ်းလှလှလေးတွေကို ပိုင်ဆိုင်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement