backup og meta

နေလောင်ခြင်းနှင့် အသားအရေအိုမင်းရင့်ရော်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင်ခြင်းနှင့် အသားအရေအိုမင်းရင့်ရော်ခြင်း

    နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်ခြင်းနဲ့ အသားအရေအိုမင်းရင့်ရော်ခြင်း ဟာ အဖြစ်အများဆုံးသော အရေပြားပြဿနာတွေ ဖြစ်ကြပါတယ်။ အသက်ကြီးပြီး အသားအရေအိုမင်းရင့်ရော်လာတဲ့အခါ နေရောင်ကြောင့် အသားအရေထိခိုက်တာကို ပိုဆိုးလာစေပါတယ်။ ဘာလို့လဲဆိုတော့ အရေပြားက ပိုပြီးထိခိုက်လွယ်လာလို့ ဖြစ်ပါတယ်။ နေရောင်ကြောင့် အသားအရေထိခိုက်တာနဲ့ အသားအရေအိုမင်းရင့်ရော်လာတဲ့အကြောင်းကို ပိုမိုသိရှိနိုင်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

    နေလောင်ခြင်းနဲ့ပတ်သက်ပြီး သိထားသင့်သည်များ

    • နေရောင်ကြောင့် အသားအရေထိခိုက်ခြင်းဆိုတာ ဘာလဲ။

    နေမင်းကြီးရဲ့ အနွေးဓာတ်နဲ့ အလင်းဓာတ်က သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုရော၊ စိတ်ပိုင်းဆိုင်ရာခံစားမှုကိုပါ အများကြီးအကျိုးရှိစေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့လွန်းရင်လည်း သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ နေရဲ့အပူရှိန်က သင့်အရေပြားကို ခြောက်သွေ့စေပြီး သဘာဝအတိုင်း ပုံမှန်ထွက်ရှိရမယ့် အဆီတွေ ထွက်မလာနိုင်တော့ပါဘူး။ ဒါ့အပြင် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာလည်း နေလောင်ဒဏ်ကို ဖြစ်စေပြီး ရေရှည်မှာ သင့်အရေပြားရဲ့အစိတ်အပိုင်းတွေကို ထိခိုက်စေပါလိမ့်မယ်။

    • နေရောင်ကြောင့် အသားအရေထိခိုက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ပထမဆုံးခံစားရတဲ့လက္ခဏာကတော့ အသားအရေခြောက်သွေ့ခြင်းပဲ ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့လေ့မရှိတဲ့ အရေပြားအစိတ်အပိုင်းတွေက ပုံမှန်ပဲရှိနေပေမယ့် နေရောင်ခြည်နဲ့ အများဆုံးထိတွေ့ရတဲ့ အသားအရေတွေကတော့ ခြောက်သွေ့အက်ကွဲပြီး အရေတွေလည်း အနည်းငယ်တွန့်နေပါလိမ့်မယ်။ ဒါ့အပြင် ယားယံတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

    နေလောင်တာကလည်း နေရောင်ကြောင့် အသားအရေထိခိုက်ရခြင်းရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ နေလောင်တာ သိပ်မပြင်းထန်ဘူးဆိုရင် နေလောင်ထားတဲ့နေရာမှာ နီရဲပြီးနာကျင်နေပါလိမ့်မယ်။ ဒါ့အပြင် အင်္ကျီလက်၊ ဘောင်းဘီတို၊ ရေကူးဝတ်စုံ ဒါမှမဟုတ် တခြားအဝတ်တခုခုနဲ့ အုပ်ထား၊ ကာထားတာကြောင့် နေမလောင်ဘဲရှိနေတဲ့ အရေပြားနေရာနဲ့ နေလောင်ထားတဲ့နေရာကြားက နယ်နိမိတ်ကိုအထင်အရှား မြင်နေရပါလိမ့်မယ်။

    ပြင်းထန်တဲ့ နေလောင်ဒဏ်ရာတွေမှာဆိုရင် နာကျင်စေတဲ့ အရည်ကြည်ဖုတွေတောင် ထွက်လာတတ်ပြီး ပျို့အန်တာ၊ မအီမသာဖြစ်တာ ဒါမှမဟုတ် ခေါင်းမူးဝေတာမျိုးပါ ဖြစ်ပေါ်ခံစားရမှာပါ။

    ဒါ့ပြင် Actinic keratosis ဆိုတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်း ပြဿနာနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒီပြဿနာဖြစ်ရင် အရေပြားပေါ်မှာ ဝက်ခြံအရွယ်အဖုလေး အရင်ထွက်လာပါမယ်။ ယားယံတာ ဒါမှမဟုတ် အနည်းငယ်မာတင်းပြီး နာနေတာမျိုးတော့ ရှားပါတယ်။ ဖြစ်ခဲပါတယ်။

    ကာလကြာရှည်လာရင် သင့်အရေပြားမှာရှိတဲ့ collagen ဓာတ်တွေပြောင်းလဲသွားပါလိမ့်မယ်။ ဒီလိုပြောင်းလဲသွားတဲ့အခါ အရေးအကြောင်းတွေပေါ်လာတာ၊ အရေတွေတွန့်တာ၊ အရေပြားကြမ်းတမ်းလာတာ ဒါမှမဟုတ် နေရောင်ခြည်နဲ့ ထိတွေ့ခဲ့တဲ့နေရာတွေမှာ သွေးခြည်ဥလွယ်တာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။

    နေရောင်ကြောင့် အသားအရေအိုမင်းရင့်ရော်ခြင်း နဲ့ ပတ်သက်ပြီး သိထားသင့်သည်များ

  • ဘာကြောင့် ဒီပြဿနာ ဖြစ်ပွားရတာလဲ။
  • အကြောင်းရင်းခံတွေ အများကြီးရှိပါတယ်။ တချို့အကြောင်းရင်းတွေကို ထိန်းချုပ်တားဆီးလို့မရပေမယ့် တချို့အချက်တွေကိုတော့ ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။ အသားအရေအိုမင်းရင့်ရော်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုက အသက်အရွယ်ကြီးမြင့်လာခြင်း၊ အိုမင်းခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကိုပြောင်းလဲထိန်းချုပ်လို့မရနိုင်ပါဘူး။

    အရေပြားပါးလာခြင်း၊ အရေပြားခြောက်ခြင်းနဲ့ မျက်နှာမှာအရေးအကြောင်းတွေထင်လာခြင်းကို ဘယ်သူကမှတားဆီးလို့မရနိုင်ပါဘူး။ ဒါကို ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ ဖြစ်စဉ်က ထိန်းချုပ်ထားပြီး ကိုယ်တွင်းဖြစ်စဉ်ကြောင့် အိုမင်းရင့်ရော်မှု (intrinsic aging) လို့ခေါ်ပါတယ်။

    သင်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာနေထိုင်မှုပုံစံတွေကလည်း အရေပြားရဲ့ အိုမင်းရင့်ရော်မှုအပေါ်ကို သက်ရောက်မှုရှိနေပါတယ်။

    ဒီလိုမျိုး ပြင်ပဖြစ်စဉ်တွေကြောင့် အသားအရေ အိုမင်းရင့်ရော်မှုကို extrinsic aging လို့ခေါ်ပါတယ်။ ဥပမာ မကြာခဏနေလောင်ခံရတာကြောင့် အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်လာတာမျိုးပါ။

    • အသက်အရွယ်အိုမင်းခြင်းက သင့်အရေပြားအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။

    အသက်ကြီးလာတာနဲ့အမျှ သင့်အရေပြားက အရင်လို မနူးညံ့တော့ပါဘူး။ တင်းတင်းရင်းရင်း မရှိတော့ပါဘူး။ အရင်ကထက်ခြောက်သွေ့၊ ပါးလျပြီး အထိခိုက်လည်း မခံတော့ပါဘူး။ ဒါ့အပြင် သွေးကြောတွေက အရေပြားကို ကောင်းကောင်းထောက်မပေးထားနိုင်တဲ့အတွက် အလွယ်တကူသွေးခြည်ဥလာနိုင်ပါတယ်။

    ပါး၊ နားထင်၊ မေးစေ့၊ နှာခေါင်းနဲ့ မျက်စိနားတစ်ဝိုက်က အဆီတွေလည်းမရှိတော့တာကြောင့် အရေပြားတွေလည်း တွဲကျလာကာ မျက်နှာတစ်ခုလုံးချောင်ကျသွားမှာ ဖြစ်ပါတယ်။ နှာခေါင်းမှာရှိတဲ့ အရိုးနုတွေပါ ဆုံးရှုံးသွားမယ်ဆိုရင် နှာခေါင်းလည်းပုံစံပြောင်းလဲလာနိုင်ပါတယ်။

    သင် မျက်နှာအမူအရာတစ်ခုခုပြုလုပ်တဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေကို သိသာထင်ရှားစွာ မြင်နေရမှာဖြစ်ပြီး ဒီလိုမျိုးအခြေအနေဟာအသက် ၃၀ကျော်၊ ၄၀ ပတ်ချာလည်လောက်မှာ အစောဆုံးအနေနဲ့စတင် ဖြစ်ပေါ်လေ့ရှိပါတယ်။ နဖူးမှာ ကန့်လန့်ပြတ် အရေးကြောင်းတွေ၊ နားထင်၊ ပါး ဒါမှမဟုတ် ပါးစပ်နားတဝိုက်မှာ ခပ်ကွေးကွေးပုံစံရှိတဲ့ အရေးကြောင်းအသေးလေးတွေပေါ်လာမှာပဲ ဖြစ်ပါတယ်။

    သင့်အရေပြားကလည်း ကျုံ့နိုင်ဆန့်နိုင်စွမ်းနည်းပါးပြီမို့ မျက်ခုံးမွေးနဲ့ မျက်ခွံနေရာတွေကလည်း တွဲကျနေပြီ ဖြစ်ပါတယ်။

    သင့်အနေနဲ့ အသက်အရွယ်ကြီးရင့်လာတာကို ရှောင်ရှားလို့မရဘူးဆိုပေမယ့် ဒါကို နှေးကွေးသွားအောင်တော့လုပ်လို့ရတဲ့အပြင် နေရောင်ခြည်ကြောင့် ထိခိုက်မှုမရှိအောင်လည်း ရှောင်ရှားလို့ရနိုင်ပါတယ်။ နေရောင်ခြည်ကြောင့် ထိခိုက်မှုမရှိအောင် ရှောင်ရှားနိုင်တာနဲ့အမျှ သင့်အသားအရေဟာပိုလို့ကျန်းမာလာပြီးငယ်ရွယ်နုပျိုလာစေမှာပဲ ဖြစ်ပါကြောင်း။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement